Saturday, November 6, 2010

ကျွန်တော်တို့ရဲ့ ဒုတိယ အတိသယ သံယောဇဉ်




ဖေဖေ တားပေမင့် နောက်တကောင်က မထင်မှတ်ပဲ မိသားစုထဲသို့ ရောက်လာပြန်သည်။ သူရောက်လာပုံက ခပ်ဆန်းဆန်း။ တနေ့မှာ ဖေဖေက တခြားရွာသို့ ကိစ္စတခုဖြင့် သွားခဲ့သည်။ အိမ်ကို အပြန်နောက်ကျသဖြင့် တောလမ်းက ဖြတ်ပြန်ခဲ့သည်-တဲ့။ သူ့တယောက်တည်း ပြန်ခဲ့သော်လည်း သူ့စိတ်ထဲမှာ နောက်က တယောက်ယောက် လိုက်လာ နေသလို ခံစားရသည်။ ပြီးတော့ ခြေသံသဲ့သဲ့လဲ ကြားနေရသည်။ သူက ရပ်လိုက် ခြေသံသေးသေးလေးက ရပ်သွားလိုက်နှင့်။ ဆက်သွားလိုက် ခြေသံသေးသေးလေးကို ကြားလိုက်ဖြင့်။ အတော်ကြာသွားမိလို့ ဘေးဘီဝဲယာ လှည့်ကြည့်လိုက်တော့မှ မောင်မင်းကြီးသားကို တွေ့လိုက်ရသည် ဆို၏။

သူကား ဖေဖေသွားရာသို့ နောက်မှ တကောက်ကောက်လိုက်နေသူ။ သမင်ငယ်လေး တကောင်။ သူ့ဘေးမှာ သူ့မေမေတော့ မရှိ။ ဖေဖေက သူ့အနားသွားတော့ ထွက်မပြေး မျက်လုံးကလေး ကလယ်ကလယ် နှာခေါင်းလေး ပွစိ ပွစိလုပ်ကာ မော့ကြည့်သည်-တဲ့။ သူ့မေမေ သမင်မကြီးသည် မုဆိုးတို့၏ လက်ချက်ဖြင့် လောကကြီးကို မျက်ကွယ်ပြုသွားပုံရသည်။ ဖေဖေက သူ့ကို ပွေ့လိုက်တော့ မရုန်း။ အလိုက်သင့် အလျားသင့် ပါလာသည်။ သူ့ကို သည်အတိုင်း တောထဲမှာ ဆက်ထားခဲ့လျှင်လည်း အန္တရာယ်ကြား ထားခဲ့သည်နှင့် မထူး။ ဟင်းအိုးထဲ တန်းရောက်ပေတော့မည်။ သည်တော့ သူ့ကို အိမ်သို့ ခေါ်ခဲ့ရုံမှတပါး အခြားမရှိ။

သည်လိုနှင့် တောထဲက သမင်ရိုင်းတကောင် မိသားစုကြားသို့ ရောက်လို့လာသည်။ ရောက်စကတော့ ဖေဖေ့ကိုသာ စိတ်ချ လက်ချ ရှိသည် ထင်၏။ တခြားအိမ်သားတွေ သူ့ကို ကိုင်၍ မရ။ အစာကိုလည်း ကျွေးတိုင်း မစား။ ဖေဖေ ကျွေးမှ စားသည်။ ဖေဖေ့ တယောက်သာ အကိုင်အတွယ် အပွေ့အဖက်ခံသည်။ ဖေဖေ တိုက်လျှင် ထမင်းရည်ကိုပင် အားပါးတရ သောက်သည်။ ကျွန်တော်တို့ ကျွေးလျှင်မူကာ နွားနို့သော်လည်း ဟုတ်တိပတ်တိ မသောက်။ သူ့ကို ပွေ့လျှင်လည်း အသည်းအသန် ရုန်းသည်။ တဖြည်းဖြည်းကြာလာတော့မှ ယုံကြည်သွားဟန်တူသည်။ အိမ်သားတွေ သူ့ကို ကိုင်လို့ ပွေ့လို့ရသည်။ ကြာလာတော့လဲ သံယောဇဉ်က တွယ်မိပြန်သည်။
ဖေဖေကလည်း ဖေဖေမို့ အလုပ်ကပြန်လာလျှင် သူ့ကို သားသမီးအလား ပွေ့ရ ချီရသည်။ အစာလေးတွေ ရှာလာရသည်။ ကျွန်တော်တို့ကလည်း ကျောင်းကပြန်လာလျှင် ကစားကွင်းသို့ အရင်ကလောက် မရောက်တော့။ အိမ်သို့ အချိန်မှန် ပြန်ရောက်ဖြစ်တော့သည်။

ဖေဖေသည် ရွာမှာ ပထမဆုံး သမင်ပိုင်ရှင်တော့ မဟုတ်ပေ။ ဖေဖေ့အရင် လူတယောက် သမင်မွေးဖူးသည်။ သမင်ကလေး အရွယ်ရောက်ချိန်မှာ တယောက်သောသူက ရန်ကုန်သို့ ခေါ်သွားကြောင်းသိရသည်။ ခေါ်သွားသူကား အခြားမဟုတ်။ ထိုအချိန်က လယ်ယာနှင့် စိုက်ပျိုးရေးဒု-၀န်ကြီးက ဦးကျော်ထိန် ဖြစ်သည်။ ပိုင်ရှင်က မထည့်ချင်။ သို့သော် ခေါ်သူက ဒု-၀န်ကြီးဆိုတော့လည်း ဘာမျှ မပြောရဲ။ စိတ်ဆင်းရဲကြီးစွာဖြင့် ထည့်လိုက်ရသည်။ ထိုသမင်လေး ဘယ်သို့ ဘ၀နိဂုံး အဆုံးသတ်ရှာသည် မသိ။

ထိုစဉ်က ရွာသားအများစုသည် ဘောင်းဘီလက်ရှည် ၀တ်လာသူမှန်သမျှကို ကြောက်ရွံ့နေကြရသည်လေ။(ခုတော့ဖြင့် ပြောင်းလဲလေပြီလား မသိ။) တောခေါင်းဆိုသူလည်း အိမ်ကို ရောက်လာသည်။ သူလည်း ဘောင်းဘီလက်ရှည်နှင့်။ ပုလိပ်လိုလို ဘာလိုလိုကိုး။ သူက ပြောပြသည်။ သမင်သည်လည်း တောရိုင်းတိရိစ္ဆာန်ဖြစ်သည့်အတွက် သစ်တောဋ္ဌာန သက်ဆိုင်သည်။ မွေးချင်တိုင်းမွေး၍ မရ ဘာညာဖြင့် ဖြဲချောက်သည်။ အမှန်ကတော့ လက်ဖက်ရည်ဖိုးလေး ဘာလေး ရလိုရငြား ခွင်ဖန်သည့်သဘော။ တောသား ဖေဖေကလည်း အကြောမနပ်။ သည်တော့ ဇာတ်လမ်းက မပြတ်။ ထိုတောခေါင်း ရွာသို့ ရောက်လေတိုင်း လာလာ၍ ပတ်သည်။ ဒီနေ့ပဲ ခေါ်သွားမယောင်ယောင်။ နောက်တပတ်ပဲ ခေါ်သွားမယောင်ယောင်။ ပုလိပ်ကိုပဲ တိုင်ချက် ဖွင့်တော့ မယောင်ယောင်။ ဆိုတော့ ဖေ့ဖေ့မှာ မပိုင် ၀က်မွေး မဟုတ်။ မပိုင်သည့် သမင်ကို မွေးနေရသည်။

ကျွန်တော်တို့ နယ်မှာ တာဝန်ကျသည့် စိတ်ပျိုးရေးဝန်ထမ်း ကိုသန်းထွန်းက ဖေဖေနှင့် ရင်းနှီးသည်။ သူကလည်း သမင်လေးကို လိုချင်နေသည်။ မကြာမကြာ တောင်းဖူးသည်။ ဖေ့ဖေ့ စိတ်ထဲမှာ တောခေါင်းက တကယ် ခေါ်သွားမည် ဟု ယုံကြည်နေပုံရသည်။ သည်တော့ စဉ်းစားရပြီ။ တောခေါင်းဆိုသည့် ပုဂ္ဂိုလ်ကို အပ်လိုက်လျှင်တော့ နောက်နောင် ဆုံနိုင်ဖွယ် အကြောင်းမရှိ။ ကိုသန်းထွန်းလက်ထဲ ထည့်လိုက်လျှင် တောခေါင်းကလဲ ၀န်ထမ်းချင်းဖြစ်သဖြင့် ခေါ်သွားမည် မဟုတ်။ ကိုသန်းထွန်းဆီမှာ နေလျှင် ကိုယ်က မကြာ မကြာသွားတွေ့နိုင်သည်။ တခုပဲရှိသည်။ ကိုသန်းထွန်းတို့ ရုံးစိုက်သည့်နေရာက ရွာနှင့် ၃-မိုင် ကျော်ကျော်လောက်ဝေးသည့် တောထဲမှာ။ ဘာပဲဖြစ်ဖြစ် သူ့သဘာဝနဲ့ကိုက်နေတော့ သူလည်း နေပျော်မှာပါ ဟု တွေးရသည်။

သည်လိုနှင့် သမင်လေးကို ကိုသန်းထွန်းလက်ထဲ ထည့်လိုက်ဖို့ ဆုံးဖြတ်ကြရသည်။ အိမ်သားအားလုံး မျက်ရည်နှင့် မျက်ခွက်။ ဖေဖေကတော့ ပြောပါသည်။ “ဖေဖေတို့က ကိုသန်းထွန်းကို မပေးရင် တောခေါင်းက ခေါ်သွားလိမ့်မယ်။ ကိုသန်းထွန်းဆီမှာ ဆိုတော့ သတိရတဲ့အခါ သွားကြည့်လို့ရတာပေါ့” တဲ့။ ထိုစဉ်ကစက၍ ဘောင်းဘီလက်ရှည် ၀တ်ထားသူများကို မုန်းမိသည် ထင်၏။

မေမေကတော့ သမင်လေး၏ ကျောကို လက်ဖြင့်သပ်ကာ “ငါတို့ကဖြင့် နင့်ကို အကြောင်းပြုလို့ သံယောဇဉ်တွေဖြစ် မျက်ရည်တွေ ကျလို့။ နင်ကတော့ ဘာမှ မသိရှာဘူးနော်” ဟု ပြောရှာသည်။

 တကယ်တော့ မေမေထင်သလို မဟုတ်ခဲ့ပါ။ သူ့ကို ကိုသန်းထွန်းတို့ စခန်းသို့ ဖေဖေကိုယ်တိုင် လိုက်ပို့ပေးခဲ့သည်။ တရက်နှစ်ရက် အတူနေပြီးမှ ပြန်လာသည်။ ဖေဖေပြန်လာတော့ ဘာမှ မထူးခြား။ အေးအေးပဲ။ ကျွန်တော်တို့က သွားချင်ပေမယ့် ကျောင်းပိတ်ရက် မဟုတ်သေးသည်နှင့် မသွားဖြစ်။ တပတ်ကျော်လောက်ကြာမှ ဖေဖေက လိုက်ပို့မည် ဟု ဆိုသည်။ သို့သော် ကျွန်တော်တို့ သမင်လေးဆီ တော်တော်နှင့် မသွားဖြစ်ပါ။ သွားမည်ဟု ကိုသန်းထွန်းဆီ အကြောင်းလိုက်ချိန်မှာတော့ သတင်းစကားတခုက ကိုသန်းထွန်း ဆီမှ ရောက်လို့လာသည်။ သမင်လေး ဆုံးရှာပြီ။ မှတ်မှတ်ရရ ထိုနေ့က မိသားစု အားလုံး ညစာ မစားနိုင်သည့်နေ့။

ကိုသန်းထွန်းပြောပြသလောက်တော့ ဖေဖေပြန်သွားသည်မှ စ၍ သမင်ကလေးက မရွှင်တော့။ ကျွေးသည်ကိုလည်း ထိထိ မစား။ နွားနို့တိုက်လည်း မသောက်။ နို့မှုန့်ဖျော်တိုက်လည်း မသောက်။ တမှိုင်မှိုင်တတွေတွေဖြင့်။ ခုတော့ ဆုံးရှာပြီ။

ကြားဖူးသလောက်ဆိုလျှင် တောတိရိစ္ဆာန်လေးများသည် အသည်းငယ်တတ်သည်။ ကြောက်ရွံ့သည့် ဒဏ်ကိုလည်း မခံနိုင်ရှာကြ။ လွမ်းဆွတ်မှု ဒဏ်ကိုလည်း ခံနိုင်ပုံ မရကြပေ။ သခင်ဟောင်းအပေါ် ရစ်နှောင်မိသည့် သံယောဇဉ်ပမာဏက ကျွန်တော်တို့ထက် ကြီးပုံရသည်။

4 comments:

  1. သမင်လေးအတွက်စိတ်မကောင်းလိုက်တာ.

    ReplyDelete
  2. သမင်လေးကို သနားလိုက်တာ.....

    ReplyDelete
  3. အင်း.......ချစ်တဲ့သူနဲ့ ကွေ့ကွင်းရခြင်းသည်လည်း...ဒုက္ခပါတကား...

    ReplyDelete
  4. သမင်လေး သနားပါတယ် ..

    ReplyDelete