Tuesday, November 30, 2010

အိပ်မက် သစ်ချိန်

သီချင်းအသစ်
ဖြစ်စေမယ့် ဂစ်တာအို
ငါ
လိုချင်လိုက်တာ

Thursday, November 18, 2010

မြေပဲကျွန်းရောက် ရွှေတယောက်


ရွာက ခွါခဲ့တာ အတော်ကြာခဲ့ပြီ။ ရွာမှာ အခြေချမယ်လို့ စိတ်က ဘယ်လို မှန်းခဲ့ပေမယ့် ကိုယ်က တကယ် မလှမ်းနိုင်သေး။ လှမ်းရင်း လှမ်းရင်းနှင့် ခြေလှမ်းတွေသာ ကျဲလို့ လာခဲ့သည်။ ကျဲသမှ ရွာအပြင်ဖက်ကို ရောက်သည်အထိ။ 

တလောက ရန်ကုန်မှဟု ဆိုသော မောင်မင်းကြီးသားတယောက်က Gtalk ကို လာပြီး Add သည်။ Add ပေါ့လေ။ လက်ခံလိုက်သည်။ မင်းလေးက ဘယ်မှာနေသလဲ-တဲ့။ သြော် မင်းကြီးလုပ်လာတာကြာတော့ ကိုယ့်ကို မင်းလေး အခေါ်ခံရတော့ ဘယ့်နှာပါလိမ့်ပေါ့။ ကိုယ့် အကောင့်နာမည်က မင်းလေး မဆန်ဟု တသက်လုံး ထင်ခဲ့သမျှ မောင်မင်းကြီသားနဲ့ တွေ့ခါမှ ဘုန်းကညာတပါး လုံးရာက ပြားရမယ့် အပေါက်။ ပိတ်သတ်တို့ရယ် komyintko ဆိုတဲ့ ကိုယ့်နာမည်ကို ဘယ်ဂလိုများ မင်းလေး-လို့ ထင်ရက်ပါလိမ့်။
ရွာအပြင်မှာ ရောက်နေတယ်-ဆိုတော့၊ သြော် ရွာအပြင်မှာ အင်တာနက်ရှိသလား-တဲ့။ အင်း ဘယ့်နှယ် ဆက်ပြောရမှာပါလိမ့်။ မင်းလေး ဘယ်မှာနေသလဲ၊ အတည်ပြောပါ လို့ ဆက်ပြန်သည်။ မြေပဲကျွန်းမှာ နေတာပေါ့ ဆိုတော့။မြေပဲကျွန်းဆိုတာ ဘာလဲ သိပုံမရ။ ဧရာဝတီမြစ်ထဲက မြေပဲ စိုက်သည့် ကျွန်းဟု ထင်သွားပုံရသည်။ မန္တလေးကိုလာပြီး အင်တာနက်သုံးတာလား-တဲ့။ မြေပဲကျွန်းအကြောင်း ရှင်းပြဖို့ ကြံခါ ရှိသေး။ မောင်မင်းကြီးသားက တာ့တာ ဆိုပြီး ဆင်းသွားလေပြီိ။ အထင်သေးသွားသည့် သဘော။

ဒါနဲ့ ကိုယ်နေတဲ့ မြေပဲကျွန်းကိုတော့ ကြုံသလောက် မှတ်စုလေး လုပ်ဦးမှလေ-လို့ အတွေးရောက်မိပြန်သည်။ ဘယ်က စရမှာ ပါလိမ့်။ တိုက်တိုက်ဆိုင်ဆိုင် ဆရာမက လေ့ကျင့်ခန်းအဖြစ် ကြိုတင် ပြင်ဆင်ခဲ့ရန် မှာလိုက်သည်။ ခေါင်းစဉ်က Only in Taiwan- ကိုယ့်စိတ်ထဲမှာ ထင်သလို ပြောရန်-တဲ့။ ဘယ်က စလျှင် ကောင်းလေမည်လဲ စဉ်းစားရသည်။ ကောင်မလေးတွေ ၀တ်စား ဆင်ယင်ပုံကို ပြောရရင် ကောင်းမလား။ 

မြေပဲ မလေးတွေ ၀တ်ပုံစားပုံက ရွှေပြည်ကြီးနဲ့ မတူတာတော့ အမှန်။ အထက်ရှည် အောက်တို လို့ အလွယ်ပြောရမည် ထင်သည်။ အကျီ င်္လက်ရှည် ၀တ်တာများသည်။ လက်တိုဝတ်သူ သိပ်မများ။ သူတို့ အကျီ င်္က လည်ပင်းအထိ စေ့လို့ နေသည်က များ၏။  ဤကား အထက်ရှည်တည်း။ ဘောင်းဘီရှည် ၀တ်သူ နည်း၏။ တိုတိုလေးတွေ။ စကဒတ်ကျပြန်တော့လဲ မီနီ စကဒ်ဆိုတာမျိုးကို ၀တ်ကြပြန်၏။ တခါတရံ တိုသည့် ဘောင်းဘီကို အနားများကို ခေါက်လို့ပင် ၀တ်ကြပြန်သေး၏။ အင်းးး ဒီအကြောင်းပြောပြန်ရင် ပြဿနာက နှစ်ခု။ တခုက သူတို့ အ၀တ်အစားနာမည် အခေါ်အဝေါတွေ ကိုယ်မသိ။ ဗမာလိုပင် လည်လည်ဝယ်ဝယ် မသိ။ နောက်တခုက နှာဘူး ဟု အထင်ရောက်နိုင်သည်။

သည်တော့ အကြောင်းအရာတခုကို ပြောင်းပြောဖို့ စဉ်းစားရပြန်သည်။ ဘာပြောလျှင် ကောင်းမည်လဲ။ မကြာမကြာ ဖုံးဆက်တတ်သည့် ကိုယ်မသိသော သူမတို့ အကြောင်း ပြောရင် ကောင်းမည်လား။ ကိုယ့်နံပါတ်ကို ဘယ်လိုရကြသည်မသိ။ ရမ်းသမ်းနှိပ်တာ ဖြစ်ဖို့များသည်။ ကောက်ကိုင်လိုက်တော့။ နိဟောင်-တဲ့။ သူဟောင်တော့လဲ ကိုယ်က  ပြန်ဟောင်ရတာပေါ့။ ကိုယ့်ဖက်က ဟောင်ပြီးခါ ရှိသေး။  သူမက ကွိစိ ကွစ-အသံတွေဖြင့် ခပ်သွက်သွက် ခပ်ချွဲချွဲလေး ဆိုရှာသည်။ ဘာဆိုသလဲတော့ မသိ။ ကိုယ်ကလည်း ရောက်စ ဆိုတော့ ကွိစိ ကွစက မရသေး။ ဘိုလို ပြန်မေးရသည်။ သည်တော့ “တွေ့ ပုချီ”  ဆိုပြီး ဖုံးချသွားသည်။ သြော် ဘယ့်နှာပါလိမ့်။ သူပဲ တွေ့တဲ့ ဖုံးကို ကောက်ချီပြီးမှ တွေ့ပုချီ-ဆိုတော့ ချီပေါ့ကွယ်။
တခါမဟုတ်။ တယောက်လဲ မဟုတ်။ ကွိစိ ကွစလေးတွေ နဲနဲရလာတော့ ဖုန်းများမှား ဆက်သလားမေးမိသည်။ အဲသည်တော့ ဟုတ်ဖူးတဲ့။ “ ငါ နိုင်ငံခြားသားပါကွယ်။ တရုတ်စာ သင်နေတုံးပဲ ရှိပါသေးတယ်။ ဖြေးဖြေး ပြောပါလား။” ဆိုတော့မှ “တွေ့ ပုချီ”  ဆိုကာ ဖုန်းချသွားပြန်သည်။ သည်ပုံစံက ခဏခဏ။ လူကသာ ပြောင်းသွားသည်။ တော်တော်ကြာမှ ရိပ်မိတော့သည်။ သြော် သူမတို့က သူမတို့ကိုး-လို့။ အင်းး သည်အကြောင်းပြောပြန်ပါရင်လဲ ဆရာမ မျက်နှာ ဘယ်မှာ သွားထားရမှာပါလိမ့်။ မဖြစ်သေးပါဘူး။

ကိုယ်မဖတ်တတ်သည့် Phone Massage တွေအကြောင်း ပြောလျှင်ရော။ သည်နိုင်ငံမှာက အဆန်း။ ကိုယ်မသိသူတွေဆီမှ SMS တွေ ရောက်လာတတ်သည်။ ဖတ်တတ်သူတွေ မေးကြည့်တော့ ကြော်ငြာ ဟု ဆိုသည်။ ဘာကြော်ငြာလဲ မသိ။ အင်းးးး ဒီလိုဆိုတော့လဲ ကိုယ်မှ မဖတ်တတ်သေးသည့် အကြောင်းအရာတခုကို ဘယ်လို ပြောရမှာပါလိမ့်။ ဟုတ်သေးပါဘူး။

သည်က ကလေးတွေ ဆိုင်ကယ်စီးသည့် ပုံစံ။ ဟုတ်သည်။ ဒီမှာက နွေ နွေ ဆောင်းဆောင်း အကျီ င်္ လက်ရှည် သုံးသည်။ ဆိုင်ကယ်စီးတော့ ထို အကျီ င်္ လက်ရှည်တွေကို နောက်ပြန် ၀တ်ကြသည်။ မေးကြည့်တော့ ဆောင်းတွင်းဆိုရင် ရင်ဘတ်ကို လေမတိုးအောင် နောက်ပြန်ဝတ်တာပါ-တဲ့။ နွေရာသီမှာတော့ လက်မောင်းတွေ နေလောင်မှာ စိုးလို့-တဲ့။ ဟုတ်ပေသားပဲ။ ဒါဟာ Only in Taiwan ပဲပေါ့။ နောက်တပတ် အတန်းရှေ့ထွက်ပြီး ပြောဖို့ရာ သည်အကြောင်းကိုပဲ ရွေးလိုက်တော့မည်။

Saturday, November 6, 2010

ကျွန်တော်တို့ရဲ့ ဒုတိယ အတိသယ သံယောဇဉ်




ဖေဖေ တားပေမင့် နောက်တကောင်က မထင်မှတ်ပဲ မိသားစုထဲသို့ ရောက်လာပြန်သည်။ သူရောက်လာပုံက ခပ်ဆန်းဆန်း။ တနေ့မှာ ဖေဖေက တခြားရွာသို့ ကိစ္စတခုဖြင့် သွားခဲ့သည်။ အိမ်ကို အပြန်နောက်ကျသဖြင့် တောလမ်းက ဖြတ်ပြန်ခဲ့သည်-တဲ့။ သူ့တယောက်တည်း ပြန်ခဲ့သော်လည်း သူ့စိတ်ထဲမှာ နောက်က တယောက်ယောက် လိုက်လာ နေသလို ခံစားရသည်။ ပြီးတော့ ခြေသံသဲ့သဲ့လဲ ကြားနေရသည်။ သူက ရပ်လိုက် ခြေသံသေးသေးလေးက ရပ်သွားလိုက်နှင့်။ ဆက်သွားလိုက် ခြေသံသေးသေးလေးကို ကြားလိုက်ဖြင့်။ အတော်ကြာသွားမိလို့ ဘေးဘီဝဲယာ လှည့်ကြည့်လိုက်တော့မှ မောင်မင်းကြီးသားကို တွေ့လိုက်ရသည် ဆို၏။

သူကား ဖေဖေသွားရာသို့ နောက်မှ တကောက်ကောက်လိုက်နေသူ။ သမင်ငယ်လေး တကောင်။ သူ့ဘေးမှာ သူ့မေမေတော့ မရှိ။ ဖေဖေက သူ့အနားသွားတော့ ထွက်မပြေး မျက်လုံးကလေး ကလယ်ကလယ် နှာခေါင်းလေး ပွစိ ပွစိလုပ်ကာ မော့ကြည့်သည်-တဲ့။ သူ့မေမေ သမင်မကြီးသည် မုဆိုးတို့၏ လက်ချက်ဖြင့် လောကကြီးကို မျက်ကွယ်ပြုသွားပုံရသည်။ ဖေဖေက သူ့ကို ပွေ့လိုက်တော့ မရုန်း။ အလိုက်သင့် အလျားသင့် ပါလာသည်။ သူ့ကို သည်အတိုင်း တောထဲမှာ ဆက်ထားခဲ့လျှင်လည်း အန္တရာယ်ကြား ထားခဲ့သည်နှင့် မထူး။ ဟင်းအိုးထဲ တန်းရောက်ပေတော့မည်။ သည်တော့ သူ့ကို အိမ်သို့ ခေါ်ခဲ့ရုံမှတပါး အခြားမရှိ။

သည်လိုနှင့် တောထဲက သမင်ရိုင်းတကောင် မိသားစုကြားသို့ ရောက်လို့လာသည်။ ရောက်စကတော့ ဖေဖေ့ကိုသာ စိတ်ချ လက်ချ ရှိသည် ထင်၏။ တခြားအိမ်သားတွေ သူ့ကို ကိုင်၍ မရ။ အစာကိုလည်း ကျွေးတိုင်း မစား။ ဖေဖေ ကျွေးမှ စားသည်။ ဖေဖေ့ တယောက်သာ အကိုင်အတွယ် အပွေ့အဖက်ခံသည်။ ဖေဖေ တိုက်လျှင် ထမင်းရည်ကိုပင် အားပါးတရ သောက်သည်။ ကျွန်တော်တို့ ကျွေးလျှင်မူကာ နွားနို့သော်လည်း ဟုတ်တိပတ်တိ မသောက်။ သူ့ကို ပွေ့လျှင်လည်း အသည်းအသန် ရုန်းသည်။ တဖြည်းဖြည်းကြာလာတော့မှ ယုံကြည်သွားဟန်တူသည်။ အိမ်သားတွေ သူ့ကို ကိုင်လို့ ပွေ့လို့ရသည်။ ကြာလာတော့လဲ သံယောဇဉ်က တွယ်မိပြန်သည်။
ဖေဖေကလည်း ဖေဖေမို့ အလုပ်ကပြန်လာလျှင် သူ့ကို သားသမီးအလား ပွေ့ရ ချီရသည်။ အစာလေးတွေ ရှာလာရသည်။ ကျွန်တော်တို့ကလည်း ကျောင်းကပြန်လာလျှင် ကစားကွင်းသို့ အရင်ကလောက် မရောက်တော့။ အိမ်သို့ အချိန်မှန် ပြန်ရောက်ဖြစ်တော့သည်။

ဖေဖေသည် ရွာမှာ ပထမဆုံး သမင်ပိုင်ရှင်တော့ မဟုတ်ပေ။ ဖေဖေ့အရင် လူတယောက် သမင်မွေးဖူးသည်။ သမင်ကလေး အရွယ်ရောက်ချိန်မှာ တယောက်သောသူက ရန်ကုန်သို့ ခေါ်သွားကြောင်းသိရသည်။ ခေါ်သွားသူကား အခြားမဟုတ်။ ထိုအချိန်က လယ်ယာနှင့် စိုက်ပျိုးရေးဒု-၀န်ကြီးက ဦးကျော်ထိန် ဖြစ်သည်။ ပိုင်ရှင်က မထည့်ချင်။ သို့သော် ခေါ်သူက ဒု-၀န်ကြီးဆိုတော့လည်း ဘာမျှ မပြောရဲ။ စိတ်ဆင်းရဲကြီးစွာဖြင့် ထည့်လိုက်ရသည်။ ထိုသမင်လေး ဘယ်သို့ ဘ၀နိဂုံး အဆုံးသတ်ရှာသည် မသိ။

ထိုစဉ်က ရွာသားအများစုသည် ဘောင်းဘီလက်ရှည် ၀တ်လာသူမှန်သမျှကို ကြောက်ရွံ့နေကြရသည်လေ။(ခုတော့ဖြင့် ပြောင်းလဲလေပြီလား မသိ။) တောခေါင်းဆိုသူလည်း အိမ်ကို ရောက်လာသည်။ သူလည်း ဘောင်းဘီလက်ရှည်နှင့်။ ပုလိပ်လိုလို ဘာလိုလိုကိုး။ သူက ပြောပြသည်။ သမင်သည်လည်း တောရိုင်းတိရိစ္ဆာန်ဖြစ်သည့်အတွက် သစ်တောဋ္ဌာန သက်ဆိုင်သည်။ မွေးချင်တိုင်းမွေး၍ မရ ဘာညာဖြင့် ဖြဲချောက်သည်။ အမှန်ကတော့ လက်ဖက်ရည်ဖိုးလေး ဘာလေး ရလိုရငြား ခွင်ဖန်သည့်သဘော။ တောသား ဖေဖေကလည်း အကြောမနပ်။ သည်တော့ ဇာတ်လမ်းက မပြတ်။ ထိုတောခေါင်း ရွာသို့ ရောက်လေတိုင်း လာလာ၍ ပတ်သည်။ ဒီနေ့ပဲ ခေါ်သွားမယောင်ယောင်။ နောက်တပတ်ပဲ ခေါ်သွားမယောင်ယောင်။ ပုလိပ်ကိုပဲ တိုင်ချက် ဖွင့်တော့ မယောင်ယောင်။ ဆိုတော့ ဖေ့ဖေ့မှာ မပိုင် ၀က်မွေး မဟုတ်။ မပိုင်သည့် သမင်ကို မွေးနေရသည်။

ကျွန်တော်တို့ နယ်မှာ တာဝန်ကျသည့် စိတ်ပျိုးရေးဝန်ထမ်း ကိုသန်းထွန်းက ဖေဖေနှင့် ရင်းနှီးသည်။ သူကလည်း သမင်လေးကို လိုချင်နေသည်။ မကြာမကြာ တောင်းဖူးသည်။ ဖေ့ဖေ့ စိတ်ထဲမှာ တောခေါင်းက တကယ် ခေါ်သွားမည် ဟု ယုံကြည်နေပုံရသည်။ သည်တော့ စဉ်းစားရပြီ။ တောခေါင်းဆိုသည့် ပုဂ္ဂိုလ်ကို အပ်လိုက်လျှင်တော့ နောက်နောင် ဆုံနိုင်ဖွယ် အကြောင်းမရှိ။ ကိုသန်းထွန်းလက်ထဲ ထည့်လိုက်လျှင် တောခေါင်းကလဲ ၀န်ထမ်းချင်းဖြစ်သဖြင့် ခေါ်သွားမည် မဟုတ်။ ကိုသန်းထွန်းဆီမှာ နေလျှင် ကိုယ်က မကြာ မကြာသွားတွေ့နိုင်သည်။ တခုပဲရှိသည်။ ကိုသန်းထွန်းတို့ ရုံးစိုက်သည့်နေရာက ရွာနှင့် ၃-မိုင် ကျော်ကျော်လောက်ဝေးသည့် တောထဲမှာ။ ဘာပဲဖြစ်ဖြစ် သူ့သဘာဝနဲ့ကိုက်နေတော့ သူလည်း နေပျော်မှာပါ ဟု တွေးရသည်။

သည်လိုနှင့် သမင်လေးကို ကိုသန်းထွန်းလက်ထဲ ထည့်လိုက်ဖို့ ဆုံးဖြတ်ကြရသည်။ အိမ်သားအားလုံး မျက်ရည်နှင့် မျက်ခွက်။ ဖေဖေကတော့ ပြောပါသည်။ “ဖေဖေတို့က ကိုသန်းထွန်းကို မပေးရင် တောခေါင်းက ခေါ်သွားလိမ့်မယ်။ ကိုသန်းထွန်းဆီမှာ ဆိုတော့ သတိရတဲ့အခါ သွားကြည့်လို့ရတာပေါ့” တဲ့။ ထိုစဉ်ကစက၍ ဘောင်းဘီလက်ရှည် ၀တ်ထားသူများကို မုန်းမိသည် ထင်၏။

မေမေကတော့ သမင်လေး၏ ကျောကို လက်ဖြင့်သပ်ကာ “ငါတို့ကဖြင့် နင့်ကို အကြောင်းပြုလို့ သံယောဇဉ်တွေဖြစ် မျက်ရည်တွေ ကျလို့။ နင်ကတော့ ဘာမှ မသိရှာဘူးနော်” ဟု ပြောရှာသည်။

 တကယ်တော့ မေမေထင်သလို မဟုတ်ခဲ့ပါ။ သူ့ကို ကိုသန်းထွန်းတို့ စခန်းသို့ ဖေဖေကိုယ်တိုင် လိုက်ပို့ပေးခဲ့သည်။ တရက်နှစ်ရက် အတူနေပြီးမှ ပြန်လာသည်။ ဖေဖေပြန်လာတော့ ဘာမှ မထူးခြား။ အေးအေးပဲ။ ကျွန်တော်တို့က သွားချင်ပေမယ့် ကျောင်းပိတ်ရက် မဟုတ်သေးသည်နှင့် မသွားဖြစ်။ တပတ်ကျော်လောက်ကြာမှ ဖေဖေက လိုက်ပို့မည် ဟု ဆိုသည်။ သို့သော် ကျွန်တော်တို့ သမင်လေးဆီ တော်တော်နှင့် မသွားဖြစ်ပါ။ သွားမည်ဟု ကိုသန်းထွန်းဆီ အကြောင်းလိုက်ချိန်မှာတော့ သတင်းစကားတခုက ကိုသန်းထွန်း ဆီမှ ရောက်လို့လာသည်။ သမင်လေး ဆုံးရှာပြီ။ မှတ်မှတ်ရရ ထိုနေ့က မိသားစု အားလုံး ညစာ မစားနိုင်သည့်နေ့။

ကိုသန်းထွန်းပြောပြသလောက်တော့ ဖေဖေပြန်သွားသည်မှ စ၍ သမင်ကလေးက မရွှင်တော့။ ကျွေးသည်ကိုလည်း ထိထိ မစား။ နွားနို့တိုက်လည်း မသောက်။ နို့မှုန့်ဖျော်တိုက်လည်း မသောက်။ တမှိုင်မှိုင်တတွေတွေဖြင့်။ ခုတော့ ဆုံးရှာပြီ။

ကြားဖူးသလောက်ဆိုလျှင် တောတိရိစ္ဆာန်လေးများသည် အသည်းငယ်တတ်သည်။ ကြောက်ရွံ့သည့် ဒဏ်ကိုလည်း မခံနိုင်ရှာကြ။ လွမ်းဆွတ်မှု ဒဏ်ကိုလည်း ခံနိုင်ပုံ မရကြပေ။ သခင်ဟောင်းအပေါ် ရစ်နှောင်မိသည့် သံယောဇဉ်ပမာဏက ကျွန်တော်တို့ထက် ကြီးပုံရသည်။

Thursday, November 4, 2010

အတိသယ သံယောဇဉ်



ခုတလော ဘလော့ဂါတို့ ချစ်သော အကောင်ပလောင်လေးတွေ အကြောင်း ဖတ်ရသည်။ ကြည်နူးဖွယ်ပင်။ ဘလော့ဂါမမတယောက်က သူမ၏ ချစ်သူပေးသော ကြောင်တကောင် အကြောင်း ရေးသည်။ နောက်တော့ ထိုချစ်သူပင် ပေးသော ခွေးတကောင်အကြောင်း ရေးပြန်သည်။ ခွေးကလေးအကြောင်းရေးတော့ ထိုခွေးလေးသည် Pepsi ကိုလာ ကြိုက်ကြောင်း၊ သောက်ပြီးလျှင်လည်း လေလည်သည့်အကြောင်းပါ ဖတ်ရတော့ သဘောကျမိသည်။ သူမ၏ ခွေးကလေးကို မမြင်ဖူးပဲနဲ့ လွမ်းသွားသည်။

သည်တော့ မိမိမှာ ရော ချစ်သော အကောင်ပလောင်လေးများ မရှိဘူး-တဲ့လား။ ချစ်သူပေးသော ခွေးတကောင် ကြောင်တမြီး မရှိသည်မှာတော့ သေချာသည်။ ကိုယ်ပိုင် အကောင်ပလောင်လေးတွေ မွေးဖူးပါသလား။ ငယ်စဉ်က အလွန် မွေးချင်ခဲ့သည်။ သို့သော် ဖေဖေက ခွင့်မပြုပါ။ ကျွန်တော်အမျိုးမျိုးပူဆာသည့်တိုင် ခွင့်မပြု။ ကျွန်တော့် နားနှင့် လက်လှမ်းမမီသော စကားလုံးတို့ဖြင့်သာ ဖေဖေ ရှင်းပြခဲ့သည်။ “သား-သံယောဇဉ်အပိုဆိုတာ မထားတာ အကောင်းဆုံးပဲ။ ထားမိရင် ထားမိတဲ့ သံယောဇဉ် ထူရင် ထူသလောက် ပါးရင် ပါးတဲ့အလျောက် သိပ်ဒုက္ခ ရောက်တယ်”တဲ့။

ဖေဖေသည် တချိန်က သံယောဇဉ်အပို၏ ဒုက္ခကို အတော်ခံဖူးသည် ဆို၏။ သံယောဇဉ် အပိုပေးသူကား ချစ်သူပေးသော ခွေးမဟုတ်။ ကြောင်တကောင်လည်း မဟုတ်ချေ။ ဖေဖေတို့ မိသားစု လိုအပ်ချက်အရ ဖေဖေကိုယ်တိုင် ဆွဲသွင်းလာသည့် သူ။ ဘယ်သူပါလိမ့် စာဖတ်သူ ကြားလျှင် အံ့သြလိမ့်မည် ထင်၏။

ဖေဖေ့ ဒုတိယအစ်မ အိမ်ထောင်ကျတော့ ချက်ချင်း အိမ်မခွဲသေး။ ဖေဖေတိှု့နှင့်ပင် အတူနေသည်။ အတူနေရင်းဖြင် သားဦးလေး မွေးသည်။ မွေးပြီး ရက်ပိုင်းအတွင်း မှာပင် ထိုကလေးငယ်က တိမ်းပါးသွားရှာသည်။ ဒုတိယကလေးမွေးတော ဤနည်းနှင်နှင်။ သို့ဖြင့် တတိယ ကိုယ်ဝန်လွယ်တော့ ဗေဒင်ဆရာကို မေးရလေပြီ။ ဘာများမှားသလဲ၊ ဘယ်လို လုပ်သင့်သလဲပေါ့။ ဗေဒင်ဆရာက တွက်ချက်ပြီးသကာလ ခုမွေးမည့်ကလေးကို မိခင်နို့မတိုက်ပါနှင့်-ဟု အကြံပြုသည်။ မြို့ဆိုလျှင်တော့ အကြောင်းမဟုတ်။ မိခင်နို့ မစို့ရလဲ နို့မှုန့်တိုက်၍ အဆင်ပြေနိုင်သည်ပဲ။

မဆလခေတ်ဦးပိုင်းဆိုတော့ တောခေါင်ခေါင် ချောင်ကျသည့် မိမိတို့တိုက်နယ်တွင် နို့မှုန့်ဆိုသည်မှာ အမည်မျှသာ ကြာဖူးသည့် အချိန်။ နွားမဆိုသည်ကလည်း သူကိုယ်တိုင် ကလေးရှိမှ နွားနို့ ရနိုင်သည့် အကောင်မျိုး။ သို့ဖြင့် ဖေဖေတို့ မိသားစုတွေ တိုင်ပင်ကာ တူတော်မောင် အသက်ရှင်ရေးကို ဆွေးနွေးခဲ့ကြသည်။ အဖြေကား နို့လှိုင်ရနိုင်ရေး ဆိတ်မတကောင် ၀ယ်ပေးရန်-တဲ့။ သို့ပေမင့် ကျွန်တော်တို့ နယ်မှာ ဆိတ်မွေးသည့်အလေ့က မရှိ။ သည်တော့ မိသားစုထဲမှာ တဦးတည်းသော ယောက်ျာလေးဖြစ်သည့် ဖေဖေက ဆိတ်ရှာပုံတော်ဖွင့်ရသည်။

သည်လိုဖြင့် ဖေဖေတို့ မိသားစုထဲ လိုအပ်ချက်အားလျော်စွာ ဆိတ်တကောင် ရောက်လို့လာသည်။ ဖေဖေ့ အစ်မ တတိယကလေးမွေးပြီးနောက် မိခင်နို့ မတိုက်ပဲ ဆိတ်နို့တိုက် ကြည့်တော့ ဟုတ်သည်။ ထို တတိယ ကလေးက တိမ်းပါး မသွားခဲ့။ ပထမတော့ ဆိတ်မဆီက နို့ညှစ် နို့ပုလင်းထဲ ထည့်ကာ ချိုလိမ်ဖြင့် တိုက်သည်။ ကလေးကိုလည်း ဆိတ်ဖြင့် ယဉ်ပါးအောင် ထိတွေ့ပေးသည်။ ကလေးနာမည်ကိုလဲ မောင်ဆိတ်အောင်-ဟု ကင်ပွန်းတပ်လိုက်သည်။

ကြာလာတော့ ဆိတ်မလေးကလည်း ကလေးအပေါ် သံယောဇဉ်ဖြစ်သွားသည် ထင်၏။ တနေ့တော့ ကလေးကို ပုခက်ထဲမှာ သိပ်ထားရင် အမေဖြစ်သူက ထမင်းချက်နေသည်။ အိမ်အောက်ထပ်မှာတော့ ဆိတ်တကောင်နှင့် ကလေးတယောက်သာ။ ကလေးနိုးတော့ ထုံးစံအတိုင်း အာခေါင်ခြစ်၍ ငိုသည်ပေါ့။ ကလေးငိုပေမင့် အမေဖြစ်သူက ချက်ချင်းမလာနိုင်။ “သားရေ ခဏခဏ၊ မေမေ ထမင်းအိုးငှဲ့ပြီးရင် လာခဲ့မယ်” ဟု အသံသာ လှမ်းပေးနိုင်သည်။

ခဏကြာတော့ ကလေးငိုသံက တိတ်သွားသည်။ အမေဖြစ်သူကလဲ ထမင်းအိုးငှဲ့ရင်းဆိုတော့ လာလို့က မရ။ ပုံမှန်တော့ မဟုတ်။ ခုပဲ ငို ၊ ခုပဲတိတ် ဘာများဖြစ်ပါလိမ့် ဆိုပြီး အိမ်အောက်ကို ကမန်းကတန်း ဆင်းလာတော့ ဆိတ်မလေးက ပုခက်ကို ခွလျက် သူမကိုယ်တိုင် ကလေးကို နို့တိုက်နေသည်လေ။

သည့်နောက်ပိုင်းမှာတော့ ဆိတ်မကလေးကို အားလုံးက သံယောဇဉ် ပိုသွားကြသည်။ သူကလေးကလည်း သံယောဇဉ် ပိုသည်ပင်။ ဆိတ်ဆိုသည့် အမျိုးက သူတို့ကို စားကျက်သို့ လွှတ်လျင် စားကျက်သို့ ရောက်ရောက်ချင်း ထိထိရောက်ရောက် စားသည့် အကောင်မျိုးမဟုတ်။ ယခင်နေ့က နောက်ဆုံး စားခဲ့သည့် နေရာ ရောက်အောင်သာ သွားဖို့ စိတ်စောနေသည့် အကောင်မျိုး။ ထိုနေရာသို့ ရောက်မှသာ ထိထိရောက်ရောက် စားလေ့ရှိသည်။ ပြီးလျှင် ခြေဦးတည့်ရာ ဒူးတည့်ရာကို ပြေးရင်းလွှားရင်း စားမည်။

ဖေဖေ့ ဆိတ်မလေးကတော့ သည်လို မဟုတ်။ ကလေးကို စိတ်မချသည့် ဟန်ဖြင့် ဝေးဝေးသွားသည် မရှိ။ အိမ်နှင့် အနီးဆုံးနေရာသို့သာ သွားလေ့ရှိသည်။ လူတွေက သူ့အတွက် အစာ စီစဉ်ပေးတာလဲ အကြောင်းတခု ဖြစ်မည် ထင်သည်။ သူမ အိမ်ဝင်းထဲမှာ ရှိသည့်အချိန် ကလေး ငိုသံကြားပါက အပြေးအလွှား ရောက်လာတတ်သည်။

အိမ်သားတွေက သူမကို သန့်ရှင်းရေးလုပ်ပေးရသည်။ ပြီးတော့ သူမကိုယ်တိုင် နို့တိုက်သည်လေ။ ကျွန်တော့်အဒေါ်က တခါတရံ သူ့ကို စချင်သဖြင့် ကလေးကို အိမ်ပေါ် သိပ်ထားသည်။ ပြီးတော့ အိမ်တံခါးကိုပါ ပိတ်ထားသည်။ ကလေး နိုး၍ ငိုပြီ ဆိုလျှင် သူမ ဘာများလုပ်မလဲ ပေါ့။ ကလေး ငိုသံကြားတော့ အိမ်ပေါ် တက်ပြေး၊ အိမ်တံခါးကို သူမခေါင်းဖြင့် တွန်းဖွင့်၊ မရတော့ ပါးစပ်က တပဲပဲ အော်ရင်း အိမ်ကို ပတ်ပြေးသည်-တဲ့။ ဆန္ဒပြသည့် သဘောပင်။

တခြားလူတွေက စချင်သဖြင့် ကလေးကို ရိုက်မည့် ဟန်ဖြင့် လက်ရွယ်လျှင် ထိုသူကို သူမက ခေါင်းဖြင့် ရွယ်သည်-တဲ့။ “ ရိုက်ရဲရင် ရိုက်ကြည့် ငါကလဲ နင့်ကို ခေါင်းနဲ့ ဝှေ့ မှာပေါ့” လို့ မပြောရုံ တမည်။

သည်လိုနဲ့ နေလာလိုက်တာ။ လူမှသာ သေမျိုးမဟုတ်။ ဆိတ်လဲပဲ သေမျိုးပေကိုး။ အချိန်တန်တော့ သူလဲ သူ့လမ်းသူ သွားရရှာသည်။ ကျန်ခဲ့တဲ့ သူတွေမှာသာ သူမချန်ခဲ့တဲ့ သံယောဇဉ်အကြွင်းအကျန်တွေကြားမှာ။ သူမကို တသသနှင့်။

သည်အချိန်က စလို့ ဖေဖေသည် သံယောဇဉ်အပိုအတွက် ၀န်တက်မည့် အရေးကို စိုးရွံ့ပုံရသည်။ ကျွန်တော် မွေးချင်သည့် အကောင်လေးတွေကို မွေးခွင့် မပေးခဲ့။ သံယောဇဉ်ဆိုသည်က အခက်သား။ ကိုယ်က ဘယ်လိုပင် တားပေမင့် သူတို့က ၀င်ချင်သလို ၀င်၍ ထွက်ချင်သလို ထွက်တတ်သည်လေ။ ဆီကမှ အပေါက်ရှာပြီး ၀င်ပေ ထွက်ပေဦးမည်။ သူတို့အတွက် ဘာပြင်တင်းပေါက် ဘာတံခါးပေါက်မှ မလို။ ၀င်လိုလျှင် ထွက်လိုလျှင်ထွက်။ သူ့ အလိုလို ရောက်လာတတ်သည်ကိုး။

မသိနိုင်သူ တယောက်သို့



အလွမ်းနွေကို
စမ်းရေထဲ မျှောလိုက်ချင်-တဲ့
ဟိုးအရင် တချိန်က
အတူတကွ နားဆင်
ကိုတင်လှိုင်သီချင်းသံ
ကြားလိုက်မိပြန်တော့
သူပြောသလိုပေါ့နော်
အလွမ်းနွေသာ
စမ်းရေထဲမှာ မျောသွားရင်
(တကယ်ကို)
 မျှောလိုက်ချင်ရဲ့။