Thursday, November 4, 2010

အတိသယ သံယောဇဉ်



ခုတလော ဘလော့ဂါတို့ ချစ်သော အကောင်ပလောင်လေးတွေ အကြောင်း ဖတ်ရသည်။ ကြည်နူးဖွယ်ပင်။ ဘလော့ဂါမမတယောက်က သူမ၏ ချစ်သူပေးသော ကြောင်တကောင် အကြောင်း ရေးသည်။ နောက်တော့ ထိုချစ်သူပင် ပေးသော ခွေးတကောင်အကြောင်း ရေးပြန်သည်။ ခွေးကလေးအကြောင်းရေးတော့ ထိုခွေးလေးသည် Pepsi ကိုလာ ကြိုက်ကြောင်း၊ သောက်ပြီးလျှင်လည်း လေလည်သည့်အကြောင်းပါ ဖတ်ရတော့ သဘောကျမိသည်။ သူမ၏ ခွေးကလေးကို မမြင်ဖူးပဲနဲ့ လွမ်းသွားသည်။

သည်တော့ မိမိမှာ ရော ချစ်သော အကောင်ပလောင်လေးများ မရှိဘူး-တဲ့လား။ ချစ်သူပေးသော ခွေးတကောင် ကြောင်တမြီး မရှိသည်မှာတော့ သေချာသည်။ ကိုယ်ပိုင် အကောင်ပလောင်လေးတွေ မွေးဖူးပါသလား။ ငယ်စဉ်က အလွန် မွေးချင်ခဲ့သည်။ သို့သော် ဖေဖေက ခွင့်မပြုပါ။ ကျွန်တော်အမျိုးမျိုးပူဆာသည့်တိုင် ခွင့်မပြု။ ကျွန်တော့် နားနှင့် လက်လှမ်းမမီသော စကားလုံးတို့ဖြင့်သာ ဖေဖေ ရှင်းပြခဲ့သည်။ “သား-သံယောဇဉ်အပိုဆိုတာ မထားတာ အကောင်းဆုံးပဲ။ ထားမိရင် ထားမိတဲ့ သံယောဇဉ် ထူရင် ထူသလောက် ပါးရင် ပါးတဲ့အလျောက် သိပ်ဒုက္ခ ရောက်တယ်”တဲ့။

ဖေဖေသည် တချိန်က သံယောဇဉ်အပို၏ ဒုက္ခကို အတော်ခံဖူးသည် ဆို၏။ သံယောဇဉ် အပိုပေးသူကား ချစ်သူပေးသော ခွေးမဟုတ်။ ကြောင်တကောင်လည်း မဟုတ်ချေ။ ဖေဖေတို့ မိသားစု လိုအပ်ချက်အရ ဖေဖေကိုယ်တိုင် ဆွဲသွင်းလာသည့် သူ။ ဘယ်သူပါလိမ့် စာဖတ်သူ ကြားလျှင် အံ့သြလိမ့်မည် ထင်၏။

ဖေဖေ့ ဒုတိယအစ်မ အိမ်ထောင်ကျတော့ ချက်ချင်း အိမ်မခွဲသေး။ ဖေဖေတိှု့နှင့်ပင် အတူနေသည်။ အတူနေရင်းဖြင် သားဦးလေး မွေးသည်။ မွေးပြီး ရက်ပိုင်းအတွင်း မှာပင် ထိုကလေးငယ်က တိမ်းပါးသွားရှာသည်။ ဒုတိယကလေးမွေးတော ဤနည်းနှင်နှင်။ သို့ဖြင့် တတိယ ကိုယ်ဝန်လွယ်တော့ ဗေဒင်ဆရာကို မေးရလေပြီ။ ဘာများမှားသလဲ၊ ဘယ်လို လုပ်သင့်သလဲပေါ့။ ဗေဒင်ဆရာက တွက်ချက်ပြီးသကာလ ခုမွေးမည့်ကလေးကို မိခင်နို့မတိုက်ပါနှင့်-ဟု အကြံပြုသည်။ မြို့ဆိုလျှင်တော့ အကြောင်းမဟုတ်။ မိခင်နို့ မစို့ရလဲ နို့မှုန့်တိုက်၍ အဆင်ပြေနိုင်သည်ပဲ။

မဆလခေတ်ဦးပိုင်းဆိုတော့ တောခေါင်ခေါင် ချောင်ကျသည့် မိမိတို့တိုက်နယ်တွင် နို့မှုန့်ဆိုသည်မှာ အမည်မျှသာ ကြာဖူးသည့် အချိန်။ နွားမဆိုသည်ကလည်း သူကိုယ်တိုင် ကလေးရှိမှ နွားနို့ ရနိုင်သည့် အကောင်မျိုး။ သို့ဖြင့် ဖေဖေတို့ မိသားစုတွေ တိုင်ပင်ကာ တူတော်မောင် အသက်ရှင်ရေးကို ဆွေးနွေးခဲ့ကြသည်။ အဖြေကား နို့လှိုင်ရနိုင်ရေး ဆိတ်မတကောင် ၀ယ်ပေးရန်-တဲ့။ သို့ပေမင့် ကျွန်တော်တို့ နယ်မှာ ဆိတ်မွေးသည့်အလေ့က မရှိ။ သည်တော့ မိသားစုထဲမှာ တဦးတည်းသော ယောက်ျာလေးဖြစ်သည့် ဖေဖေက ဆိတ်ရှာပုံတော်ဖွင့်ရသည်။

သည်လိုဖြင့် ဖေဖေတို့ မိသားစုထဲ လိုအပ်ချက်အားလျော်စွာ ဆိတ်တကောင် ရောက်လို့လာသည်။ ဖေဖေ့ အစ်မ တတိယကလေးမွေးပြီးနောက် မိခင်နို့ မတိုက်ပဲ ဆိတ်နို့တိုက် ကြည့်တော့ ဟုတ်သည်။ ထို တတိယ ကလေးက တိမ်းပါး မသွားခဲ့။ ပထမတော့ ဆိတ်မဆီက နို့ညှစ် နို့ပုလင်းထဲ ထည့်ကာ ချိုလိမ်ဖြင့် တိုက်သည်။ ကလေးကိုလည်း ဆိတ်ဖြင့် ယဉ်ပါးအောင် ထိတွေ့ပေးသည်။ ကလေးနာမည်ကိုလဲ မောင်ဆိတ်အောင်-ဟု ကင်ပွန်းတပ်လိုက်သည်။

ကြာလာတော့ ဆိတ်မလေးကလည်း ကလေးအပေါ် သံယောဇဉ်ဖြစ်သွားသည် ထင်၏။ တနေ့တော့ ကလေးကို ပုခက်ထဲမှာ သိပ်ထားရင် အမေဖြစ်သူက ထမင်းချက်နေသည်။ အိမ်အောက်ထပ်မှာတော့ ဆိတ်တကောင်နှင့် ကလေးတယောက်သာ။ ကလေးနိုးတော့ ထုံးစံအတိုင်း အာခေါင်ခြစ်၍ ငိုသည်ပေါ့။ ကလေးငိုပေမင့် အမေဖြစ်သူက ချက်ချင်းမလာနိုင်။ “သားရေ ခဏခဏ၊ မေမေ ထမင်းအိုးငှဲ့ပြီးရင် လာခဲ့မယ်” ဟု အသံသာ လှမ်းပေးနိုင်သည်။

ခဏကြာတော့ ကလေးငိုသံက တိတ်သွားသည်။ အမေဖြစ်သူကလဲ ထမင်းအိုးငှဲ့ရင်းဆိုတော့ လာလို့က မရ။ ပုံမှန်တော့ မဟုတ်။ ခုပဲ ငို ၊ ခုပဲတိတ် ဘာများဖြစ်ပါလိမ့် ဆိုပြီး အိမ်အောက်ကို ကမန်းကတန်း ဆင်းလာတော့ ဆိတ်မလေးက ပုခက်ကို ခွလျက် သူမကိုယ်တိုင် ကလေးကို နို့တိုက်နေသည်လေ။

သည့်နောက်ပိုင်းမှာတော့ ဆိတ်မကလေးကို အားလုံးက သံယောဇဉ် ပိုသွားကြသည်။ သူကလေးကလည်း သံယောဇဉ် ပိုသည်ပင်။ ဆိတ်ဆိုသည့် အမျိုးက သူတို့ကို စားကျက်သို့ လွှတ်လျင် စားကျက်သို့ ရောက်ရောက်ချင်း ထိထိရောက်ရောက် စားသည့် အကောင်မျိုးမဟုတ်။ ယခင်နေ့က နောက်ဆုံး စားခဲ့သည့် နေရာ ရောက်အောင်သာ သွားဖို့ စိတ်စောနေသည့် အကောင်မျိုး။ ထိုနေရာသို့ ရောက်မှသာ ထိထိရောက်ရောက် စားလေ့ရှိသည်။ ပြီးလျှင် ခြေဦးတည့်ရာ ဒူးတည့်ရာကို ပြေးရင်းလွှားရင်း စားမည်။

ဖေဖေ့ ဆိတ်မလေးကတော့ သည်လို မဟုတ်။ ကလေးကို စိတ်မချသည့် ဟန်ဖြင့် ဝေးဝေးသွားသည် မရှိ။ အိမ်နှင့် အနီးဆုံးနေရာသို့သာ သွားလေ့ရှိသည်။ လူတွေက သူ့အတွက် အစာ စီစဉ်ပေးတာလဲ အကြောင်းတခု ဖြစ်မည် ထင်သည်။ သူမ အိမ်ဝင်းထဲမှာ ရှိသည့်အချိန် ကလေး ငိုသံကြားပါက အပြေးအလွှား ရောက်လာတတ်သည်။

အိမ်သားတွေက သူမကို သန့်ရှင်းရေးလုပ်ပေးရသည်။ ပြီးတော့ သူမကိုယ်တိုင် နို့တိုက်သည်လေ။ ကျွန်တော့်အဒေါ်က တခါတရံ သူ့ကို စချင်သဖြင့် ကလေးကို အိမ်ပေါ် သိပ်ထားသည်။ ပြီးတော့ အိမ်တံခါးကိုပါ ပိတ်ထားသည်။ ကလေး နိုး၍ ငိုပြီ ဆိုလျှင် သူမ ဘာများလုပ်မလဲ ပေါ့။ ကလေး ငိုသံကြားတော့ အိမ်ပေါ် တက်ပြေး၊ အိမ်တံခါးကို သူမခေါင်းဖြင့် တွန်းဖွင့်၊ မရတော့ ပါးစပ်က တပဲပဲ အော်ရင်း အိမ်ကို ပတ်ပြေးသည်-တဲ့။ ဆန္ဒပြသည့် သဘောပင်။

တခြားလူတွေက စချင်သဖြင့် ကလေးကို ရိုက်မည့် ဟန်ဖြင့် လက်ရွယ်လျှင် ထိုသူကို သူမက ခေါင်းဖြင့် ရွယ်သည်-တဲ့။ “ ရိုက်ရဲရင် ရိုက်ကြည့် ငါကလဲ နင့်ကို ခေါင်းနဲ့ ဝှေ့ မှာပေါ့” လို့ မပြောရုံ တမည်။

သည်လိုနဲ့ နေလာလိုက်တာ။ လူမှသာ သေမျိုးမဟုတ်။ ဆိတ်လဲပဲ သေမျိုးပေကိုး။ အချိန်တန်တော့ သူလဲ သူ့လမ်းသူ သွားရရှာသည်။ ကျန်ခဲ့တဲ့ သူတွေမှာသာ သူမချန်ခဲ့တဲ့ သံယောဇဉ်အကြွင်းအကျန်တွေကြားမှာ။ သူမကို တသသနှင့်။

သည်အချိန်က စလို့ ဖေဖေသည် သံယောဇဉ်အပိုအတွက် ၀န်တက်မည့် အရေးကို စိုးရွံ့ပုံရသည်။ ကျွန်တော် မွေးချင်သည့် အကောင်လေးတွေကို မွေးခွင့် မပေးခဲ့။ သံယောဇဉ်ဆိုသည်က အခက်သား။ ကိုယ်က ဘယ်လိုပင် တားပေမင့် သူတို့က ၀င်ချင်သလို ၀င်၍ ထွက်ချင်သလို ထွက်တတ်သည်လေ။ ဆီကမှ အပေါက်ရှာပြီး ၀င်ပေ ထွက်ပေဦးမည်။ သူတို့အတွက် ဘာပြင်တင်းပေါက် ဘာတံခါးပေါက်မှ မလို။ ၀င်လိုလျှင် ထွက်လိုလျှင်ထွက်။ သူ့ အလိုလို ရောက်လာတတ်သည်ကိုး။

No comments:

Post a Comment