Thursday, July 29, 2010

ရွှေပြည်ကြီးက ပြန်ခဲ့တယ်။

-
-
ကိုဂျူလိုင် ဒရင်းက ထိုင်းဗီဇာအကြောင်း ရေးထားတာဖတ်မိတော့ ဆရာတော်တပါးကို ထိုင်ဝမ်ပင့်တဲ့ ခရီးစဉ် အကြောင်းကို ရေးချင်စိတ် ဖြစ်လာပါတယ်။ (ဘယ်ကစလို့ စရမှန်းမသိဖြစ်နေတဲ့ အချိန်မှာ လမ်းစဖော်ပေးတဲ့ ကိုဂျူလိုင်ကို တကယ်ပဲ ကျေးဇူးတင်ပါတယ်။)


ပထမစပြီးကြုံရတာက ပတ်စပို့ကိစ္စပါ။ ဆရာတော်တပါးကို နိုင်ငံခြား အထူးသဖြင့် ထိုင်ဝမ်လို ဗီဇာခက်တဲ့ နိုင်ငံမျိုးမှာ ပင့်မယ်ဆိုတော့ အစီအစဉ်တွေကို ကြိုတင်ပြီးချဖြစ်ပါတယ်။ July-တတိယပတ်လောက် အရောက်ပင့်မှာ ဖြစ်ပေမယ့် လိုအပ်တဲ့ စာရွက်စာတမ်းတွေကိုတော့ Aprial-လကတည်းက ပြင်ဆင်ခဲ့ပါတယ်။ ပတ်စပို့ကို ကြည့်လိုက်တော့ ၁၀-လသာသာ ကျန်ပါတော့တယ်။ ထိုင်ဝမ်မှာက မြန်မာသံရုံးမှ မရှိတာပဲ။ ဒီကတည်းက သက်တမ်းတိုးသွားတာ ကောင်းထင်ပါရဲ့လို့ ဆုံးဖြတ်မိတယ်။ ဆရာတော်ကို ရန်ကုန်ပင့် သက်တမ်းတိုးတာက May, 6-ရက်နေ့။ ကိုယ်လဲ 2-လပိုင်းမှာ သက်တမ်းတိုး 3-လပိုင်းမှာ ရထားတာဆိုတော့၊ Jun, 6-ရက်နေ့လောက်မှာ ပတ်စပို့ထွက်မှာပဲ ကြားထဲမှာ ပြင်ဆင်ချိန် ၁-လခွဲဆိုလည်း နည်းပါဘူးလေ ဆိုပြီး စိတ်ထဲမှာ အေးအေးဆေးဆေးပါပဲ။

သို့သော်လည်းတဲ့ပေါ့လေ။ Jun, 7-ရက်နေ့ ပတ်စပို့လည်း သွားပြီး ထုတ်ပါရော။ သက်ဆိုင်ရာ အရာရှိက ရဟန်းတော်များရဲ့ ပတ်စပို့ကို ဒီအတိုင်း ထုတ်မပေးတော့ပါ။ သာသနာရေးဦးစီးဋ္ဌာနက ထောက်ခံစာ ပါမှ ထုတ်ပေးပါမယ်-တဲ့။ မြတ်စွာဘုရား။ ဒုက္ခက အဲသည်မှာ စတော့တာပါ။ သည်ကနေ့တော့ ရှိပါစေတော့။ နောက်တနေ့ ကမ္ဘာအေးသာသနာရေးဦးစီးဋ္ဌာနကို သွားမိပါတယ်။ အကျိုးအကြောင်းပြောပြတော့။ ထောက်ခံစာကို ဒုဝန်ကြီးက လက်မှတ်ထိုးပါမယ်။ အဲသည် ထောက်ခံစာအတွက်

၁။ ပင့်ဖိတ်တဲ့ နိုင်ငံမှာ ရှိတဲ့ မြန်မာသံရုံးရဲ့ တံဆိပ်ပါတဲ့ ပင့်ဖိတ်စာ
၂။ မြို့နယ်သံဃာ့နာယက ထောက်ခံစာ၊
၃။ မြို့နယ် အေးချမ်းဖြိုးထောက်ခံစာ၊
၎။ မြို့နယ် ရဲစခန်းထောက်ခံစာလဲ ပါရမယ်-တဲ့။

ဘုရား ဘုရား။ နံပတ်-၁အတွက် ဘယ့်နှယ် လုပ်ရမှာပါလိမ့်။ ထိုင်ဝမ်မှာ မြန်မာသံရုံးမှ မရှိတာပဲ။ ကဲ ဖြစ်ချင်ရာဖြစ် ဆိုပြီး ထိုင်းသံရုံးကို ဖုံးဆက်ဖြစ်ပါတယ်။ ပထမ ဗမာလိုမေး မရ၊ ဘိုလိုမေး မရ။ ခပ် ခပ် ဆိုပြီး ချွဲတဲတဲ အသံပဲ ကြားနေရပါတယ်။ တော်တော်လေးခပ်ပြီးကာမှ ရွှေသံတသံ ကြားရပါတယ်။ မေးကြည့်လိုက်တော့ သံအမတ်ကြီး။ အမ် အောက်ခြေကိစ္စ သံအမတ်ကြီးနဲ့ ပြောလို့ မကောင်းသေးပါဘူးလေ။ ဆိုပြီး အောက်က ၀န်ထမ်းတယောက်ယောက်နဲ့ ပြောပါရစေ ဆိုတော့ သံအမတ်ကြီးက လိုအပ်တာ ပြောပါ၊ ကူညီပါ့မယ်-တဲ့။ နေပါစေ သံအမတ်ကြီးရယ်။ ၀န်ထမ်းငယ်တယောက်နဲ့ပြောပါ့မယ် ပြောပေမယ့် သံအမတ်ကြီးက သဘော အလွန် ကောင်းရှာပါတယ်။ အလွန်ကောင်းတော့ အကောင်းလွန်တာပေါ့။ တခါတရံမှာ အကောင်းလွန်တာလဲ အလုပ်မဖြစ်ဖူး ဆိုတာ တကယ်ကြုံမှပဲ သိရတော့တယ်။ ပြောပါ ရပါတယ်-တဲ့။ ဒါနဲ့ အကျိုးအကြောင်းပြောပြတော့ ဆရာတော်တပါးကို ထိုင်ဝမ်နိုင်ငံက ပင့်တဲ့ စာအပေါ်မှာ ထောက်ခံချက်ပေးနိုင်ပါသလား ဆိုတော့။ ရဘူး-တဲ့။ မှတ်ကရော။

No comments:

Post a Comment