Friday, December 31, 2010

စင်္ကာပူသို့


ဒီတခါ ခရီးစဉ်ကတော့  ထိုင်ပေ-စင်္ကာပူ-မလေးရှား။မလေးရှား-စင်္ကာပူ-ထိုင်ပေ။ ဒီဇင်ဘာ 14-ရက်နေ့ စင်္ကာပူရောက်၊ 17-ရက်နေ့မှ မလေးရှားကို သွားမယ်ပေါ့လေ။ ဒီတော့ကာ ဆုံချင်စိတ်ရှိနေတာနဲ့ တခါမှ အပြင်မှာ မဆုံသေးတဲ့ ဘလော့ဂါ ကိုတီကို အရင် အကြောင်းလိုက်မိတယ်။

ဘလောက်ရွာ 
မရောက်တာ ကြာပြီမို့
လာခဲ့တယ်လေ့။

စလုံးမှာ 
မောင်ဘုန်းလာမယ် ဆိုတော့
ကိုတီရေ တီ့ထိပ်ထားနှင့်
ကြိုနှင့်ကွယ်လေ့။       ။

ဒီဒွေးချိုးလေးကို စပ်လို့ပေါ့။ ကိုတီက မင်္ဂလာကိစ္စနဲ့ ရွှေပြည်ကြီးမှာ ရောက်နေပါတယ်-တဲ့။ ဒါနဲ့ ဒွေးချိုးရဲ့ နောက်ဆုံး အကြောင်းကို ပြင်လိုက်ရတယ်။  

ဘလောက်ရွာ 
မရောက်တာ ကြာပြီမို့
လာခဲ့တယ်လေ့။

စလုံးမှာ 
မောင်ဘုန်းလာမယ် ပြင်တော့
ကိုတီ့မှာ သူ့ထိပ်ထားနှင့်
ပျော်နှင့်တယ်လေ့။       ။


ငယ်တုံးကတော့ မင်္ဂလာဆောင်သတင်း ကြားရရင် သတို့သမီးကို နှမြောမိပါတယ်။ သူ့ခမျာ အရင်ကလောက် လှမှာ မဟုတ်တော့ဘူး။ အလှပျက်ရှာတော့မယ်-လို့လေ။ ခုတခါကျတော့ သတို့သားကို နှမြော နေမိပြန်တယ်။ (ကိုယ့်လူ ချောတာလဲ ပါပေမပေါ့)။ ကိုယ့်လူ အရင်ကလောက်မှ လွတ်လပ်ရေး ရပါတော့မလား-လို့ အတွေးရောက်မိပြန်တယ်။


အမျိုးသားတယောက်ရဲ့ ရင်ထဲကို ရောက်ချင်ရင်တော့ ပါးစပ်ပေါက်ကနေ ၀င်ပါ။ အမျိုးသမီးတယောက်ရဲ့ နှလုံးသားထဲကို ရောက်ချင်ရင် ဒူးထောက်ပြီး ၀င်ပါ-ဆိုတဲ့ ဆိုရိုးစကားတခုကို သတိရမိပြန်တယ်။ ကိုတီတို့ မင်္ဂလာ အခမ်းအနားအတွက် ရိုးရာဓလေ့အတိုင်း စီစဉ်ချိန်မှာ သူတို့သမီးဖက်က ဘဲ ၈-ကောင် ကြက် ၈ ကောင်ကို မမေ့ပုံ ထောက်တော့ ကိုယ့်လူ ရင်ထဲကို ရောက်ဖို့ သေချာနေပါပြီ။

ကဲ ရှိစေတော့ နောက်တခေါက်မှ ကိုတီရော တီထိပ်ထားရော ဂျူနီယာတီရော အကုန်လုံး ပေါင်းပြီး တွေ့တော့မယ်။

ဒါနဲ့ စင်္ကာပူ ဗီဇာ လျောက်ဖို့ စီစဉ်ပါတယ်။ ထိုင်ဝမ်မှာ Residence Visa ရထားသူများအဖို့ ဒီကနေ့လျောက်ရင် မနက်ဖြန် ရပါတယ်။ ဟိုဖက်က စပွန်ဆာ ဆိုသဟာတော့ လိုပေသပေါ့။

စလုံးက မိတ်ဆွေများက E-Visa လျောက်ပေးမယ်-ဆိုတော့လဲ လျောက်ပေါ့။ ဘယ်လို လျောက်လျောက် ရောက်ဖို့က အဓိကမဟုတ်လား။ ထုံးစံက အီးဗီဇာသည် တင်ပြီးလို့ ၂ ရက်ကြာရင် ပြီးရမှာ ဖြစ်ပေမယ့် ဘာအကြောင်းကြောင့်ရယ် မသိ မပြီးပါ။ အဲသဟာနဲ့ မိတ်ဆွေများက စိတ်ပူပြီးသကာလ အင်မီဂရေးရှင်းကို ဖုံးဆက်တော့ အင်တာနက်ကပို့တဲ့ ဖိုင်တွေ သူတို့ဆီ အကုန်မရောက်ပါ။ ပို့သူက withdraw -လုပ်သွားပါသဖြင့် ထပ်တင်ပါ-တဲ့။ ဆိုတော့ကာ ဒုတိယအကြိမ် ထပ်တင်ရပေသပေါ့။

ဒုတိယအကြိမ် တင်ပြန်တော့ ရှေ့က ဖိုင်တွေ မပြီးပြတ်မီ ထပ်တင်လို့- ဆိုပြီး ဒုတိယအကြိမ် တင်တဲ့ ဗီဇာက reject လုပ်ခံထိပါတယ်။ ပထမအကြိမ် တင်ထားတဲ့ ဗီဇာကိုလည်း ဆိုင်းငံ့-တဲ့။ ဟင်မ် သူတို့ပဲ ထပ်တင်ပါဆိုလို့ ထပ်တင်ရသေး။ နောက်နောင် E-Visa တင်မယ့် မိတ်ဆွေများ သတိထားဖွယ်ရာပ။

ထိုင်ဝမ်မှာရှိတဲ့ စင်္ကာပူရုံးကို လျောက်ပြန်တော့ စင်္ကာပူ အင်မီဂရေးရှင်းက ပထမအကြိမ် တင်ထားတဲ့ ဗီဇာလျောက်လွှာကို စစ်ဆေးနေဆဲ ဖြစ်ပါသဖြင့် ထုတ်မပေးနိုင်ပါ-တဲ့။ ဒါဖြင့်လဲ နေပါစေတော့။ စိတ်နှလုံး ဒုံးဒုံးချကာ 17-ရက်နေ့ကျမှ စင်္ကာပူကို ထရန်စစ်ထားကာ မလေးရှားကို သွားဖို့ စီစဉ်ရပါတော့တယ်။

ဒီဇင်ဘာ 17-ရက် ချန်ဂီကို 12နာရီမှာ ရောက်ပါတယ်။ မလေးလေယာဉ်က ညနေ 5နာရီ 20 ဆိုတော့ 5နာရီ လောက် အချိန်ဖြုန်းရပေတော့မယ်။ ကိစ္စမရှိ။ ချန်ဂီမှာ ၀ိုင်ယာလက် ဖရီးပေးသတဲ့။ ဒါနဲ့ လက်စွဲတော် ကွန်ပြူတာကို ထုတ်ပြီးသကာလ နက်တော်ကို တက်တော်မူကြည့်တော့ လားလား။ User Nameတွေ Pass Word-တွေ တောင်းပါတော့တယ်။ စင်္ကာပူမှာ သုံးတဲ့ ဖုံးနံပါတ်ဆိုတာလဲ ပါရဲ့။

အနားကို ၀န်ထမ်းတယောက်ကို ဒီမှာ နက်ကို တက်တော့ User Nameတွေ Pass Word-တွေတောင်းနေတယ်၊ ဘယ်လို လုပ်ရမလဲ-လို့ မေးတာ့

User Nameနေရာမှာ  @ဆိုတာရဲ့ ရှေ့မှာ Changi1-လို့ ရိုက်ထည့် Pass Word-နေရာမှာလဲ Changi1-လို့ ရိုက်ထည့်လိုက်ပါ-တဲ့။ သည်တော့မှပဲ နက်တော်ကို တက်တော်မူလို့ ရခဲ့ပေသကိုးဗျ။

Tuesday, November 30, 2010

အိပ်မက် သစ်ချိန်

သီချင်းအသစ်
ဖြစ်စေမယ့် ဂစ်တာအို
ငါ
လိုချင်လိုက်တာ

Thursday, November 18, 2010

မြေပဲကျွန်းရောက် ရွှေတယောက်


ရွာက ခွါခဲ့တာ အတော်ကြာခဲ့ပြီ။ ရွာမှာ အခြေချမယ်လို့ စိတ်က ဘယ်လို မှန်းခဲ့ပေမယ့် ကိုယ်က တကယ် မလှမ်းနိုင်သေး။ လှမ်းရင်း လှမ်းရင်းနှင့် ခြေလှမ်းတွေသာ ကျဲလို့ လာခဲ့သည်။ ကျဲသမှ ရွာအပြင်ဖက်ကို ရောက်သည်အထိ။ 

တလောက ရန်ကုန်မှဟု ဆိုသော မောင်မင်းကြီးသားတယောက်က Gtalk ကို လာပြီး Add သည်။ Add ပေါ့လေ။ လက်ခံလိုက်သည်။ မင်းလေးက ဘယ်မှာနေသလဲ-တဲ့။ သြော် မင်းကြီးလုပ်လာတာကြာတော့ ကိုယ့်ကို မင်းလေး အခေါ်ခံရတော့ ဘယ့်နှာပါလိမ့်ပေါ့။ ကိုယ့် အကောင့်နာမည်က မင်းလေး မဆန်ဟု တသက်လုံး ထင်ခဲ့သမျှ မောင်မင်းကြီသားနဲ့ တွေ့ခါမှ ဘုန်းကညာတပါး လုံးရာက ပြားရမယ့် အပေါက်။ ပိတ်သတ်တို့ရယ် komyintko ဆိုတဲ့ ကိုယ့်နာမည်ကို ဘယ်ဂလိုများ မင်းလေး-လို့ ထင်ရက်ပါလိမ့်။
ရွာအပြင်မှာ ရောက်နေတယ်-ဆိုတော့၊ သြော် ရွာအပြင်မှာ အင်တာနက်ရှိသလား-တဲ့။ အင်း ဘယ့်နှယ် ဆက်ပြောရမှာပါလိမ့်။ မင်းလေး ဘယ်မှာနေသလဲ၊ အတည်ပြောပါ လို့ ဆက်ပြန်သည်။ မြေပဲကျွန်းမှာ နေတာပေါ့ ဆိုတော့။မြေပဲကျွန်းဆိုတာ ဘာလဲ သိပုံမရ။ ဧရာဝတီမြစ်ထဲက မြေပဲ စိုက်သည့် ကျွန်းဟု ထင်သွားပုံရသည်။ မန္တလေးကိုလာပြီး အင်တာနက်သုံးတာလား-တဲ့။ မြေပဲကျွန်းအကြောင်း ရှင်းပြဖို့ ကြံခါ ရှိသေး။ မောင်မင်းကြီးသားက တာ့တာ ဆိုပြီး ဆင်းသွားလေပြီိ။ အထင်သေးသွားသည့် သဘော။

ဒါနဲ့ ကိုယ်နေတဲ့ မြေပဲကျွန်းကိုတော့ ကြုံသလောက် မှတ်စုလေး လုပ်ဦးမှလေ-လို့ အတွေးရောက်မိပြန်သည်။ ဘယ်က စရမှာ ပါလိမ့်။ တိုက်တိုက်ဆိုင်ဆိုင် ဆရာမက လေ့ကျင့်ခန်းအဖြစ် ကြိုတင် ပြင်ဆင်ခဲ့ရန် မှာလိုက်သည်။ ခေါင်းစဉ်က Only in Taiwan- ကိုယ့်စိတ်ထဲမှာ ထင်သလို ပြောရန်-တဲ့။ ဘယ်က စလျှင် ကောင်းလေမည်လဲ စဉ်းစားရသည်။ ကောင်မလေးတွေ ၀တ်စား ဆင်ယင်ပုံကို ပြောရရင် ကောင်းမလား။ 

မြေပဲ မလေးတွေ ၀တ်ပုံစားပုံက ရွှေပြည်ကြီးနဲ့ မတူတာတော့ အမှန်။ အထက်ရှည် အောက်တို လို့ အလွယ်ပြောရမည် ထင်သည်။ အကျီ င်္လက်ရှည် ၀တ်တာများသည်။ လက်တိုဝတ်သူ သိပ်မများ။ သူတို့ အကျီ င်္က လည်ပင်းအထိ စေ့လို့ နေသည်က များ၏။  ဤကား အထက်ရှည်တည်း။ ဘောင်းဘီရှည် ၀တ်သူ နည်း၏။ တိုတိုလေးတွေ။ စကဒတ်ကျပြန်တော့လဲ မီနီ စကဒ်ဆိုတာမျိုးကို ၀တ်ကြပြန်၏။ တခါတရံ တိုသည့် ဘောင်းဘီကို အနားများကို ခေါက်လို့ပင် ၀တ်ကြပြန်သေး၏။ အင်းးး ဒီအကြောင်းပြောပြန်ရင် ပြဿနာက နှစ်ခု။ တခုက သူတို့ အ၀တ်အစားနာမည် အခေါ်အဝေါတွေ ကိုယ်မသိ။ ဗမာလိုပင် လည်လည်ဝယ်ဝယ် မသိ။ နောက်တခုက နှာဘူး ဟု အထင်ရောက်နိုင်သည်။

သည်တော့ အကြောင်းအရာတခုကို ပြောင်းပြောဖို့ စဉ်းစားရပြန်သည်။ ဘာပြောလျှင် ကောင်းမည်လဲ။ မကြာမကြာ ဖုံးဆက်တတ်သည့် ကိုယ်မသိသော သူမတို့ အကြောင်း ပြောရင် ကောင်းမည်လား။ ကိုယ့်နံပါတ်ကို ဘယ်လိုရကြသည်မသိ။ ရမ်းသမ်းနှိပ်တာ ဖြစ်ဖို့များသည်။ ကောက်ကိုင်လိုက်တော့။ နိဟောင်-တဲ့။ သူဟောင်တော့လဲ ကိုယ်က  ပြန်ဟောင်ရတာပေါ့။ ကိုယ့်ဖက်က ဟောင်ပြီးခါ ရှိသေး။  သူမက ကွိစိ ကွစ-အသံတွေဖြင့် ခပ်သွက်သွက် ခပ်ချွဲချွဲလေး ဆိုရှာသည်။ ဘာဆိုသလဲတော့ မသိ။ ကိုယ်ကလည်း ရောက်စ ဆိုတော့ ကွိစိ ကွစက မရသေး။ ဘိုလို ပြန်မေးရသည်။ သည်တော့ “တွေ့ ပုချီ”  ဆိုပြီး ဖုံးချသွားသည်။ သြော် ဘယ့်နှာပါလိမ့်။ သူပဲ တွေ့တဲ့ ဖုံးကို ကောက်ချီပြီးမှ တွေ့ပုချီ-ဆိုတော့ ချီပေါ့ကွယ်။
တခါမဟုတ်။ တယောက်လဲ မဟုတ်။ ကွိစိ ကွစလေးတွေ နဲနဲရလာတော့ ဖုန်းများမှား ဆက်သလားမေးမိသည်။ အဲသည်တော့ ဟုတ်ဖူးတဲ့။ “ ငါ နိုင်ငံခြားသားပါကွယ်။ တရုတ်စာ သင်နေတုံးပဲ ရှိပါသေးတယ်။ ဖြေးဖြေး ပြောပါလား။” ဆိုတော့မှ “တွေ့ ပုချီ”  ဆိုကာ ဖုန်းချသွားပြန်သည်။ သည်ပုံစံက ခဏခဏ။ လူကသာ ပြောင်းသွားသည်။ တော်တော်ကြာမှ ရိပ်မိတော့သည်။ သြော် သူမတို့က သူမတို့ကိုး-လို့။ အင်းး သည်အကြောင်းပြောပြန်ပါရင်လဲ ဆရာမ မျက်နှာ ဘယ်မှာ သွားထားရမှာပါလိမ့်။ မဖြစ်သေးပါဘူး။

ကိုယ်မဖတ်တတ်သည့် Phone Massage တွေအကြောင်း ပြောလျှင်ရော။ သည်နိုင်ငံမှာက အဆန်း။ ကိုယ်မသိသူတွေဆီမှ SMS တွေ ရောက်လာတတ်သည်။ ဖတ်တတ်သူတွေ မေးကြည့်တော့ ကြော်ငြာ ဟု ဆိုသည်။ ဘာကြော်ငြာလဲ မသိ။ အင်းးးး ဒီလိုဆိုတော့လဲ ကိုယ်မှ မဖတ်တတ်သေးသည့် အကြောင်းအရာတခုကို ဘယ်လို ပြောရမှာပါလိမ့်။ ဟုတ်သေးပါဘူး။

သည်က ကလေးတွေ ဆိုင်ကယ်စီးသည့် ပုံစံ။ ဟုတ်သည်။ ဒီမှာက နွေ နွေ ဆောင်းဆောင်း အကျီ င်္ လက်ရှည် သုံးသည်။ ဆိုင်ကယ်စီးတော့ ထို အကျီ င်္ လက်ရှည်တွေကို နောက်ပြန် ၀တ်ကြသည်။ မေးကြည့်တော့ ဆောင်းတွင်းဆိုရင် ရင်ဘတ်ကို လေမတိုးအောင် နောက်ပြန်ဝတ်တာပါ-တဲ့။ နွေရာသီမှာတော့ လက်မောင်းတွေ နေလောင်မှာ စိုးလို့-တဲ့။ ဟုတ်ပေသားပဲ။ ဒါဟာ Only in Taiwan ပဲပေါ့။ နောက်တပတ် အတန်းရှေ့ထွက်ပြီး ပြောဖို့ရာ သည်အကြောင်းကိုပဲ ရွေးလိုက်တော့မည်။

Saturday, November 6, 2010

ကျွန်တော်တို့ရဲ့ ဒုတိယ အတိသယ သံယောဇဉ်




ဖေဖေ တားပေမင့် နောက်တကောင်က မထင်မှတ်ပဲ မိသားစုထဲသို့ ရောက်လာပြန်သည်။ သူရောက်လာပုံက ခပ်ဆန်းဆန်း။ တနေ့မှာ ဖေဖေက တခြားရွာသို့ ကိစ္စတခုဖြင့် သွားခဲ့သည်။ အိမ်ကို အပြန်နောက်ကျသဖြင့် တောလမ်းက ဖြတ်ပြန်ခဲ့သည်-တဲ့။ သူ့တယောက်တည်း ပြန်ခဲ့သော်လည်း သူ့စိတ်ထဲမှာ နောက်က တယောက်ယောက် လိုက်လာ နေသလို ခံစားရသည်။ ပြီးတော့ ခြေသံသဲ့သဲ့လဲ ကြားနေရသည်။ သူက ရပ်လိုက် ခြေသံသေးသေးလေးက ရပ်သွားလိုက်နှင့်။ ဆက်သွားလိုက် ခြေသံသေးသေးလေးကို ကြားလိုက်ဖြင့်။ အတော်ကြာသွားမိလို့ ဘေးဘီဝဲယာ လှည့်ကြည့်လိုက်တော့မှ မောင်မင်းကြီးသားကို တွေ့လိုက်ရသည် ဆို၏။

သူကား ဖေဖေသွားရာသို့ နောက်မှ တကောက်ကောက်လိုက်နေသူ။ သမင်ငယ်လေး တကောင်။ သူ့ဘေးမှာ သူ့မေမေတော့ မရှိ။ ဖေဖေက သူ့အနားသွားတော့ ထွက်မပြေး မျက်လုံးကလေး ကလယ်ကလယ် နှာခေါင်းလေး ပွစိ ပွစိလုပ်ကာ မော့ကြည့်သည်-တဲ့။ သူ့မေမေ သမင်မကြီးသည် မုဆိုးတို့၏ လက်ချက်ဖြင့် လောကကြီးကို မျက်ကွယ်ပြုသွားပုံရသည်။ ဖေဖေက သူ့ကို ပွေ့လိုက်တော့ မရုန်း။ အလိုက်သင့် အလျားသင့် ပါလာသည်။ သူ့ကို သည်အတိုင်း တောထဲမှာ ဆက်ထားခဲ့လျှင်လည်း အန္တရာယ်ကြား ထားခဲ့သည်နှင့် မထူး။ ဟင်းအိုးထဲ တန်းရောက်ပေတော့မည်။ သည်တော့ သူ့ကို အိမ်သို့ ခေါ်ခဲ့ရုံမှတပါး အခြားမရှိ။

သည်လိုနှင့် တောထဲက သမင်ရိုင်းတကောင် မိသားစုကြားသို့ ရောက်လို့လာသည်။ ရောက်စကတော့ ဖေဖေ့ကိုသာ စိတ်ချ လက်ချ ရှိသည် ထင်၏။ တခြားအိမ်သားတွေ သူ့ကို ကိုင်၍ မရ။ အစာကိုလည်း ကျွေးတိုင်း မစား။ ဖေဖေ ကျွေးမှ စားသည်။ ဖေဖေ့ တယောက်သာ အကိုင်အတွယ် အပွေ့အဖက်ခံသည်။ ဖေဖေ တိုက်လျှင် ထမင်းရည်ကိုပင် အားပါးတရ သောက်သည်။ ကျွန်တော်တို့ ကျွေးလျှင်မူကာ နွားနို့သော်လည်း ဟုတ်တိပတ်တိ မသောက်။ သူ့ကို ပွေ့လျှင်လည်း အသည်းအသန် ရုန်းသည်။ တဖြည်းဖြည်းကြာလာတော့မှ ယုံကြည်သွားဟန်တူသည်။ အိမ်သားတွေ သူ့ကို ကိုင်လို့ ပွေ့လို့ရသည်။ ကြာလာတော့လဲ သံယောဇဉ်က တွယ်မိပြန်သည်။
ဖေဖေကလည်း ဖေဖေမို့ အလုပ်ကပြန်လာလျှင် သူ့ကို သားသမီးအလား ပွေ့ရ ချီရသည်။ အစာလေးတွေ ရှာလာရသည်။ ကျွန်တော်တို့ကလည်း ကျောင်းကပြန်လာလျှင် ကစားကွင်းသို့ အရင်ကလောက် မရောက်တော့။ အိမ်သို့ အချိန်မှန် ပြန်ရောက်ဖြစ်တော့သည်။

ဖေဖေသည် ရွာမှာ ပထမဆုံး သမင်ပိုင်ရှင်တော့ မဟုတ်ပေ။ ဖေဖေ့အရင် လူတယောက် သမင်မွေးဖူးသည်။ သမင်ကလေး အရွယ်ရောက်ချိန်မှာ တယောက်သောသူက ရန်ကုန်သို့ ခေါ်သွားကြောင်းသိရသည်။ ခေါ်သွားသူကား အခြားမဟုတ်။ ထိုအချိန်က လယ်ယာနှင့် စိုက်ပျိုးရေးဒု-၀န်ကြီးက ဦးကျော်ထိန် ဖြစ်သည်။ ပိုင်ရှင်က မထည့်ချင်။ သို့သော် ခေါ်သူက ဒု-၀န်ကြီးဆိုတော့လည်း ဘာမျှ မပြောရဲ။ စိတ်ဆင်းရဲကြီးစွာဖြင့် ထည့်လိုက်ရသည်။ ထိုသမင်လေး ဘယ်သို့ ဘ၀နိဂုံး အဆုံးသတ်ရှာသည် မသိ။

ထိုစဉ်က ရွာသားအများစုသည် ဘောင်းဘီလက်ရှည် ၀တ်လာသူမှန်သမျှကို ကြောက်ရွံ့နေကြရသည်လေ။(ခုတော့ဖြင့် ပြောင်းလဲလေပြီလား မသိ။) တောခေါင်းဆိုသူလည်း အိမ်ကို ရောက်လာသည်။ သူလည်း ဘောင်းဘီလက်ရှည်နှင့်။ ပုလိပ်လိုလို ဘာလိုလိုကိုး။ သူက ပြောပြသည်။ သမင်သည်လည်း တောရိုင်းတိရိစ္ဆာန်ဖြစ်သည့်အတွက် သစ်တောဋ္ဌာန သက်ဆိုင်သည်။ မွေးချင်တိုင်းမွေး၍ မရ ဘာညာဖြင့် ဖြဲချောက်သည်။ အမှန်ကတော့ လက်ဖက်ရည်ဖိုးလေး ဘာလေး ရလိုရငြား ခွင်ဖန်သည့်သဘော။ တောသား ဖေဖေကလည်း အကြောမနပ်။ သည်တော့ ဇာတ်လမ်းက မပြတ်။ ထိုတောခေါင်း ရွာသို့ ရောက်လေတိုင်း လာလာ၍ ပတ်သည်။ ဒီနေ့ပဲ ခေါ်သွားမယောင်ယောင်။ နောက်တပတ်ပဲ ခေါ်သွားမယောင်ယောင်။ ပုလိပ်ကိုပဲ တိုင်ချက် ဖွင့်တော့ မယောင်ယောင်။ ဆိုတော့ ဖေ့ဖေ့မှာ မပိုင် ၀က်မွေး မဟုတ်။ မပိုင်သည့် သမင်ကို မွေးနေရသည်။

ကျွန်တော်တို့ နယ်မှာ တာဝန်ကျသည့် စိတ်ပျိုးရေးဝန်ထမ်း ကိုသန်းထွန်းက ဖေဖေနှင့် ရင်းနှီးသည်။ သူကလည်း သမင်လေးကို လိုချင်နေသည်။ မကြာမကြာ တောင်းဖူးသည်။ ဖေ့ဖေ့ စိတ်ထဲမှာ တောခေါင်းက တကယ် ခေါ်သွားမည် ဟု ယုံကြည်နေပုံရသည်။ သည်တော့ စဉ်းစားရပြီ။ တောခေါင်းဆိုသည့် ပုဂ္ဂိုလ်ကို အပ်လိုက်လျှင်တော့ နောက်နောင် ဆုံနိုင်ဖွယ် အကြောင်းမရှိ။ ကိုသန်းထွန်းလက်ထဲ ထည့်လိုက်လျှင် တောခေါင်းကလဲ ၀န်ထမ်းချင်းဖြစ်သဖြင့် ခေါ်သွားမည် မဟုတ်။ ကိုသန်းထွန်းဆီမှာ နေလျှင် ကိုယ်က မကြာ မကြာသွားတွေ့နိုင်သည်။ တခုပဲရှိသည်။ ကိုသန်းထွန်းတို့ ရုံးစိုက်သည့်နေရာက ရွာနှင့် ၃-မိုင် ကျော်ကျော်လောက်ဝေးသည့် တောထဲမှာ။ ဘာပဲဖြစ်ဖြစ် သူ့သဘာဝနဲ့ကိုက်နေတော့ သူလည်း နေပျော်မှာပါ ဟု တွေးရသည်။

သည်လိုနှင့် သမင်လေးကို ကိုသန်းထွန်းလက်ထဲ ထည့်လိုက်ဖို့ ဆုံးဖြတ်ကြရသည်။ အိမ်သားအားလုံး မျက်ရည်နှင့် မျက်ခွက်။ ဖေဖေကတော့ ပြောပါသည်။ “ဖေဖေတို့က ကိုသန်းထွန်းကို မပေးရင် တောခေါင်းက ခေါ်သွားလိမ့်မယ်။ ကိုသန်းထွန်းဆီမှာ ဆိုတော့ သတိရတဲ့အခါ သွားကြည့်လို့ရတာပေါ့” တဲ့။ ထိုစဉ်ကစက၍ ဘောင်းဘီလက်ရှည် ၀တ်ထားသူများကို မုန်းမိသည် ထင်၏။

မေမေကတော့ သမင်လေး၏ ကျောကို လက်ဖြင့်သပ်ကာ “ငါတို့ကဖြင့် နင့်ကို အကြောင်းပြုလို့ သံယောဇဉ်တွေဖြစ် မျက်ရည်တွေ ကျလို့။ နင်ကတော့ ဘာမှ မသိရှာဘူးနော်” ဟု ပြောရှာသည်။

 တကယ်တော့ မေမေထင်သလို မဟုတ်ခဲ့ပါ။ သူ့ကို ကိုသန်းထွန်းတို့ စခန်းသို့ ဖေဖေကိုယ်တိုင် လိုက်ပို့ပေးခဲ့သည်။ တရက်နှစ်ရက် အတူနေပြီးမှ ပြန်လာသည်။ ဖေဖေပြန်လာတော့ ဘာမှ မထူးခြား။ အေးအေးပဲ။ ကျွန်တော်တို့က သွားချင်ပေမယ့် ကျောင်းပိတ်ရက် မဟုတ်သေးသည်နှင့် မသွားဖြစ်။ တပတ်ကျော်လောက်ကြာမှ ဖေဖေက လိုက်ပို့မည် ဟု ဆိုသည်။ သို့သော် ကျွန်တော်တို့ သမင်လေးဆီ တော်တော်နှင့် မသွားဖြစ်ပါ။ သွားမည်ဟု ကိုသန်းထွန်းဆီ အကြောင်းလိုက်ချိန်မှာတော့ သတင်းစကားတခုက ကိုသန်းထွန်း ဆီမှ ရောက်လို့လာသည်။ သမင်လေး ဆုံးရှာပြီ။ မှတ်မှတ်ရရ ထိုနေ့က မိသားစု အားလုံး ညစာ မစားနိုင်သည့်နေ့။

ကိုသန်းထွန်းပြောပြသလောက်တော့ ဖေဖေပြန်သွားသည်မှ စ၍ သမင်ကလေးက မရွှင်တော့။ ကျွေးသည်ကိုလည်း ထိထိ မစား။ နွားနို့တိုက်လည်း မသောက်။ နို့မှုန့်ဖျော်တိုက်လည်း မသောက်။ တမှိုင်မှိုင်တတွေတွေဖြင့်။ ခုတော့ ဆုံးရှာပြီ။

ကြားဖူးသလောက်ဆိုလျှင် တောတိရိစ္ဆာန်လေးများသည် အသည်းငယ်တတ်သည်။ ကြောက်ရွံ့သည့် ဒဏ်ကိုလည်း မခံနိုင်ရှာကြ။ လွမ်းဆွတ်မှု ဒဏ်ကိုလည်း ခံနိုင်ပုံ မရကြပေ။ သခင်ဟောင်းအပေါ် ရစ်နှောင်မိသည့် သံယောဇဉ်ပမာဏက ကျွန်တော်တို့ထက် ကြီးပုံရသည်။

Thursday, November 4, 2010

အတိသယ သံယောဇဉ်



ခုတလော ဘလော့ဂါတို့ ချစ်သော အကောင်ပလောင်လေးတွေ အကြောင်း ဖတ်ရသည်။ ကြည်နူးဖွယ်ပင်။ ဘလော့ဂါမမတယောက်က သူမ၏ ချစ်သူပေးသော ကြောင်တကောင် အကြောင်း ရေးသည်။ နောက်တော့ ထိုချစ်သူပင် ပေးသော ခွေးတကောင်အကြောင်း ရေးပြန်သည်။ ခွေးကလေးအကြောင်းရေးတော့ ထိုခွေးလေးသည် Pepsi ကိုလာ ကြိုက်ကြောင်း၊ သောက်ပြီးလျှင်လည်း လေလည်သည့်အကြောင်းပါ ဖတ်ရတော့ သဘောကျမိသည်။ သူမ၏ ခွေးကလေးကို မမြင်ဖူးပဲနဲ့ လွမ်းသွားသည်။

သည်တော့ မိမိမှာ ရော ချစ်သော အကောင်ပလောင်လေးများ မရှိဘူး-တဲ့လား။ ချစ်သူပေးသော ခွေးတကောင် ကြောင်တမြီး မရှိသည်မှာတော့ သေချာသည်။ ကိုယ်ပိုင် အကောင်ပလောင်လေးတွေ မွေးဖူးပါသလား။ ငယ်စဉ်က အလွန် မွေးချင်ခဲ့သည်။ သို့သော် ဖေဖေက ခွင့်မပြုပါ။ ကျွန်တော်အမျိုးမျိုးပူဆာသည့်တိုင် ခွင့်မပြု။ ကျွန်တော့် နားနှင့် လက်လှမ်းမမီသော စကားလုံးတို့ဖြင့်သာ ဖေဖေ ရှင်းပြခဲ့သည်။ “သား-သံယောဇဉ်အပိုဆိုတာ မထားတာ အကောင်းဆုံးပဲ။ ထားမိရင် ထားမိတဲ့ သံယောဇဉ် ထူရင် ထူသလောက် ပါးရင် ပါးတဲ့အလျောက် သိပ်ဒုက္ခ ရောက်တယ်”တဲ့။

ဖေဖေသည် တချိန်က သံယောဇဉ်အပို၏ ဒုက္ခကို အတော်ခံဖူးသည် ဆို၏။ သံယောဇဉ် အပိုပေးသူကား ချစ်သူပေးသော ခွေးမဟုတ်။ ကြောင်တကောင်လည်း မဟုတ်ချေ။ ဖေဖေတို့ မိသားစု လိုအပ်ချက်အရ ဖေဖေကိုယ်တိုင် ဆွဲသွင်းလာသည့် သူ။ ဘယ်သူပါလိမ့် စာဖတ်သူ ကြားလျှင် အံ့သြလိမ့်မည် ထင်၏။

ဖေဖေ့ ဒုတိယအစ်မ အိမ်ထောင်ကျတော့ ချက်ချင်း အိမ်မခွဲသေး။ ဖေဖေတိှု့နှင့်ပင် အတူနေသည်။ အတူနေရင်းဖြင် သားဦးလေး မွေးသည်။ မွေးပြီး ရက်ပိုင်းအတွင်း မှာပင် ထိုကလေးငယ်က တိမ်းပါးသွားရှာသည်။ ဒုတိယကလေးမွေးတော ဤနည်းနှင်နှင်။ သို့ဖြင့် တတိယ ကိုယ်ဝန်လွယ်တော့ ဗေဒင်ဆရာကို မေးရလေပြီ။ ဘာများမှားသလဲ၊ ဘယ်လို လုပ်သင့်သလဲပေါ့။ ဗေဒင်ဆရာက တွက်ချက်ပြီးသကာလ ခုမွေးမည့်ကလေးကို မိခင်နို့မတိုက်ပါနှင့်-ဟု အကြံပြုသည်။ မြို့ဆိုလျှင်တော့ အကြောင်းမဟုတ်။ မိခင်နို့ မစို့ရလဲ နို့မှုန့်တိုက်၍ အဆင်ပြေနိုင်သည်ပဲ။

မဆလခေတ်ဦးပိုင်းဆိုတော့ တောခေါင်ခေါင် ချောင်ကျသည့် မိမိတို့တိုက်နယ်တွင် နို့မှုန့်ဆိုသည်မှာ အမည်မျှသာ ကြာဖူးသည့် အချိန်။ နွားမဆိုသည်ကလည်း သူကိုယ်တိုင် ကလေးရှိမှ နွားနို့ ရနိုင်သည့် အကောင်မျိုး။ သို့ဖြင့် ဖေဖေတို့ မိသားစုတွေ တိုင်ပင်ကာ တူတော်မောင် အသက်ရှင်ရေးကို ဆွေးနွေးခဲ့ကြသည်။ အဖြေကား နို့လှိုင်ရနိုင်ရေး ဆိတ်မတကောင် ၀ယ်ပေးရန်-တဲ့။ သို့ပေမင့် ကျွန်တော်တို့ နယ်မှာ ဆိတ်မွေးသည့်အလေ့က မရှိ။ သည်တော့ မိသားစုထဲမှာ တဦးတည်းသော ယောက်ျာလေးဖြစ်သည့် ဖေဖေက ဆိတ်ရှာပုံတော်ဖွင့်ရသည်။

သည်လိုဖြင့် ဖေဖေတို့ မိသားစုထဲ လိုအပ်ချက်အားလျော်စွာ ဆိတ်တကောင် ရောက်လို့လာသည်။ ဖေဖေ့ အစ်မ တတိယကလေးမွေးပြီးနောက် မိခင်နို့ မတိုက်ပဲ ဆိတ်နို့တိုက် ကြည့်တော့ ဟုတ်သည်။ ထို တတိယ ကလေးက တိမ်းပါး မသွားခဲ့။ ပထမတော့ ဆိတ်မဆီက နို့ညှစ် နို့ပုလင်းထဲ ထည့်ကာ ချိုလိမ်ဖြင့် တိုက်သည်။ ကလေးကိုလည်း ဆိတ်ဖြင့် ယဉ်ပါးအောင် ထိတွေ့ပေးသည်။ ကလေးနာမည်ကိုလဲ မောင်ဆိတ်အောင်-ဟု ကင်ပွန်းတပ်လိုက်သည်။

ကြာလာတော့ ဆိတ်မလေးကလည်း ကလေးအပေါ် သံယောဇဉ်ဖြစ်သွားသည် ထင်၏။ တနေ့တော့ ကလေးကို ပုခက်ထဲမှာ သိပ်ထားရင် အမေဖြစ်သူက ထမင်းချက်နေသည်။ အိမ်အောက်ထပ်မှာတော့ ဆိတ်တကောင်နှင့် ကလေးတယောက်သာ။ ကလေးနိုးတော့ ထုံးစံအတိုင်း အာခေါင်ခြစ်၍ ငိုသည်ပေါ့။ ကလေးငိုပေမင့် အမေဖြစ်သူက ချက်ချင်းမလာနိုင်။ “သားရေ ခဏခဏ၊ မေမေ ထမင်းအိုးငှဲ့ပြီးရင် လာခဲ့မယ်” ဟု အသံသာ လှမ်းပေးနိုင်သည်။

ခဏကြာတော့ ကလေးငိုသံက တိတ်သွားသည်။ အမေဖြစ်သူကလဲ ထမင်းအိုးငှဲ့ရင်းဆိုတော့ လာလို့က မရ။ ပုံမှန်တော့ မဟုတ်။ ခုပဲ ငို ၊ ခုပဲတိတ် ဘာများဖြစ်ပါလိမ့် ဆိုပြီး အိမ်အောက်ကို ကမန်းကတန်း ဆင်းလာတော့ ဆိတ်မလေးက ပုခက်ကို ခွလျက် သူမကိုယ်တိုင် ကလေးကို နို့တိုက်နေသည်လေ။

သည့်နောက်ပိုင်းမှာတော့ ဆိတ်မကလေးကို အားလုံးက သံယောဇဉ် ပိုသွားကြသည်။ သူကလေးကလည်း သံယောဇဉ် ပိုသည်ပင်။ ဆိတ်ဆိုသည့် အမျိုးက သူတို့ကို စားကျက်သို့ လွှတ်လျင် စားကျက်သို့ ရောက်ရောက်ချင်း ထိထိရောက်ရောက် စားသည့် အကောင်မျိုးမဟုတ်။ ယခင်နေ့က နောက်ဆုံး စားခဲ့သည့် နေရာ ရောက်အောင်သာ သွားဖို့ စိတ်စောနေသည့် အကောင်မျိုး။ ထိုနေရာသို့ ရောက်မှသာ ထိထိရောက်ရောက် စားလေ့ရှိသည်။ ပြီးလျှင် ခြေဦးတည့်ရာ ဒူးတည့်ရာကို ပြေးရင်းလွှားရင်း စားမည်။

ဖေဖေ့ ဆိတ်မလေးကတော့ သည်လို မဟုတ်။ ကလေးကို စိတ်မချသည့် ဟန်ဖြင့် ဝေးဝေးသွားသည် မရှိ။ အိမ်နှင့် အနီးဆုံးနေရာသို့သာ သွားလေ့ရှိသည်။ လူတွေက သူ့အတွက် အစာ စီစဉ်ပေးတာလဲ အကြောင်းတခု ဖြစ်မည် ထင်သည်။ သူမ အိမ်ဝင်းထဲမှာ ရှိသည့်အချိန် ကလေး ငိုသံကြားပါက အပြေးအလွှား ရောက်လာတတ်သည်။

အိမ်သားတွေက သူမကို သန့်ရှင်းရေးလုပ်ပေးရသည်။ ပြီးတော့ သူမကိုယ်တိုင် နို့တိုက်သည်လေ။ ကျွန်တော့်အဒေါ်က တခါတရံ သူ့ကို စချင်သဖြင့် ကလေးကို အိမ်ပေါ် သိပ်ထားသည်။ ပြီးတော့ အိမ်တံခါးကိုပါ ပိတ်ထားသည်။ ကလေး နိုး၍ ငိုပြီ ဆိုလျှင် သူမ ဘာများလုပ်မလဲ ပေါ့။ ကလေး ငိုသံကြားတော့ အိမ်ပေါ် တက်ပြေး၊ အိမ်တံခါးကို သူမခေါင်းဖြင့် တွန်းဖွင့်၊ မရတော့ ပါးစပ်က တပဲပဲ အော်ရင်း အိမ်ကို ပတ်ပြေးသည်-တဲ့။ ဆန္ဒပြသည့် သဘောပင်။

တခြားလူတွေက စချင်သဖြင့် ကလေးကို ရိုက်မည့် ဟန်ဖြင့် လက်ရွယ်လျှင် ထိုသူကို သူမက ခေါင်းဖြင့် ရွယ်သည်-တဲ့။ “ ရိုက်ရဲရင် ရိုက်ကြည့် ငါကလဲ နင့်ကို ခေါင်းနဲ့ ဝှေ့ မှာပေါ့” လို့ မပြောရုံ တမည်။

သည်လိုနဲ့ နေလာလိုက်တာ။ လူမှသာ သေမျိုးမဟုတ်။ ဆိတ်လဲပဲ သေမျိုးပေကိုး။ အချိန်တန်တော့ သူလဲ သူ့လမ်းသူ သွားရရှာသည်။ ကျန်ခဲ့တဲ့ သူတွေမှာသာ သူမချန်ခဲ့တဲ့ သံယောဇဉ်အကြွင်းအကျန်တွေကြားမှာ။ သူမကို တသသနှင့်။

သည်အချိန်က စလို့ ဖေဖေသည် သံယောဇဉ်အပိုအတွက် ၀န်တက်မည့် အရေးကို စိုးရွံ့ပုံရသည်။ ကျွန်တော် မွေးချင်သည့် အကောင်လေးတွေကို မွေးခွင့် မပေးခဲ့။ သံယောဇဉ်ဆိုသည်က အခက်သား။ ကိုယ်က ဘယ်လိုပင် တားပေမင့် သူတို့က ၀င်ချင်သလို ၀င်၍ ထွက်ချင်သလို ထွက်တတ်သည်လေ။ ဆီကမှ အပေါက်ရှာပြီး ၀င်ပေ ထွက်ပေဦးမည်။ သူတို့အတွက် ဘာပြင်တင်းပေါက် ဘာတံခါးပေါက်မှ မလို။ ၀င်လိုလျှင် ထွက်လိုလျှင်ထွက်။ သူ့ အလိုလို ရောက်လာတတ်သည်ကိုး။

မသိနိုင်သူ တယောက်သို့



အလွမ်းနွေကို
စမ်းရေထဲ မျှောလိုက်ချင်-တဲ့
ဟိုးအရင် တချိန်က
အတူတကွ နားဆင်
ကိုတင်လှိုင်သီချင်းသံ
ကြားလိုက်မိပြန်တော့
သူပြောသလိုပေါ့နော်
အလွမ်းနွေသာ
စမ်းရေထဲမှာ မျောသွားရင်
(တကယ်ကို)
 မျှောလိုက်ချင်ရဲ့။

Friday, October 22, 2010

ကူးယူ ဖော်ပြခြင်း

နဂါးကြီး ရဲ့ ပထ၀ီ နိုင်ငံရေး

Oct 21, 2010


အိပ်နေတဲ့.. နဂါးကြီးကို မနှိုးပါနဲ့.. ဆိုတဲ့.. ပြင်သစ် စစ်သူကြီး နပိုလီယန် ရဲ့.. သတိပေး စကား က..ခုတော့.. လွန်ခဲ့ ပေ ပြီ။ တရုတ် နဂါးကြီးက.. နိုး သွား ခဲ့ ပါပြီ။ နိုးထ လူးလွန့် လာယုံ တင် မက..အနီးအပါး က.. အာရှကျားတွေ.. ခွေးခြင်္သေ့တွေ..ရှိသမျှ..အကောင်ဗလောင် တွေ ကို .. ၀ါးမြို ဖို့ ကြိုးစား နေပေ ပြီ။ ခပ်လှမ်းလှမ်း က.. အာဖရိက..တောဆင်ရိုင်း တွေ ကို တောင်.. အလွတ်မပေး .. အခိုးအငွေ့ တွေ ထုတ်လွှတ်ပြီး.. ညှိ့ငင် ထား ပြီးပြီ။

အဲဒီ တော့ မှ.. အားလုံးက.. မျက်ကလဲ ဆန်ပြာ နဲ့.. နဂါးကြီးကို..ခြံခတ်ဖို့ ပြင်သူ က ပြင်။ တရား ဟောပြီး ဥပုပ် စောင့်ခိုင်း ဖို့ ကြိုးစားသူက ကြိုးစား..။ ဂဠုန် တွေ လင်းယုန် တွေ နဲ့..စစ်ခင်း ဖို့.. ဗိန်းဗောင်း တီးသူ တွေက..တီး..။

အဲဒီ လို တုန်း.. ဗြုန်းကနဲ.. နှုတ်ခမ်းမွေး ဆွဲ နှုတ် ခံ လိုက်ရ တဲ့.. နဂါးကြီး ကတော့ .. နော်ဝေ နိုင်ငံ ရဲ့.. နိုဘယ်ဆု ကော်မီတီ ကို သာ.. တရှူးရှူး တရှားရှားနဲ့.. မျက်စောင်း တွေ ထိုးနေ ရ လေ တော့ သည်။

တရုတ် ဒီမိုကရေစီ ရေး လှုပ်ရှားသူ လျူ ကို.. ၂၀၁၀ အတွက် ငြိမ်းချမ်းရေး နိုဘဲလ် ဆု ပေး ဖို့ ရွေးချယ် ဆုံးဖြတ် လိုက်တာ ကို.. အင်မတန် ကျေနပ် အားရ နေ မိ သည်။ ကမ္ဘာကြီး မှာ..ဒီလို ကိုယ်ကျိုးစွန့် အနစ်နာခံ ပြီး.. မြင့်မြတ်တဲ့ ယုံကြည်ချက် အတွက်..ရဲရင့်သူ တွေ ကို မှ.. ဂုဏ်မပြု ရရင်.. ဘယ်လို လူတွေ ကို သွား ပြု ရ တော့ မှာ လဲ။ ဒီ ဆုဟာ..လျူ ချည်း သက်သက် ကြောင့် မဟုတ်ပဲ.. တရုတ်ပြည် ကြီး တပြည်လုံး
နဲ့.. ဆက်စပ် နေတဲ့..ကမ္ဘာ့ အခင်းအကျင်း ကြောင့် ဆိုတာလည်း.. အားလုံး သိနေ ကြ တာပါပဲ။ အဲဒီ တော့ ရော..ဘာဖြစ် သေး သလဲ…။ သင့်တင့် လျောက်ပတ်. တဲ့..ကမ္ဘာ့ အခင်းအကျင်း တခု ကို.. ဖော်ဆောင် ဖို့…နဲ့.. လူသားတိုင်း ငတ်မွတ် တောင့်တ တဲ့..ဒီမိုကရေစီ တန်ဖိုး တခု ကို.. အရောင် တင် ပေး ဖို့.. နော်ဝေ ဆုကော်မီတီ က..လုပ်သင့် တာ ကို လုပ်လိုက် ခြင်းသာ။

တရုတ် အစိုးရ တာဝန် ရှိသူ များ ပြစ်တင် သလို.. အနောက် အုပ်စု တွေ အနေ နဲ့.. တရုတ် ရဲ့ .. တရှိန်ထိုး တိုးတက် ကြီးပွား လာနေ မူ ကို.. ကြောင့်ကြ မရှုဆိမ့် လို့.. တမင် ထိုးနှက်ခြင်း ဖြစ်တယ်…နော်ဝေ ဆုကော်မီတီ အနေနဲ့လည်း ..နိဘဲလ် ဆု ကြီးကို အသရေ ဖျက် ခြင်း ဖြစ်တယ် ဆိုတဲ့.. စကား တွေက.. မျက်စိမှိတ် ပြီး အော်နေ သလို ဖြစ်နေတာလည်း..လူ တိုင်း သိ နေ ကြ တာပါပဲ။ ဘာလို့ ဆို.. တရုတ်က..အမြဲ မျက်စိ မှိတ် အော်နေ ကျ ကိုး ။ ဒလိုင်းလားမား ကို ဆုချ ရင်လည်း အော်..။ အူရဂါ လှုပ်ရှားမူ ခေါင်းဆောင် အဘွားကြီး ကို.. အလည်ခေါ် ရင် လည်း အော်။ ကမ္ဘာ့အဆိုးယုတ် ဆိုး အာဏာရှင် တွေ ကို..အကာအကွယ် ပေး တဲ့ နေရာ မှာလည်း..မျက်စိမှိတ် ပြီးတော့ ကို.. အော်ပေး နေ တာ ပဲ မဟုတ်လား။

တကယ်တော့..ဒါတွေ ဟာ.. အုပ်စု အားစမ်းပွဲ.. စစ်အေး ပုံစံ သစ် တွေ ပါပဲ။ ဒါပေမဲ့..ဒီ တချီ ကတော့.. အရင် စစ်အေး လို..ဒုတိယ ကမ္ဘာစစ် အရှိန် မပျယ် တဲ့..အယူဝါဒ တိုက်ပွဲ သက်သက် မဟုတ်တော့ပဲ.. ကိုယ်ကျိုးစီးပွား နဲ့ ဒီမိုကရေစီ ကျင့်ဝတ် ကိစ္စတွေ က..ပို အရေးပါ လာပြီး..တကယ့် စစ်ပွဲ တခုဆီ ကိုတောင်.. ပြန်ပြီး ဦးတည် ကောင်း ဦးတည် နိုင်တယ် လို့.. ပြောဆို ခန့်မှန်း နေ ကြ လေသည်။
( လောဆယ်..စာနဲ့ ကိုက်လို့ သုံးထားတာ ..အိုလံပစ်က..ပုံဖြစ်နေတယ်..နောက်မှ ပုံထပ်ရှာပါမယ် )


တလောက.. CNN သတင်း ဆရာကြီး... Zakaria .. ရဲ့.. တွေ့ဆုံမေးမြန်းခန်း တခု ကြောင့်.. Robert D Kaplan ဆိုတဲ့.. နာမည်ကျော် ဂျာနယ်လစ် တယောက် ရဲ့.. Monsoon ဆိုတဲ့ စာအုပ် ကို.. စိတ်ဝင်စား နေ ခဲ့ မိသည်။ စာအုပ်ကတော့.. အောက်တိုဘာ ၁၉ ရက်နေ့ ( မနေ့ ကမှ..) ဆိုင်တွေ ပေါ် ရောက်သည်။ စာအုပ် မထွက်ခင် ကတည်းက.. စိတ်ဝင်စား မူ ရ နေ ကြ တာ ကလည်း..တကမ္ဘာလုံး အာရုံ စိုက် နေ တဲ့.. တရုတ် ရဲ့.. .ပထ၀ီ နိုင်ငံရေး ..စစ်ရေး အလားအလာ တွေ ကို.. သုံးသပ် ခန့် မှန်း ထားခြင်း ကြောင့် ဖြစ် တန် ရာ သည်။ နောက်ပြီး.. စာရေးသူ ကိုယ် ၌ ..က .. အမေရိကန် စစ်ရေး လုံခြုံမူဆိုင်ရာ အကြံပေး တယောက် ဖြစ်ပြီး.. ဖူကူယာမား တို့ နီးပါး လောက်.. အလေးထား ကြ တဲ့.. အနာဂတ္တိ ဆရာ တယောက် လို့ လည်း ဆိုလေ သည်။

အဲဒါနဲ့.. Monsoon ရဲ့ အကြို ..ဆောင်းပါး တပုဒ် ကို ရှာ ဖတ်ဖြစ်သည်။
ဖတ်နေရင်း... အခု ခေတ် တရုတ် ရဲ့....နယ်ပယ် အင်အား ချဲ့ထွင်မူ တွေ က.. ဟိုးယခင်.. စစ်ပြီး ခေတ်.. အနောက် အုပ်စု နဲ့..အမေရိကန် တို့ ရဲ့.. လက်ဝါးကြီးအုပ်ပုံစံနဲ့ မတူ.. တမျိုးတဘာသာ ဖြစ်နေ တာကို..သတိထား မိ လာ သည်။ ကမ္ဘာ့လူဦးရေ ရဲ့ ငါးပုံ တပုံ ရှိတဲ့..သူ့ နိုင်ငံ ကြီး အတွက်..စွမ်းအင် လုံလောက် မူ နောက်ကို လိုက် နေ တယ် လို့..ထင်စရာ ရှိ ပေမဲ့… ဒါ့ထက် ပို ကောင်း ပိုပေ လိမ့်မည်။ ဈေးကွက် ချဲ့ထွင်မူ လား..။ ဒါကတော့..ရှင်းပါသည်။ ယဉ်ကျေးမူ ဘာသာစကား ကြီးထွားလို မူ လား.. ။ အရိပ် အယောင် တွေ တော့..တွေ့ ရသည်။ အယူ ၀ါဒ ဆိုရ အောင် လည်း.. ကွန်မြူနစ် ပါတီ ကြီး လို့.. မျက်စိ မှိတ် အော် နေပေမဲ့.. ဒီမိုကရေစီ အသံ တ၀က် ပေး ပြီး..အရင်းရှင် စနစ် နောက်.. ကောက်ကောက် ပါ အောင် လိုက်နေ တာမို့.. မဖြစ်နိုင် ။ အဲဒါ တွေ အားလုံး ပေါင်းစပ် ထားတဲ့.. ရည်မှန်းချက် လည်း ဖြစ် နိုင် သည်။ သေချာ တာက တော့..ကိုယ်ကျိုးစီးပွား အလွန်အမင်း ကြည့်လို ခြင်းသာ..။ အဲဒီ အတွက် ကြောင့် လည်း..အများက..သတ်မှတ် ထား တဲ့..စံ တွေ ကို.. မျက်စိမှိတ် ငြင်းပယ် နေရတဲ့.. ဝေဖန် ထောက်ပြ စရာ တွေ နဲ့ ပြည့်နှက် လာတဲ့.. နဂါးကြီး တကောင် ဖြစ်နေ လေ တော့ သည်။

အာဖရိ က တိုက် မှာ ပဲ.. ကြည့်…။ ဆင်းရဲ မွဲတေ ပါ တယ် ဆိုတဲ့..အာဖရိက တိုက် ကြီးကို.. အနောက်နိုင်ငံ တွေက..အစိုးရ လိုက်ရော.. တယောက်ခြင်း အလိုက်ရော.. အလုံးအရင်း နဲ့.. လူသားခြင်းစာနာမူ တွေ ပြ ခဲ့ ကြ တာ..ဘယ်လောက် ကြာပြီလည်း..။ အလှူငွေ တွေ.. အစိုးရ မဟုတ်သော..အဖွဲ့ တွေ..အင် နဲ့ အားနဲ့.. ယခု တိုင် ။ အာဖရိက လည်း..ပို တိုးတက် မလာ ခဲ့.. မစည်ပင် လာခဲ့..။ အဲဒီ အချိန်မှာ..တရုတ်က တော့.. ရင်းနှီးမြုပ်နှံ မူ တွေ နဲ့.. ၀င်လာ ခဲ့ သည်။ အငြင်းပွား ဖွယ်.. အာဏာရှင် ဆူဒန် ရဲ့ ..ရေနံ သဘာဝ ဓါတ်ငွေ့ ကုန်သွယ် မူ တွေ က..စလို့.. တရုတ်..လမ်းပေါက် သွားခဲ့သည်။ ခုတော့.. အာဖရိက မြို့ကြီး တွေ ရဲ့..မွဲခြောက်ခြောက် လမ်းမ ကြီး တွေ ပေါ်မှာ.. မှန်ရောင် ပြောင်လက်လက်.. တရုတ် လက်ရာ.. အဆောက်အဦ တွေ ကို တွေ့ လာရ သလို.. အနောက်နိုင်ငံသား ဆရာဝန် တွေ..ကျန်းမာရေး လုပ်သား..ကယ်ဆယ်ရေး လုပ်သား တွေ ရဲ့ ကြားထဲ မှာ..တရုတ် အင်ဂျင်နီယာ .. ဆောက်လုပ်ရေး လုပ်သား တွေကိုပါ.. အရောင်စုံ စွာ.. တွေ့ နေ ကြ ရ တော့ သည်။

Robert D Kaplan ထောက်ပြ ထား တဲ့ အချက် တွေ ထဲ မှာ လည်း.. စိတ်ဝင်စား စရာ ကောင်းတဲ့.. တရုတ် ရဲ့.. ပါးနပ် မူ တခု ကို တွေ့ ရ ပြန် သည်။

ဒုတိယ ကမ္ဘာစစ် အရှိန် နဲ့.. ပစိဖိတ် ကျွန်းစု နိုင်ငံ တွေ ပေါ်မှာ..အမေရိက.. သြဇာ လွှမ်းမိုး နေခဲ့ တာ..၊. ဖိလစ်ပိုင်.. ဂျပန် ..တို့ မှာ ရေတပ် စခန်း တွေ ရှိ နေ တာ..၊ တောင်ကိုရီးယား..တိုင်ဝမ် ကို..စစ်ရေး ကူညီ မူ တွေ ပေး နေခဲ့တာ..၊ ဂူအမ် ကျွန်းလိုမျိုး နေရာ တော်တော် များများ ကို...အပိုင် ရ ယူ ထားတာတွေ..၊ စတဲ့.. အနေအထား တွေ ကြားထဲမှာ.. တရုတ် အနေနဲ့..သူ့ရဲ့. အသက်ရှူ ကြပ်လှ တဲ့...တောင်တရုတ် ပင်လယ် ထွက်ပေါက် ကို.. အသာ ထား ပြီး.. အိန္ဒိယ သမုဒ္ဒရာ ဖက် ဆင်း ပြီး .. ဆိပ်ကမ်း ကြီး တွေ တည် ဆောက် ဖို့ လုပ် လိုက် သည်။ ကျောက်ဖြူ မှာ.. စစ်တကောင်းမှာ.. သိရိလင်္ကာ မှာ.. ။ အမေရိကန် က...ပစိဖိတ် ကျွန်းစု ရေတပ် စစ်စခန်း တွေ နဲ့.. အလုပ်ရှုပ် နေတဲ့..အချိန် မှာ.. တရုတ် က.. အိန္ဒိယ သမုဒ္ဒရာ ထဲ မှာ စီးပွားရေး ဆိပ်ကမ်း ကြီး တွေ.. ဖွင့်လှစ် နိုင် တော့ မည်။ တရုတ် ရဲ့. ဆင်ဝှေ့ ရန်ရှောင်..ထိပ်တိုက် မတိုးပဲ.. အလိမ္မာသုံး..ဘေးက..ကွေ့ တိုက် တဲ့.. တုံ့ပြန် လုပ်ဆောင်မူ တွေကို.... asymmetrical response လို့ သုံးထား ပြီး..အမေရိကန် အနေ နဲ့ လည်း.. သူ့ထက် ပို လိမ္မာပါးနပ် တဲ့.. နည်းလမ်း တွေကို..သုံးဖို့.. ကြံစည် ကြ ရ ပေ တော့ မည်။ နီးနီးပါးပါး မြင်ရ တာ တွေထဲက.. ဂူးဂဲလ် နဲ့ ပတ်သတ်တဲ့.. ပြသာနာ တွေ.. အခု နိုဘဲလ် ဆုလို မျိုး.. တွေ။ ပြောရရင်.. အမေရိကန် နဲ့..အနောက်နိုင်ငံ တွေ ဖက် မှာ..ဒီမိုကရေစီ နဲ့..လူ့ အခွင့် အရေး ဆို တဲ့.. အကြပ်ကိုင် စရာ စကားလုံး တလုံး ရှိ နေတာ က ပင်.. အားသာမူ တခု ဖြစ်နေ သည်။ အဲဒီ့ အတွက် ကြောင့် လည်း..တရုတ် နဲ့ တကွ.. အလိုတူ အပေါင်းပါ နိုင်ငံ တချို့ က.. ဒီမိုကရေစီ ဆိုတာ ကို.. ဖုံးဖိ ငြင်းပယ် ထားလို့ မဖြစ်ဘူး ဆိုတာ..သဘော ပေါက် လာ ကြ သည်။ ခက်တာက.. သူတို့ ပြောတဲ့.. လူ့ အခွင့်အရေး နဲ့.. သူတို့ ပေး မဲ့..ဒီမို ကရေ စီ ဆိုတာ ကို တော့.. မှတ်ကျောက် တိုက် မခံ နိုင်ပါ ။ ဒီလို နဲ့ပဲ.. ကိုယ့်နည်း ကိုယ့်ဟန် ဒီမိုကရေစီ ဆို တာတွေ.. ပေါ်ထွန်းလာခဲ့ ကြ။

ဆောင်းပါး ကို ပြန်ဆက် ရရင်.. တရုတ် ရဲ့..ပထ၀ီ နိုင်ငံရေး.. ခြေလှမ်း တွေကို.. သူက..အပိုင်း ၄ ပိုင်း ခွဲ ပြီး သုံးသပ် ပြ ထားသည်။ Central Asia, Mongolia, Far East Russia, နဲ့ South East Asia လို့..ဆို ရာ မှာ.. ကိုယ်တွေ နဲ့ ပို သက်ဆိုင် တဲ့.. South East Asia ကို ပိုပြီး အာရုံ စိုက် ဖတ် ဖြစ်သည်။

ဒီဖက် နိုင်ငံ တွေ ထဲ မှာက... မြန်မာ..ဗီယက်နမ်..လာအို နဲ့..မြောက်ကိုရီးယား က လွဲရင်..ကျန်တာ တွေက..လက်ရှိ ကမ္ဘာ့ ချန်ပီယံ အမေရိကန် နှင့်.. ဆက်ဆံရေး မျှသူ များ ချည်း။ စင်ကာပူ လို ဟာ မျိုး ကတော့.. နိုင်ငံ တကာ ဆက်ဆံ ရေး မှာရော.. ရပ်တည်ချက် ပိုင်း မှာ ရော.. ဟိုလိုလို..ဒီလိုလို မို့ ထား လိုက်။ မြန်မာ ကတော့..သေချာ ပေါက်.. တရုတ် နဲ့ ပေါင်းဖက် ခဲ့ ပြီ။ ကျောက်ဖြူ မြို့ကနေ.. မြန်မာပြည် အလယ်ပိုင်း ကို.. ဖြတ်ဖောက် မဲ့.. တရုတ် အကျိုးစီးပွားပိုင်.. ဓါတ်ငွေ့ ပိုက်လိုင်း ကြီး က.. တရုတ် နဲ့ မြန်မာ ဆက်ဆံရေး ကို.. အိမ်ထောင်မူ ဘုရား တည်.. ဆေးမင်ရည် စုတ်ထိုး တာ ထက်ပင် ..ပိုပြီး ခိုင်မြဲ.. ထဲဝင် စေ တော့ မည်။ အထူးသဖြင့်.. အိန္ဒိယ နဲ့ လည်း စစ်တွေ ဆိပ်ကမ်း ဆောက်.. တရုတ်နဲ့လည်း.. ကျောက်ဖြူ ပိုက်လိုင်း ဆောက် ပြီး.. နိုင်ငံရေး ကစား နေတဲ့.. မြန်မာ က.. ဒီပြိုင်ပွဲ ကြီး ထဲ မှာ .. ဗျူဟာ မြောက် တဲ့.. အနေအထား မှာ ရှိနေ သည်။ အဲဒီ တော့ လည်း.. အမေရိကန် ကို ပါ.. ထဲ့ ကစား ယုံ။

ကျန်တဲ့..အာဆီယံ နိုင်ငံ တွေ က တော့.. တရုတ် အတွက်.. ပေါချောင်ပျက်.. စက်မူ ထွက်ကုန် ပစ္စည်း တွေ.. စုပုံ ရောင်းချ စရာ.. ဈေးကွက် ကြီး ( dumping ground လို့ သုံးထား ) ဖြစ်နေတဲ့ တချိန် တည်း မှာပဲ.... စိုက်ပျိုးရေး ထွက်ကုန် စားစရာ ကုန်ကြမ်း တွေကို.. ဈေးချို ချို နဲ့.. ရယူ နိုင် နေ သည်။

ကိုရီးယား ကျွန်းဆွယ် ဆက်ဆံ ရေး ကိုတော့.. Divide and Conquer ဗျူဟာ ကို သုံး ထား သည် ဟု.. ခပ်ရဲရဲ စွပ်စွဲ ထား လေသည်။ မြောက် ကို.. မျက်စိ မှိတ် ထောက်ခံ ပေး နေတဲ့ အချိန်မှာ ပဲ.. ကြားခံ အဖြစ်.. အမြတ်ထုတ်ရင်း..တောင် နဲ့ လည်း.. အဆက်အဆံ ကောင်း အောင် လုပ်ထား နိုင် သည်။ မြောက် ကျဆုံး သွားရင် လည်း.. သူ့ကို ပို အားကိုး ရ မည်။ ဒါမှ မဟုတ်..တောင် နဲ့..ပေါင်းစည်း သွားရင် လည်း.. တောင်-မြောက် ကိုရီးယား သစ် က..ဂျပန် ထက်..သူ့ကိုသာ.. ဆက်ဆံ စရာ ရှိ လိမ့်မည်။ ဘာ အရှုံးမှ တော့ မရှိ။

ကျွန်းစု အရေး တွေ မှာ .. တရုတ်က..အလျှော့ပေး ရသလို ရှိ နေပေ မဲ့..တဖက်က.. အမြတ်ထွက် နေ ပြန်သေး သည် ဟု..တွက်ပြ ထားသည်။ တောင် တရုတ်ပင်လယ် ထဲက.. ဂျပန် နဲ့ အငြင်းပွား နေ ကြတဲ့.. နယ်မြေ လု နေကြတဲ့..ကျွန်းစု ပြသာနာ တွေ ကြောင့်.. တရုတ် ပြည်တွင်း မှာ.. အမျိုးသား ရေး စိတ်ဓါတ် ကို မြှင့်တင် ထား နိုင် သည်။ ပထ၀ီ အနေအထား အရ.. တရုတ် ပင်လယ် နဲ့ ပို နီးကပ် တဲ့..ဂူအန် ကျွန်းကို..အမေရိကန် တွေ ပိုင်ဆိုင် ထား မူ ကလည်း..သဘာဝ မကျ တဲ့ ကိစ္စ ဖြစ်သည် ။

အဓိက ပြသာနာ ဖြစ်တဲ့..တိုင်ဝမ် ကျွန်း ကိစ္စ ကလည်း..စိတ်ဝင် စားစရာ ကောင်း လှ သည်။ တရုတ် ဖက်က.. “ One China Policy” ကို အော် ပြီး..တရုတ်လူမျိုး များ စုစည်း ညီညွှတ် ရေး ယောင်ယောင် ပြောသလို.. တိုင်ဝမ်ကို အကာအကွယ် ပေးထားတဲ့.. အမေရိကန် ဖက်က လည်း..ဒီမိုကရေစီ ကိစ္စလို့..ဆို နေ ပေမဲ့.. တကယ့်တကယ်.. ဖြစ်နေတာ က.. Unsinkable aircraft carrier လို့..အမေရိကန် ဖက်က..တင်စား ထား တဲ့..တိုင်ဝမ် ရဲ့.. ပထ၀ီ အနေအထား ပါ။ ပြောင်းလဲ လာတဲ့.. နိုင်ငံရေး အခင်းအကျင်း တွေ ကြားထဲ မှာ..တိုင်ဝမ် အစိုးရ ကိုယ်၌ က.. တရုတ် နဲ့.. ဆက်ဆံ ရေး ကောင်းဖို့ လိုလား ပြ နေတဲ့ အချိန် မှာ.. အမေရိကန် အနေနဲ့..တိုင်ဝမ်ကို ဆက် အကာအကွယ် ပေးထားစရာ အကြောင်း သိပ် မရှိ တော့ ပေ။ အကယ်လို့ သာ.. တိုင်ဝမ် ကို..အမေရိကန် ထား သွား မယ် ဆိုရင်.. ဒေသတွင်း နိုင်ငံ ငယ် တွေ ကြားထဲ.. အမေရိကန် အပေါ်..ယုံကြည်အားကိုး မူ ပျက်ပြား သွားနိုင် ပြီး.. တရုတ် သြဇာ ပဲ..အလွယ်တကူ နေရာ ယူ သွား နိုင် ပေလိမ့် မည်။

ပိုပြီး စိတ်ဝင်စား စရာ ကောင်း တာက.. လူတွေ သိပ် အာရုံ မရှိ ကြတဲ့.. Central Asia ဖက်က.. စတန် နိုင်ငံ တွေ နဲ့ ဆက်ဆံ ရေး ဖြစ်သည်။
တရုတ်မှာက .. မြန်မာ ပိုက်လိုင်း ကြီး အပြင်.. နောက်ထပ် ပိုက်လိုင်း ကြီး ၂ခု စာ..အကြံ ကြီးတွေ ရှိနေ သေး သည်။ တလောက..မငြိမ်မသက် မူ တွေ ဖြစ်တဲ့..အူရဂါ လူမျိုးစု များ နေထိုင်ရာ.. ဇင်ကျန်း ပြည်နယ် ထိ ရောက် အောင် ဖောက်လုပ် မဲ့.. ပိုက်လိုင်း ကြီး ၂ လိုင်း မှာ.. ရေနံ ပိုက် ကြီးက.. ကဇတ်ကစ္စတန် ကို ဖြတ် ဖောက် မည်။ သဘာဝ ဓါတ်ငွေ့ ပိုက်ကြီး ကိုတော့.. ဥစဘတ်ကစ္စတန် ပေါ် ပါ..ဖြတ်မည်။ ကဲ.. ပိုက်လိုင်း ကြီး တွေ နဲ့.. သိမ်းပိုက် လိုက် ပြီ ဆို မှ ဖြင့်.. ဒီ တသက်.. မခွဲ စတမ်း ပေါင်းရ ပေ တော့မည်။ လမ်းကလည်း သင့် သွားပြီ မို့....အာဖဂန်နစ္စတန် မှာ ရှိတဲ့..သတ္တုတွင်း တွေကို တောင် မျက်စိ ကျ နေ ပြန်သည် တဲ့။ အခုနေ.. အမေရိကန် နဲ့..မဟာမိတ် တပ် တွေ ကြောင့်..အာဖဂန် တည်ငြိမ် သွား ရင်.. တရုတ် အတွက် တော့.. ဇိမ်တကာ့ ဇိမ် ပါ ဗျိုဗျို ဖြစ်ပေလိမ့်မည်။

တိဗက် ကို.. မျက်စိ မှိတ် သိမ်းထား ခြင်း သည် လည်း.. နယ်ပယ် အာဏာ ချဲ့ထွင် ဖို့ သက်သက် သာ ဖြစ်လေသည်။ နယ်ချဲ့စနစ် ကား မကျဆုံး သေး ပေ။ အခု နောက်ပိုင်း လူသူ ကျဲပါး လှ တဲ့.. မွန်ဂို လီးယား ကြီး ကိုတောင်..သမိုင်း တပတ်လည် ပြီး..နယ်ချဲ့ လက်သစ် လုပ်နေတဲ့..အရိပ် အယောင် တွေ ရှိနေ သည် တဲ့။ ရုရှ ကလည်း..ဒါကို စိုးရိမ် သတဲ့။.. မြန်မာပြည်..အရှေ့ မြောက်ခြမ်း ကို.. တအိအိ တိုးဝင် လာသော.. အခြေချ နေထိုင် မူ များ ကဲ့သို့ ပင်.. မွန်ဂိုလီးယား နယ်စပ် များ ကို လည်း.. တရုတ်လူမျိုး များ..သောင်း နဲ့ ချီ ၀င်ရောက် လာ နေလေ သည်။

တလျှောက်လုံး.. ငြိမ်သက် တိတ်ဆိတ် နေခဲ့တဲ့.. တရုတ် နယ်စပ် တကျော..အာရှ အလယ်ပိုင်း နိုင်ငံ ကြီး တွေ မှာ.. အခုလို..လူတွေ..လမ်းတွေ..တံတားကြီးတွေ..ပိုက်လိုင်း ကြီး တွေ နဲ့.. သွယ်တန်း ယှက်နွယ်.. စီးပွား .. စည်ပင် လာ ခဲ့ရင်.. တရုတ်ရဲ့ ကုန်းတွင်း အင်အား ဟာ.. မခန့် မှန်းနိုင် အောင်.. ကြီးထွားလာ ပေ တော့မည်။ တရုတ် အနေ နှင့်.. အဲဒီလို အဖက်အဖက် အင်အား တည်ဆောက် နေ မူ နဲ့ အတူ..ဟန်ချက် ညီညီ.. ရေလမ်း အင်အား ( စစ်အင်အား ) ကိုပါ..တိုးချဲ့ လာ နေမူ က.. ဒေသတွင်း.. ဂျပန်..တောင်ကိုရီးယား နဲ့..အိန္ဒိယ တို့ကိုပါ.. ရေတပ် အင်အား ပြင်ဆင် လာ စေ သည်။

ရှုပ်ထွေး လာ တဲ့.. ဆက်ဆံရေး တွေ ကြား မှာ.. ပစိဖိတ် ဒေသ ပေါ်က...အမေရိကန် ရဲ့ အနေအထား..ရပ်တည်မူ တွေက.. ကြပ်တည်း လာ ပြီလား။
အကယ်လို့သာ.. အိုဘားမား အစိုးရ သစ်က...နဂို ရှိရင်းစွဲ အင်အားချိန်ခွင်လျှာ နိုင်ငံရေး အယူအဆ ကို.. ဆက်လက် မဆုပ်ကိုင် တော့ဘူး ဆိုရင်.. ဒီ ဒေသ မှာ.. တရုတ်လွှမ်းမိုး မူ ကြီး .. အလိုအလျောက် ငြိမ်းငြိမ်းချမ်းချမ်း ဖြစ် ပေါ်လာ မလား…။
ဒေသတွင်း စစ်ကျိမ်းသံ တွေ..ပို ဆူညံ လာ မလား… ။
အမေရိကန် ကိုယ်တိုင် ကရော.. ခေါင်းကနေ..အမြီးအထိ..အစာတွေ ၀ ဆူဖြိုး နေ တဲ့.. တရုတ် နဂါး ကြီး ကို.. လိုလို လားလား လွှတ်ထား ခဲ့ လေ မလား….။


( ဒီဆောင်းပါးကို ရေးဖြစ်အောင် တိုက်တွန်း သော ခင်ပွန်းသည် နှင့် အတူ... တရုတ် နဲ့ ပတ်သတ် တဲ့..တခြား..စိတ်ဝင်စား ဖွယ် ..ဖတ်စရာ မှတ်စရာ များ.. ပေးပို့ ဝေမျှ လေ့ ရှိသော.. လန်ဒန် မှ..မိတ်ဆွေ ဇနီးမောင်နှံ.. ဇီဇ၀ါ တို့ အား..ကျေးဇူး တင် လျက်... )


Ref:



ဒီနေရာက ကူးယူ ဖော်ပြပါတယ်။



Thursday, October 21, 2010

မိုး



မို့း့
ခိုတယ် ဆိုတာ
မစိုသေးသူအတွက်

အသည့်း့

Tuesday, October 19, 2010

တရုတ်စကား



Second Semester မှာတော့ ဆရာမရော Classmate တွေပါ အားလုံးနီးပါးပြောင်းကုန်သည်။ ကျားမီးလည်း ကိုးရီးယားကို ပြန်ပြီ။ ကျားဖင်လည်း နောက်ထပ် ရောက်လာသည့် Beginner ကျောင်းသားတွကို ဆက်သင်ရစ်သည်။ ကျားကျားကတော့ ရုံးခန်းမှာပဲ ရှိနေဆဲ။

2nd Semester မှာ သင်တဲ့ ဆရာမကို ကျွန်တော်ကတော့ မကျင်ဝင်း ဟု ခေါ်သည်။ တကယ်ကတော့ သူမနာမည်က သည်လို မဟုတ်ပါ။ မြန်မာလို အတိအကျ စာလုံးပေါင်းရသော် ချဲယ်န် တြင့်ဝင်န်- ဟူသတတ်။ ဗမာနားထဲမှာတော့ ချင်-ကျင့်ဝင် ဟုသာ ကြားသည်။ ချင် က First Name ဆိုတော့ ကျင့်ဝင်သည်သာ သူ့နာမည်။ သို့ပေမင့် ကျွန်တော်ကတော့ မှတ်လို့လွယ်အောင် မကျင်ဝင်းဟုသာ ခေါ်လိုက်သည်။

ဘာသာစကားတခုကို သင်လျင် လေးလကြာပါက ပြောကို ပြောရမည် ဆိုသည်မှာ မှန်လေသည်လား မဆိုနိုင်။ ပထမ သုံးလသင်တန်းတက်ပြီးနောက်တော့ ပါးစပ်က ကွစိ ကွစတွေ ထွက်တတ်လာသည်။ ကိုယ်တိုင် ယုံကြည်မှု ရှိလာတာလဲ ပါသည်။ ဆရာမ မြှောက်ပေးတာလဲပါသည်။ ဆရာမက သင်တာလဲကောင်းသည်။ စနစ်ကိုက အတော်ကောင်းည် ဆိုရမည်ထင်၏။ သည်လောက်ခက်သည့် တရုတ်စာကို စိတ်ဝင်တစားလဲဖြစ်အောင် တတ်လည်း တတ်အောင် သင်နိုင်သည်လေ။ တခုကောင်းသည်က ဆရာမ အများစုက ဘိုလို မပေါက်။ သည်တော့ ကွစိ ကွစတွေနှင့် လက်ဟန် ခြေဟန်တွေ ရောချရသည်။

ဆရာမက လှသည်ဟုတော့ မဆိုနိုင်ပါ။ မျက်ပေါက်ကျဉ်းကျဉ်း၊ တရုတ်ထဲမှာ ရှားရှားပါးပါး နှုတ်ခမ်းထူလေးနှင့်။ သူ့ကို မေးလိုက်၍ စဉ်းစားစရာရှိလျင် သူမ၏ မျက်ပေါက်ကျဉ်းကျဉ်းလေးကို မှေးကာ နှုတ်ခမ်းထူထူလေးကို စူလို့ စဉ်းစားသည်။ သူစဉ်းစားပြီဆိုလျင် သည်ပုံစံ။ သည်တော့ သူစဉ်းစားလေတိုင်း ကျွန်တော်တို့မှာ သူ့ပုံလေးကို ငေးကြည့်မိကြသည်။

ပြီးတော့ ဆရာမက အသက်ငယ်ငယ်လေးနှင့် ဆံပင်ကို ကောက်ထားတော့ အသက်ကြီသည့်ပုံစံ ပေါက်လို့နေသည်။တနေ့မှာတော့ သင်ခန်းစာ အဖြစ် ကိုယ်ပြောလိုရာ တခုခုအကြောင်းကို အများရှေးမှာ ထွက်ပြီး တယောက်ချင်း ပြောပြရမည် ဆို၏ ။ပြောသည့်အခါ ကိုယ်ပြောသည့် အကြောင်းအရာနှင့် ဆက်စပ်သည့် ဓာတ်ပုံများကို Power Point ဖြင့် စီစဉ်ခဲ့ရန်မှာလိုက်သည်။ စာသင်ခန်းထဲမှာ Projector-နှင့် သုံးကာ ပြရင်း စကားပြောရမည် ဖြစ်သည်။ သူမက နမူနာ ပြမည် ဆိုကာ သူ့အကြောင်းကို အတိုချုပ်ပြောပြသည်။ သူမ မွေးရပ်မြေက ဓာတ်ပုံလေးတွေပါသည်။ သူမငယ်ငယ်က ဓာတ်ပုံလေးတွေလဲ ပါသည်။ အဲသည်တုံးကတော့ ဆံပင်က မကောက်ရသေး။ ဆံပင် အဖြောင့်တုန်းက ပုံက ပိုလို့ ကြည့်ကောင်းသည်။ 
“ ဆရာမရယ် ဆံပင်ဖြောင့်ဖြောင့်လေးနဲ့ ကြည့်ကောင်းသားပဲ။” ဆိုတော့ လက်နှစ်ဖက်ကို ယှက်ခါ ရှေ့သို့ စန့်စန့်လေး စုံချလျက် တဖက်သော ခြေထောက်ကို နောက်သို့ မြှောက် ခေါင်းကလေးငဲ့ကာ “ တကယ်လားဟင် ! ” ဟု မေးသည်။ “ တကယ်ပေါ့။ ဘာလို့ ကောက်ပစ်ရတာလဲ”လို့မေးတော့ “ တမင်ကို လူကြီးပုံပေါက်အောင် ကောက်ထားတာလေ” တဲ့။ ဘာဖြစ်လို့လဲ ဆက်မေးတော့“ ငါ့ကို လူတော်တော်များများက ဆရာမ လို့ မထင်ကြဘူး။ ကလေးပဲ အောက်မေ့နေကြလို့-”တဲ့။ ကောင်းကြရော။

သည်လိုနဲ့ တနေ့တော့ စာကြည့်တိုက်မှ အပြန်လမ်းမှာ ဆရာမနဲ့ အမှတ်မထင် ဆုံဖြစ်သည်။ သူမနှင့် စကားပြောယင်း စာသင်ခန်းဖက်သို့ လမ်းလျောက်ဖြစ်ကြသည်။ ဘေးက ကျောင်းသားတယောက် ကျွန်တော့်ကို နိုင်ငံခြားသားမှန်း သိလေတော့ ဓာတ်ပုံ ရိုက်ချင်သည်။ အဲသည်တော့ ဆရာမကို တရုတ်လို မေးသည်လေ။ “ နင် တရုတ်စကား ပြောတတ်သလား-တဲ့။” ဆရာမကလည်း အောက်သက်သက်ပုံနဲ့ နဲနဲပါးပါးတော့ ရပါတယ်-တဲ့။ အနှီ ကျောင်းသားက ကျွန်တော့်ကို လက်ညှိုးထိုးပြီး “သူနဲ့ အတူ ဓာတ်ပုံရိုက်ချင်တယ်။ နင်ဘာသာပြန်ပေးပါ” တဲ့။ မှတ်ကရော။ ဘယ့်နှယ် တရုတ်စာသင်ပေးနေတဲ့ ဆရာမကို တရုတ်စကား ပြောတတ်သလား-တဲ့။ ဓာတ်ပုံ ရိုက်ပြီး မောင်ကျောင်းသား ထွက်သွားတော့ ဆရာမက လက်ဖမိုး နှစ်ဖက်ဖြင့် သူမခါးစောင်းသို့ စုံ ထောက်ကာ စိတ်ကောက်သည့် ပုံစံဖြင့် “ ဟင်းမ်းး တွေ့လား အဲဒါကြောင့် ငါ ဆံပင်ကို တမင် ကောက်ထားတာ။ ဒါတောင် ငါ့ကို ကလေးအောက်မေ့နေတုံးပဲ-”တဲ့။
(မောင်ကျောင်းသား အမြှောက်ကောင်းလို့လားမသိ။ 3rd Semester စတော့ ဆရာမက ဆံပင်ကို တကယ် ဖြောင့် ပစ်လိုက်သည်။)

Sunday, October 17, 2010

ရာသီလွန် အိပ်မက်

အချစ်ဆိုတာ.....
တရံတခါ
ရူးမိုက်စွာ ဆုံးဖြတ်
အဆုံးသတ်ဖို့ခွန်အား
ခပ်များများ လိုတဲ့ အကြောင်း

ငါ့
ခပ်စောစော သိဖို့ကောင်းတယ်။

Thursday, October 14, 2010

မှတ်မိသေးသမျှ အချို့သောညတွေ

ကျွန်တော်တို့က ချစ်တဲ့သူတွေ
ကျွန်တော်တို့ ဆိုတာကတော့ ကျွန်တော်တို့ ညီအစ်ကို သုံးယောက်ပါ။ အားလုံး ၀မ်းကွဲတွေ။ ကျွန်တော့်မှာ ညီအစ်ကိုရင်း မရှိလေတော့ ရှိသည့် ၀မ်းကွဲများကို အစ်ကိုအရင်းလိုရော သူငယ်ချင်းလိုရော ပေါင်းရသည်။ အကြီးဆုံးအစ်ကိုက ကိုကံဦး။ သူက သူ့ညီလေးနှင့် ၇-နှစ်ကျော်လောက် ကွာသည်။ သည်တော့ ညီလိုရော သူငယ်ချင်းလိုရော ဆိုးတိုင်ပင် ကောင်းတိုင်ပင် ပေါင်းဖို့က သူ့မှာ ကျွန်တော်မှ တပါး အခြားမရှိ။ တခြားမြို့မှာ ရှိသည့် အဒေါ်ဆုံးတော့ ထိုအဒေါ်၏ သား ကိုအောင်ဆွေဝင်းက ကိုကံဦးတို့အိမ် ရောက်လာသည်။ သည်တော့ ညီအစ်ကို သုံးယောက် တလုံးလုံး။ သွားအတူ စားအတူ။ အံ့သြစရာ ကောင်းလောက်အောင် တူသည့်အချက်များလည်း ရှိသေးသည်။

ကိုကံဦးက ကောင်မလေးတယောက်ကို ချစ်ခဲ့သည်။ သူမမှာ တစ်လုံးတည်းသော Nick Name ရှိသည်။ ပြီးတော့ ကိုကံဦးကို လုံးဝ ပြန်မချစ်။ ကိုအောင်ဆွေဝင်းကလည်း ကောင်မလေး တယောက်ကို ကြိုက်သည်။ အဲသည် ကောင်မလေးရဲ့Nick Name ကလဲ တလုံးထဲ။ သူမကလဲ ကိုအောင်ဆွေဝင်းကို စာရင်းမသွင်း။ ကျွန်တော့်ကလည်း ကောင်မလေးတယောက်ကို တဖက်သပ် ချစ်သည်။ သူမမှာလည်း တစ်လုံးတည်းသော Nick Name နှင့်။ သူမက ကျွန်တော့်ကို စိတ်ထဲမှာပင် ရှိပုံမပေါ်။ သုံးယောက်စလုံး အချစ်ဦးမှာ ဘယ်သူမှ ဈေးဦးမပေါက်။ အသည်းကွဲခြင်းသို့သာ ရောက်ခဲ့ကြလေသည်။

ခက်သည်က သုံးယောက်စလုံး ဘယ်လို ပိုးရမှန်းလဲ မသိ။ ရှောက်ပြန် သံပေး ခြေအေး ၀မ်းရောင် အဆင့်ကကို မတက်။ သည်ကိစ္စက ဆရာကောင်း လိုသည်လေ။

အချိန်တန်တော့ ကံဦးချစ်သူက ဒုရဲအုပ် တစ်ယောက်နှင့် လက်ထပ်သွားသည်။ သူ့အတွက် အိပ်ပျက်တဲ့ ညတွေ အတော်များသွားသည် ဆို၏။ ကံဦးကို ပြန်ချစ် သူနှင့် အိမ်ထောင်ပြုလိုက်လျင် သူမ၏ ဘ၀သည် သည့်ထက် ပို၍ တင့်တောင့် တင့်တယ်ဖြစ်ပေလိမ့်မည်။ သို့သော် အချစ်ဆိုသည်ကလဲ အတော် ပြောရခက်သား။ သူရို့ချစ်လျင် အားလုံး တင့်တောင့်တင့်တယ် ဖြစ်သွားသည် ထင်၏။ 

နောက်တော့ ကိုကံဦးသည် အမျိုးသမီးတယောက်နှင့် လက်ထပ်လိုက်၏။ အချစ်ကံခေသော ကိုကံဦး အိမ်ထောင်ရေးကံတော့ ကောင်းပါသည်။ သူ့ဇနီးက သူ့ကို အလွန်ချစ်သည်ကိုး။ သူတို့ လက်ထပ်ပြီး ၂-နှစ်လောက်အကြာမှာတော့ ငယ်ချစ်ဟောင်း၏ အမျိုးသားက ငှက်ဖျားဖြင့် ဆုံးပါးသွားသည်။ သည်အချိန် သည်ကာလတွေကို ကိုကံဦးတယောက် ဘယ်လိုများ ဖြတ်သန်းလွန်မြောက် ခဲ့ပါလိမ့်။ ကျွန်တော် သိချင်လှသည်။ ဟိုတုံးကထက် အိပ်ပျက်တဲ့ ညတွေ ပိုလို့ များလေမည်လား မဆိုနိုင်။

ကိုအောင်ဆွေဝင်း ကောင်မလေးက ပုလိပ်နဲ့ လက်ထပ်သွားသည်တော့ မဟုတ်ပါ။ သူ ကြည့်လို့ မရလောက်အောင် အမြင်ကတ်သည့် လူတယောက်နှင့် ပါသွားသည်။ သည့်နောက်တွင်မတော့ သူလည်း သူ့နှင့် ရင်ခုန်သံချင်းတူသူနှင့် လက်ဆက်လိုက်သည် ဆို၏။ ရင်ခုံသံတူသူချင်း ဆိုလေတော့ အိမ်ထောင်ရေး အဆင်ပြေပေလိမ့်မည်။

ကျွန်တော်တယောက်သာလျှင် အသည်းကွဲလို့ ကောင်းတုံး။ သူရို့လို အလွန်ချစ်သည့်သူနှင့် မတွေ့တာတာလဲ ဖြစ်နိုင်သည်။ ရင်ခုံသံ မတူတာလဲ ဖြစ်နိုင်သည်။ စမ်းလို့တော့ဖြင့် မကြည့်ရဲ။ သည်ကိစ္စက စိန်ခေါ်ပြီးလျှင် ဘွာခတ်လို့ ရကောင်းတာမှ မဟုတ်တာ။ အချစ်နှင့် ပတ်သက်လျှင် ကျွန်တော်က ကံဦးနှင့် ပိုလို့ တူသည် ထင်၏။ ကျွန်တော့် ချစ်သူရဲ့ Nick Name က အရောင်တခုရဲ့ အမည်။ တနေ့တော့ ကိုအောင်ဆွေဝင်းက လှမ်းလို့ သတင်းပို့သည်။ 
 
ငါ့ညီ စိတ်ကို ခိုင်ခိုင်ထား။ မောင်ရင့် ကောင်မလေး အရောင်ပြောင်းသွားပြီ။ မ(--)မဟုတ်တော့။ မ၀ါဖြစ်သွားပြီ”-တဲ့။
ငါ့အစ်ကို ဘာဆိုလိုသလဲ” မေးတော့။
ခု လင်ရသွားပြီဟ”
လင်ရတာပဲကွာ။ နာမည်က ဘာလို့ ပြောင်းသွားရတာလဲ။”
ငတုံး၊ မ၀ါ-ကို ဘိုလို အသံထွက်ပြီး ဗမာလို စဉ်းစား” ဟု ဆိုကာ ဖုန်းကို ခွပ်ကနဲ ချသွားသည်။

အ၀ါရောင်ကို ဘိုလိုအသံထွက်ကာ ဗမာလို စဉ်းစားကြည့်သည်။ ကြာကြာ မစဉ်းစားလိုက်ရပါ။ Yellow- ရဲ … အဲ… အဲ… ဟင်! သည်လိုဆိုရင်ဖြင့် သူမလဲ ပုလိပ်နဲ့ ညားသည်ပေါ့။ ရင်ထဲမှာ ပန်းသီးကြီး အခြမ်းလိုက်ကို မ၀ါးပဲ မျိုချမိသလို ခံစားလိုက်ရသည်။ သူမကို လက်လျော့ခံစဉ်ကထက် အိပ်ပျက်သော ညတွေ ပိုလို့ များသွားသည်။

ကြားရသလောက်တော့ သူ့ကောင်လေးကလည်း ဒုရဲအုပ်။ ရန်ကုန်မှာ တာဝန်ကျသည်။ တော်ပါသေးရဲ့။ သည်လိုဆိုရင်တော့ဖြင့် ငှက်ဖျားဖြစ်စရာ အကြောင်းမရှိဟု အောက်မေ့မိသည်။

စက်တင်ဘာအရေးအခင်းဖြစ်ချိန်မှာ ကျွန်တော်က ရွှေပြည်ကြီးမှာ မရှိတော့။ သူ့အမျိုးသား တာဝန်ကျသည့် မြို့နယ်အကြောင်းကို တစွန်းတစ နားစွင့်ရသည်မှာ အမော။ နှမ လင်ရတော့ မောင် ဖင်ကျိန်းသည်တဲ့။ ချစ်သူလင်ရတော့ တကိုယ်လုံး ကျိန်းတယ် ခင်ည။ မမြင်ဖူးသည့် မောင်မင်းကြီးသားကို မှန်းလို့ မေတ္တာ ပို့ရသည်။
မောင်မင်းကြီးသား ကျန်းမာပါစေ၊ ချမ်းသာပါစေ။

Saturday, July 31, 2010

ရွှေပြည်ကြီးက ပြန်ခဲ့တယ်-၃

ရပြီ ပတ်စပို့။ ဗီဇာကိုတဲ့ လျောက်တော့မယ်အယ်ဟယ်ဟယ်….။ ဆိုတော့ကာ ထိုင်ဝမ်ဗီဇာအတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြင်ဆင် နိုထရီလုပ်သင့်တာလုပ် ထုသင့်တာ အထုခံဖို့(တံဆိပ်တုံးပြောပါတယ်။) နေပြည်တော်ဖက်ကို ဦးလှည့်ရပြန်ပါတယ်။ အနည်းဆုံး ၃-ရက်ဆိုပေမယ့် အဆင်မပြေရင် နောက်သုံးရက် ထပ်ချိန်းမှာမို့ တပတ်တော့ ပေးရပြန်ဦးတော့မယ်လေ။ ( အချိန်က နဲပါတယ် ဆိုမှ။ တတ်နိုင်ဘူးပါ့လေ။ သူတို့ လက်ခုပ်ထဲက အီးလို ဖြစ်နေတာကိုး။ ရှူလိုက ရှူ နမ်းလိုက နမ်းပေါ့။)

မသွားခင်မှာ အတွေ့အကြုံ ရှိသူတဦးက မှာပါတယ်။ အဲသည်ဋ္ဌာနက လူငယ်တွေ များတယ်နော်၊ သူတို့ကို နိုင်ငံခြားပို့ဖို့ ရည်ရွယ်ထားတာဆိုတော့ အဲသည်မောင်တွေက မြောက်တောက်တောက်ရယ်။ အဆင်ပြေအောင် ကြည့်ပြော။ သူတို့ စိတ်နဲ့ မတွေ့ရင် ရစ်ပြီသာ အောက်မေ့ပေတော့။ ကာယကံရှင်ကိုယ်တိုင် လာလို့သာ-ဆိုရင်ဖြင့် မောင်ရင်တို့ ဆရာတော်ကြီး နေပြည်တော်တခွင် ရွာလည်ပြီး တိုင်ပါပတ်သွားမယ်-တဲ့။

နေပြည်တော်ကို ရောက်တော့ မြင်သည်နှင့် မထူး ကြားဖူးသည့် အတိုင်း မှန်သည်သာလျှင်တည်း-လို့ ဆိုရမှာပါ။ အိမ်ထောင်စု စာရင်းပြ-တဲ့။ ယူမသွားတော့လဲ မပြနိုင်ပေဘူးပေါ့။ ယူသွားသည့် တိုင်အောင် ဘုန်းကြီးကို အိမ်ထောင်စု စာရင်းထဲ ထည့်လို့မှ မရတာ။ စာရင်းမှာ ဘယ်လိုလုပ် ပါလိမ့်မတုံး။ ဒါနဲ့ မျက်နှာရော ဘာရော ရှိသမျှ ဥစ္စာအကုန်ချပြီးသကာလ ပြေလည်ရာ ပြေလည်ကြောင်း ပြောရပြန်တာပေါ့။ အင်းး……… ဒီလိုနဲ့ မရှောတရှော မရှူ တရှူနဲ့ ပြီးခဲ့ရော ဆိုပါတော့လေ။

နေပြည်တော်ဆီ ဦးတည်ရတာ တခေါက် တခေါက် ၆-သောင်းလောက်ပြုတ်တယ် ဆိုတာ သူတို့ သိစေချင်လိုက်တာ။ အဲသည် ၆-သောင်းက သွားစရိတ် စားစရိတ်ပါ။ တယောက်တည်း ရိပ်ပြီး လိုအပ်သည်များကို ဆောင်ရွက်ပေးရင် ကောင်းများ ကောင်းလေမလားလို့တောင် တွေးမိသေးတယ်။ မည်သူ့ကို မဆို ငွေပေး၊ ရန်မလို ဆိုတဲ့ ဆိုင်းဘုတ်ကလေးတွေကလဲ ခပ်များများပေကိုး။

ထိုင်ဝမ်ဗီဇာကို ထိုင်းမှာ သွားပြီး လျောက်ရမှာပါ။ အဲသည်တော့ ထိုင်းဗီဇာကို ရဖို့ တချိန်တည်း ကြိုးစားရပြန်ပါတယ်။ ဆရာတော်များ ၀ါဆိုဖို့ရက်က သိပ်ကို နီးနေပြီလေ။ ရန်ကုန်မှာ ရှိတဲ့ ထိုင်းသံရုံးရောက်တော့ ဆရာတော်များကြွမယ်ဆိုရင်ဖြင့် သာသနာရေးက ထောက်ခံစာပြပါ-တဲ့။ သူတို့ကလဲ တောင်းတယ် ခင်ဗျ။ ရေမြေ လိုက်တယ် ထင်ပါ့။  သူရို့ဆီမှာလို တမြို့တည်းကို သွားပြီး တရက်တည်းနဲ့ လုပ်လို့ရတယ်များ ထင်နေသလား မဆိုနိုင်ပါဘူး။ ( နေနှင့်ဦး။ ဒို့တိုင်းပြည် ရွှေခေတ်ရောက်ရင် နင်တို့တွေ ဗီဇာလျောက်တဲ့အခါ ကုလသမဂ္ဂဆီက ထောက်ခံစာ တောင်းခိုင်းမယ်။ ကိုယ်ချင်းစာတတ်အောင်ပါ။) ခုတော့ဖြင့် ပေးရပြန်ဦးတော့မယ် အချိန်တွေ ။ သာသနာရေး ထောက်ခံစာက မောင်မင်းကြီးသားများ အဆင်ပြေရင်တော့ တပတ်လောက်နဲ့ ပြီးတန်ကောင်းပါရဲ့။ မောင်မင်းကြီးသားများ ကျန်းကျန်း မာမာ ချမ်းချမ်းသာသာ ရှိကြပါစေ။

ယွတ်ယှပြေရောက် မောင်တယောက်ရဲ့ လေသံကို ဖတ်ဖူးပါတယ်။ တကယ်တော့ မြန်တွေ မျက်နှာငယ်စရာ မလိုပါ။ ငယ်သော သူများသည် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကြံဖန် ငယ်ခြင်းသာ ဖြစ်ပါ-သတဲ့။ ထို မောင် သည်အဖြစ်မျိုး ကြုံဖူး ပုံမရ။ ကြုံစေချင် စမ်းလှသည်-လို့ပဲ ဆုတောင်းပေးရ မလိုလို။ တံတားဦးကနေ မော်စကို တိုက်ရိုက် ယွန်းခဲ့ကြတာ ဖြစ်လေတော့ ဘာပြောပြော သူတို့ ယုံမှာ မဟုတ်တော့လဲ ပြောတော့ပါဘူး။ သြော် စကောလောက်မှ စောက်မနက်ရင်တောင် ဒန်အိုးဖုံးလောက်တော့ စောက် နက်ရင် ဘယ်လောက်များ ကောင်းလိုက်လေမလဲ လို့တော့ တွေးမိပါတယ်။

သည်လိုနဲ့ မြန်မာနိုင်ငံဖက် လုပ်စရာရှိတာတွေက July 9-ရက်နေ့မှ ပြီးပါတော့တယ်။ ပြီးတော့ ထိုင်းနိုင်ငံကို ယွန်းရဖို့ စီစဉ်ပေါ့။ မြန်မာသံရုံးက ထုတာကို ခံဖို့ကလဲ ရှိသေးသကိုး။ July 15ရက်နေ့ ဟိုကို ရောက်ပါရဲ့။ ရောက်တော့ ထုမယ့် အရာရှိက နယ်ဖက်ကို အစည်းအဝေးသွားပါတယ်။ နောက်တပတ် လာခဲ့ပါ-တဲ့။ ဘာမှ မတတ်နိုင်တာဆိုတော့လဲ သည်းခံပြီး စောင့်ရတာပါ့။ နောက်တပတ် ရောက်တော့ မြန်မာသံရုံးက တော်ရှာပါတယ်။ လူပုဂ္ဂိုလ်များအတွက် ဆိုရင် တပတ်လောက် အချိန်ယူပေမယ့် ဆရာတော်များရဲ့ ကိစ္စဖြစ်တဲ့အတွက် နေ့ချင်းပြီးအောင် ကြိုးစားပြီး လုပ်ပေးပါမယ်-တဲ့။ ကျေးဇူးကြီးပါပေစွ။

မောင်ရင့် ရွှေပြည်တော်အပြန်ခရီးကလဲ စိတ်မောစရာတွေပဲ သယ်ခဲ့ရသလားလို့ ပြောကြရင်ဖြင့်၊ အင်းဟင်းး….ဟင်းး………သယ်စရာ ပေါပေါလောလောဆိုလို့ ဒါပဲ ရှိတာမဟုတ်လား။ ရင်မောစရာတွေ ပြည့်နေခဲ့ပေမယ့် အဆုံးတော့လဲ မင်းသိင်္ခပြောသလို ပြီးတော့လဲ ပြီးတာပါပဲလေ-လို့ ဆိုရမလိုပါ။

ဗီဇာအတွက် စာရွက်စာတမ်း စုံပြီမို့လို့ ထိုင်းနိုင်ငံမှာ ရှိတဲ့ ထိုင်ဝမ်ရုံး(သံရုံးလို့ မသုံးပါ။ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ရုံးလို့ ခေါ်ထင်ပါရဲ့)မှာ တင်လိုက်ပါတယ်။ ရောက်ရောက်ချင်းပဲ ကြည့်ရှု စစ်ဆေးပြီးသကာလ လက်ခံဆောင်ရွက်။ ၃-ရက်ကြာတော့ ဗီဇာ လာယူတော့-တဲ့။ ကိုင်း ! ရွှေပြည်ကြီးနဲ့ ဘယ့်နှယ် ရှိစ ။

ရွှေပြည်ကြီးက မောင်မင်းကြီးသားတွေ နဲနဲလေးလောက် လျော့လိုက်ရင် သိပ်ကောင်းမှာပဲလို့ တောင့်တမိပါတယ်။ များများကြီး ဟုတ်ပါဘူးလေ။ လက်နှစ်လုံးလောက် လျော့လိုက်ရင်ကို အဆင်ပြေမှာ လို့လဲ တွေးမိပါတယ်။ မိတ်ဆွေ တယောက်ပြောပြတဲ့ ပုံပြင်တခုကို အမှတ်ရမိလို့ပါ။

တခါက အမေရိကန်တယောက်ရယ် ယွတ်ယှတယောက်ရယ် ရွှေတယောက်ရယ် ညစာစားပွဲမှာ စကားလက်ဆုံ ကျမိတယ် ဆိုပဲ။ သည်တော့ အမေရိကန်မောင်က စပြီး  ဒို့ဆီက လေဘာတီ ရုပ်တု ကြီးက သိပ်မြင့်တာ။ သူ့ထိပ်ဖျားက တိမ်တိုက်တွေရဲ့ အထက်ကို ရောက်နေတာပေါ့-လို့ ကြွားသတဲ့လေ။ မဖြစ်နိုင်တာဗျာ နည်းနည်းတော့ လျော့ပါဦးလို့ အားလုံးက ၀ိုင်းပြီး ပြောကြတော့ များများမလျော့နိုင်ဘူးဗျာ။ မိတ်ဖြစ်ဆွေဖြစ် လက်နှစ်လုံးပဲ လျော့မယ်လို့ ဆိုပါ-သတဲ့။

ကိုယွတ်ယှ အလှည့်ကျပြန်တော့ ဒို့ယွတ်ယှပြည်က ကရင်မလင်နန်းတော်ကမှ တကယ် မြင့်တာ။ သူ့ထိပ်ဖျားက မိုးကို တိုက်မိလို ဂျစ်ဂျစ် ဂျစ်ဂျစ်-လို့တောင် အသံမြည်တယ်-လို့ ဆိုပြန်သတဲ့။ မဖြစ်နိုင်တာဗျာ နည်းနည်းတော့ လျော့ပါဦးလို့ အားလုံးက ၀ိုင်းပြီး ပြောကြတော့ များများမလျော့နိုင်ဘူးဗျာ။ အမေရိကန်လျော့သလို မိတ်ဖြစ်ဆွေဖြစ် လက်နှစ်လုံးပဲ လျော့မယ်လို့ ဆိုပါ-သတဲ့။

ကိုရွှေမြန်မာကတော့ ခပ်အေးအေးပါပဲ-တဲ့။ အားလုံးက တိုက်တွန်းတော့မှ ကျွန်တော်တို့ မြန်မာအမျိုးသမီးတွေ အကြောင်းကို ခင်ဗျားတို့ ကြားရင် ယုံနိုင်စရာမရှိပါဘူး၊ ဘာလို့လဲ ဆိုတော့ မြန်မာတွေ ကလေးမွေးရင် တခြားအမျိုးသမီးတွေနဲ့ မတူဖူးဗျ။ ဖင်ကနေ မွေးတာ-လို့ ဆိုသတဲ့။ အားလုံးက မဖြစ်နိုင်တာဗျာ။ ယုံနိုင်လောက်အောင် နည်းနည်းတော့ လျော့ပြောပါ ဆိုတော့။ ဒါဆိုလဲ များများတော့ မလျော့နိုင်ဘူးဗျာ။ ခင်ဗျားတို့ လျော့သလောက် မိတ်ဖြစ်ဆွေဖြစ် ????????

ဟုတ်ကဲ့ ရွှေပြည်ကြီးက မောင်မင်းကြီးသားတွေ လက်နှစ်လုံးလောက်တော့ လျော့နိုင်ကြပါစေ လို့ပဲ ဆုတောင်းပါတယ်။ မိတ်ဖြစ်ဆွေဖြစ်ပေါ့ဗျာ။ ဟုတ်ဖူးလား။


Friday, July 30, 2010

ရွှေပြည်ကြီးက ပြန်ခဲ့တယ်(၂)

 
သံရုံးတံဆိပ်ပါတဲ့ ပင့်ဖိတ်စာ ရဖို့အရေး ဟိုဆက်သွယ် ဒီဆက်သွယ်နဲ့ တပတ်လောက်သာ အချိန်ကုန်သွားတယ် ဘာမှ အရာမရောက်။ နောက်ဆုံး Jun,15-ရက်နေ့မှာ ဟောင်ကောင်က ကောင်စစ်ဝန်ရုံးကို အကူအညီတောင်းတော့ ရှောရှာရှုရှုပါပဲ။ ရပါတယ်-တဲ့။ ပင့်ဖိတ်စာကို ပို့ပေးပြီး ရုံးကို လျောက်လွာတစောင်ကို Fax-ပို့ပေးပါဆိုလို့ ပို့လိုက်ပါတယ်။ သူတို့က လိုလိုချင်ချင် ကူညီပြီး အဲသည် ဖိတ်စာကို ရွှေပြည်ကြီးကို Jun 20-လောက် ရောက်အောင် ပို့ပေးကြပါတယ်။
 
သည်တော့ ကမ္ဘာအေးကို ချီတက်ပြီခဲ့ပါပြီ။ ရော့ မောင်ရင်တို့ တောင်းတဲ့ စာရွက်စာတမ်းတွေ၊ ပေးစမ်း ဒုဝန်ကြီးထောက်ခံစာ-လို့ လုပ်မယ်ဆိုတဲ့ အကြံနဲ့ပေါ့။ တကယ်သွားကြည့်တော့ ဟုတ်တေးဝူး-တဲ့။ ရက်စက်ပါပေ့ ကတွတ်ပီရယ်လို့သာ အော်လိုက်ချင်ရဲ့။ နိုင်ငံခြားကို ကြွမယ့်ဆရာတော်ရဲ့ ကိုယ်ရေးအကျဉ်းကို ဆရာတော်ကိုယ်တိုင် လက်မှတ်ထိုးပြီး တင်ရမယ်။ သူတို့ပြောတကတော့ တခွန်းတည်း။ လက်မှတ်ထိုးမယ့် ဆရာတော်က မန္တလေးမှာ။ အသည်းအသန် အရပ်ကူပါ ရွာဝိုင်းပါနဲ့ လုပ်ကြတော့ Jun,25 မှာ ကမ္ဘာအေးက တောင်းတဲ့ စာရွက်စာတမ်း စုံအောင် ပေးလိုက်နိုင်ပါတယ်။ သို့သော်လည်း-တဲ့ပေါ့လေ။ ဒုဝန်ကြီး ထောက်ခံစာ ရဖို့အတွက်
 
၁။ ရန်ကုန်မှာ ရှိတဲ့ ညွှန်ကြားရေးမှုး 
၂။ ဒု ညွှန်ကြားရေးမှုးချုပ်
၃။ ညွှန်ကြားရေးမှုးချုပ် စုစုပေါင်း ၃ဦး လက်မှတ်ထိုးပြီးမှ နေပြည်တော်ကို ပို့ပါ့မယ်။ 
 
အဲသည်အခါကျမှ ဒု-၀န်ကြီးက လက်မှတ်ထိုးပြီး ပေးမှာပါ-တဲ့။ ဘယ်တော့ ပို့မလဲ ဆိုတော့ အခြေအနေအရ-တဲ့။ ခဲလေသမျှ သဲရေကျတာကမှ ရှောခနဲ အသံ မြည်ပါဦးမယ်။ အမြန်ဆုံးနည်းကို ပြောပါဦးဆိုတော့မှ ကိုယ်တိုင် နေပြည်တော်ကို သွားမယ်-ဆိုရင်တော့ အမြန်ဆုံးပဲလို့ ဆိုပါတယ်။ အဲဒါနဲ့ သွားမယ်လေဆိုတော့ ခဏစောင့်ပါတဲ့။ ဒု-၀န်ကြီးနေပြည်တော်မှာ ရှိမရှိ အတိအကျ သိရအောင် ဆိုပြီး သူတို့ချင်း ဖုံးဆက်၊ ရှိပြီလို့ အတိအကျ သိရတော့မှ ဒုဝန်ကြီးနဲ့ တွေ့နိုင်မယ့် အချိန်ကို ပြောပြလို့ သူတို့ ခမျာလဲ တတ်အားသမျှ ကူညီကြပါတယ်။ ဒီလိုဆိုတော့လဲ မဆိုးပါဘူးလေလို့ နှလုံးသွင်းပြီး ဒုဝန်ကြီးနဲ့ တွေ့နိုင်မယ့် နေ့မှာ နေပြည်တော်ခရီးကို ဆက်ရပြန်ပါတယ်။ 
 
အားလုံးကို အဆင်ပြေချောမွေ့စွာ ဖြစ်မြောက်ရေး အတွက် အစွမ်းကုန် ကြိုးစားပေးပါ့မယ်လို့ သူတို့က ပြောပါတယ်။ လက်ထဲကိုတော့ ပတ်စပို့က Jun, 29-ရက်နေ့မှ ရောက်ပါတော့တယ်။ အချိန်တွေတော့ အတော်ကို ကုန်သွားတယ်။ တကယ် အလုပ်လုပ်ကြပြီ ဆိုရင် တန်ဖိုးအရှိဆုံးက အချိန်ပဲလေ။ သိုပေမယ့် သူတို့ ခမျာလဲ အစွမ်းကုန် ကြိုးစားကြဆိုပဲ။ အစွမ်းကုန်ပြီဆိုတော့လဲ။ အင်း...........

Thursday, July 29, 2010

ရွှေပြည်ကြီးက ပြန်ခဲ့တယ်။

-
-
ကိုဂျူလိုင် ဒရင်းက ထိုင်းဗီဇာအကြောင်း ရေးထားတာဖတ်မိတော့ ဆရာတော်တပါးကို ထိုင်ဝမ်ပင့်တဲ့ ခရီးစဉ် အကြောင်းကို ရေးချင်စိတ် ဖြစ်လာပါတယ်။ (ဘယ်ကစလို့ စရမှန်းမသိဖြစ်နေတဲ့ အချိန်မှာ လမ်းစဖော်ပေးတဲ့ ကိုဂျူလိုင်ကို တကယ်ပဲ ကျေးဇူးတင်ပါတယ်။)


ပထမစပြီးကြုံရတာက ပတ်စပို့ကိစ္စပါ။ ဆရာတော်တပါးကို နိုင်ငံခြား အထူးသဖြင့် ထိုင်ဝမ်လို ဗီဇာခက်တဲ့ နိုင်ငံမျိုးမှာ ပင့်မယ်ဆိုတော့ အစီအစဉ်တွေကို ကြိုတင်ပြီးချဖြစ်ပါတယ်။ July-တတိယပတ်လောက် အရောက်ပင့်မှာ ဖြစ်ပေမယ့် လိုအပ်တဲ့ စာရွက်စာတမ်းတွေကိုတော့ Aprial-လကတည်းက ပြင်ဆင်ခဲ့ပါတယ်။ ပတ်စပို့ကို ကြည့်လိုက်တော့ ၁၀-လသာသာ ကျန်ပါတော့တယ်။ ထိုင်ဝမ်မှာက မြန်မာသံရုံးမှ မရှိတာပဲ။ ဒီကတည်းက သက်တမ်းတိုးသွားတာ ကောင်းထင်ပါရဲ့လို့ ဆုံးဖြတ်မိတယ်။ ဆရာတော်ကို ရန်ကုန်ပင့် သက်တမ်းတိုးတာက May, 6-ရက်နေ့။ ကိုယ်လဲ 2-လပိုင်းမှာ သက်တမ်းတိုး 3-လပိုင်းမှာ ရထားတာဆိုတော့၊ Jun, 6-ရက်နေ့လောက်မှာ ပတ်စပို့ထွက်မှာပဲ ကြားထဲမှာ ပြင်ဆင်ချိန် ၁-လခွဲဆိုလည်း နည်းပါဘူးလေ ဆိုပြီး စိတ်ထဲမှာ အေးအေးဆေးဆေးပါပဲ။

သို့သော်လည်းတဲ့ပေါ့လေ။ Jun, 7-ရက်နေ့ ပတ်စပို့လည်း သွားပြီး ထုတ်ပါရော။ သက်ဆိုင်ရာ အရာရှိက ရဟန်းတော်များရဲ့ ပတ်စပို့ကို ဒီအတိုင်း ထုတ်မပေးတော့ပါ။ သာသနာရေးဦးစီးဋ္ဌာနက ထောက်ခံစာ ပါမှ ထုတ်ပေးပါမယ်-တဲ့။ မြတ်စွာဘုရား။ ဒုက္ခက အဲသည်မှာ စတော့တာပါ။ သည်ကနေ့တော့ ရှိပါစေတော့။ နောက်တနေ့ ကမ္ဘာအေးသာသနာရေးဦးစီးဋ္ဌာနကို သွားမိပါတယ်။ အကျိုးအကြောင်းပြောပြတော့။ ထောက်ခံစာကို ဒုဝန်ကြီးက လက်မှတ်ထိုးပါမယ်။ အဲသည် ထောက်ခံစာအတွက်

၁။ ပင့်ဖိတ်တဲ့ နိုင်ငံမှာ ရှိတဲ့ မြန်မာသံရုံးရဲ့ တံဆိပ်ပါတဲ့ ပင့်ဖိတ်စာ
၂။ မြို့နယ်သံဃာ့နာယက ထောက်ခံစာ၊
၃။ မြို့နယ် အေးချမ်းဖြိုးထောက်ခံစာ၊
၎။ မြို့နယ် ရဲစခန်းထောက်ခံစာလဲ ပါရမယ်-တဲ့။

ဘုရား ဘုရား။ နံပတ်-၁အတွက် ဘယ့်နှယ် လုပ်ရမှာပါလိမ့်။ ထိုင်ဝမ်မှာ မြန်မာသံရုံးမှ မရှိတာပဲ။ ကဲ ဖြစ်ချင်ရာဖြစ် ဆိုပြီး ထိုင်းသံရုံးကို ဖုံးဆက်ဖြစ်ပါတယ်။ ပထမ ဗမာလိုမေး မရ၊ ဘိုလိုမေး မရ။ ခပ် ခပ် ဆိုပြီး ချွဲတဲတဲ အသံပဲ ကြားနေရပါတယ်။ တော်တော်လေးခပ်ပြီးကာမှ ရွှေသံတသံ ကြားရပါတယ်။ မေးကြည့်လိုက်တော့ သံအမတ်ကြီး။ အမ် အောက်ခြေကိစ္စ သံအမတ်ကြီးနဲ့ ပြောလို့ မကောင်းသေးပါဘူးလေ။ ဆိုပြီး အောက်က ၀န်ထမ်းတယောက်ယောက်နဲ့ ပြောပါရစေ ဆိုတော့ သံအမတ်ကြီးက လိုအပ်တာ ပြောပါ၊ ကူညီပါ့မယ်-တဲ့။ နေပါစေ သံအမတ်ကြီးရယ်။ ၀န်ထမ်းငယ်တယောက်နဲ့ပြောပါ့မယ် ပြောပေမယ့် သံအမတ်ကြီးက သဘော အလွန် ကောင်းရှာပါတယ်။ အလွန်ကောင်းတော့ အကောင်းလွန်တာပေါ့။ တခါတရံမှာ အကောင်းလွန်တာလဲ အလုပ်မဖြစ်ဖူး ဆိုတာ တကယ်ကြုံမှပဲ သိရတော့တယ်။ ပြောပါ ရပါတယ်-တဲ့။ ဒါနဲ့ အကျိုးအကြောင်းပြောပြတော့ ဆရာတော်တပါးကို ထိုင်ဝမ်နိုင်ငံက ပင့်တဲ့ စာအပေါ်မှာ ထောက်ခံချက်ပေးနိုင်ပါသလား ဆိုတော့။ ရဘူး-တဲ့။ မှတ်ကရော။