Friday, July 30, 2010

ရွှေပြည်ကြီးက ပြန်ခဲ့တယ်(၂)

 
သံရုံးတံဆိပ်ပါတဲ့ ပင့်ဖိတ်စာ ရဖို့အရေး ဟိုဆက်သွယ် ဒီဆက်သွယ်နဲ့ တပတ်လောက်သာ အချိန်ကုန်သွားတယ် ဘာမှ အရာမရောက်။ နောက်ဆုံး Jun,15-ရက်နေ့မှာ ဟောင်ကောင်က ကောင်စစ်ဝန်ရုံးကို အကူအညီတောင်းတော့ ရှောရှာရှုရှုပါပဲ။ ရပါတယ်-တဲ့။ ပင့်ဖိတ်စာကို ပို့ပေးပြီး ရုံးကို လျောက်လွာတစောင်ကို Fax-ပို့ပေးပါဆိုလို့ ပို့လိုက်ပါတယ်။ သူတို့က လိုလိုချင်ချင် ကူညီပြီး အဲသည် ဖိတ်စာကို ရွှေပြည်ကြီးကို Jun 20-လောက် ရောက်အောင် ပို့ပေးကြပါတယ်။
 
သည်တော့ ကမ္ဘာအေးကို ချီတက်ပြီခဲ့ပါပြီ။ ရော့ မောင်ရင်တို့ တောင်းတဲ့ စာရွက်စာတမ်းတွေ၊ ပေးစမ်း ဒုဝန်ကြီးထောက်ခံစာ-လို့ လုပ်မယ်ဆိုတဲ့ အကြံနဲ့ပေါ့။ တကယ်သွားကြည့်တော့ ဟုတ်တေးဝူး-တဲ့။ ရက်စက်ပါပေ့ ကတွတ်ပီရယ်လို့သာ အော်လိုက်ချင်ရဲ့။ နိုင်ငံခြားကို ကြွမယ့်ဆရာတော်ရဲ့ ကိုယ်ရေးအကျဉ်းကို ဆရာတော်ကိုယ်တိုင် လက်မှတ်ထိုးပြီး တင်ရမယ်။ သူတို့ပြောတကတော့ တခွန်းတည်း။ လက်မှတ်ထိုးမယ့် ဆရာတော်က မန္တလေးမှာ။ အသည်းအသန် အရပ်ကူပါ ရွာဝိုင်းပါနဲ့ လုပ်ကြတော့ Jun,25 မှာ ကမ္ဘာအေးက တောင်းတဲ့ စာရွက်စာတမ်း စုံအောင် ပေးလိုက်နိုင်ပါတယ်။ သို့သော်လည်း-တဲ့ပေါ့လေ။ ဒုဝန်ကြီး ထောက်ခံစာ ရဖို့အတွက်
 
၁။ ရန်ကုန်မှာ ရှိတဲ့ ညွှန်ကြားရေးမှုး 
၂။ ဒု ညွှန်ကြားရေးမှုးချုပ်
၃။ ညွှန်ကြားရေးမှုးချုပ် စုစုပေါင်း ၃ဦး လက်မှတ်ထိုးပြီးမှ နေပြည်တော်ကို ပို့ပါ့မယ်။ 
 
အဲသည်အခါကျမှ ဒု-၀န်ကြီးက လက်မှတ်ထိုးပြီး ပေးမှာပါ-တဲ့။ ဘယ်တော့ ပို့မလဲ ဆိုတော့ အခြေအနေအရ-တဲ့။ ခဲလေသမျှ သဲရေကျတာကမှ ရှောခနဲ အသံ မြည်ပါဦးမယ်။ အမြန်ဆုံးနည်းကို ပြောပါဦးဆိုတော့မှ ကိုယ်တိုင် နေပြည်တော်ကို သွားမယ်-ဆိုရင်တော့ အမြန်ဆုံးပဲလို့ ဆိုပါတယ်။ အဲဒါနဲ့ သွားမယ်လေဆိုတော့ ခဏစောင့်ပါတဲ့။ ဒု-၀န်ကြီးနေပြည်တော်မှာ ရှိမရှိ အတိအကျ သိရအောင် ဆိုပြီး သူတို့ချင်း ဖုံးဆက်၊ ရှိပြီလို့ အတိအကျ သိရတော့မှ ဒုဝန်ကြီးနဲ့ တွေ့နိုင်မယ့် အချိန်ကို ပြောပြလို့ သူတို့ ခမျာလဲ တတ်အားသမျှ ကူညီကြပါတယ်။ ဒီလိုဆိုတော့လဲ မဆိုးပါဘူးလေလို့ နှလုံးသွင်းပြီး ဒုဝန်ကြီးနဲ့ တွေ့နိုင်မယ့် နေ့မှာ နေပြည်တော်ခရီးကို ဆက်ရပြန်ပါတယ်။ 
 
အားလုံးကို အဆင်ပြေချောမွေ့စွာ ဖြစ်မြောက်ရေး အတွက် အစွမ်းကုန် ကြိုးစားပေးပါ့မယ်လို့ သူတို့က ပြောပါတယ်။ လက်ထဲကိုတော့ ပတ်စပို့က Jun, 29-ရက်နေ့မှ ရောက်ပါတော့တယ်။ အချိန်တွေတော့ အတော်ကို ကုန်သွားတယ်။ တကယ် အလုပ်လုပ်ကြပြီ ဆိုရင် တန်ဖိုးအရှိဆုံးက အချိန်ပဲလေ။ သိုပေမယ့် သူတို့ ခမျာလဲ အစွမ်းကုန် ကြိုးစားကြဆိုပဲ။ အစွမ်းကုန်ပြီဆိုတော့လဲ။ အင်း...........

No comments:

Post a Comment