Friday, December 31, 2010

စင်္ကာပူသို့


ဒီတခါ ခရီးစဉ်ကတော့  ထိုင်ပေ-စင်္ကာပူ-မလေးရှား။မလေးရှား-စင်္ကာပူ-ထိုင်ပေ။ ဒီဇင်ဘာ 14-ရက်နေ့ စင်္ကာပူရောက်၊ 17-ရက်နေ့မှ မလေးရှားကို သွားမယ်ပေါ့လေ။ ဒီတော့ကာ ဆုံချင်စိတ်ရှိနေတာနဲ့ တခါမှ အပြင်မှာ မဆုံသေးတဲ့ ဘလော့ဂါ ကိုတီကို အရင် အကြောင်းလိုက်မိတယ်။

ဘလောက်ရွာ 
မရောက်တာ ကြာပြီမို့
လာခဲ့တယ်လေ့။

စလုံးမှာ 
မောင်ဘုန်းလာမယ် ဆိုတော့
ကိုတီရေ တီ့ထိပ်ထားနှင့်
ကြိုနှင့်ကွယ်လေ့။       ။

ဒီဒွေးချိုးလေးကို စပ်လို့ပေါ့။ ကိုတီက မင်္ဂလာကိစ္စနဲ့ ရွှေပြည်ကြီးမှာ ရောက်နေပါတယ်-တဲ့။ ဒါနဲ့ ဒွေးချိုးရဲ့ နောက်ဆုံး အကြောင်းကို ပြင်လိုက်ရတယ်။  

ဘလောက်ရွာ 
မရောက်တာ ကြာပြီမို့
လာခဲ့တယ်လေ့။

စလုံးမှာ 
မောင်ဘုန်းလာမယ် ပြင်တော့
ကိုတီ့မှာ သူ့ထိပ်ထားနှင့်
ပျော်နှင့်တယ်လေ့။       ။


ငယ်တုံးကတော့ မင်္ဂလာဆောင်သတင်း ကြားရရင် သတို့သမီးကို နှမြောမိပါတယ်။ သူ့ခမျာ အရင်ကလောက် လှမှာ မဟုတ်တော့ဘူး။ အလှပျက်ရှာတော့မယ်-လို့လေ။ ခုတခါကျတော့ သတို့သားကို နှမြော နေမိပြန်တယ်။ (ကိုယ့်လူ ချောတာလဲ ပါပေမပေါ့)။ ကိုယ့်လူ အရင်ကလောက်မှ လွတ်လပ်ရေး ရပါတော့မလား-လို့ အတွေးရောက်မိပြန်တယ်။


အမျိုးသားတယောက်ရဲ့ ရင်ထဲကို ရောက်ချင်ရင်တော့ ပါးစပ်ပေါက်ကနေ ၀င်ပါ။ အမျိုးသမီးတယောက်ရဲ့ နှလုံးသားထဲကို ရောက်ချင်ရင် ဒူးထောက်ပြီး ၀င်ပါ-ဆိုတဲ့ ဆိုရိုးစကားတခုကို သတိရမိပြန်တယ်။ ကိုတီတို့ မင်္ဂလာ အခမ်းအနားအတွက် ရိုးရာဓလေ့အတိုင်း စီစဉ်ချိန်မှာ သူတို့သမီးဖက်က ဘဲ ၈-ကောင် ကြက် ၈ ကောင်ကို မမေ့ပုံ ထောက်တော့ ကိုယ့်လူ ရင်ထဲကို ရောက်ဖို့ သေချာနေပါပြီ။

ကဲ ရှိစေတော့ နောက်တခေါက်မှ ကိုတီရော တီထိပ်ထားရော ဂျူနီယာတီရော အကုန်လုံး ပေါင်းပြီး တွေ့တော့မယ်။

ဒါနဲ့ စင်္ကာပူ ဗီဇာ လျောက်ဖို့ စီစဉ်ပါတယ်။ ထိုင်ဝမ်မှာ Residence Visa ရထားသူများအဖို့ ဒီကနေ့လျောက်ရင် မနက်ဖြန် ရပါတယ်။ ဟိုဖက်က စပွန်ဆာ ဆိုသဟာတော့ လိုပေသပေါ့။

စလုံးက မိတ်ဆွေများက E-Visa လျောက်ပေးမယ်-ဆိုတော့လဲ လျောက်ပေါ့။ ဘယ်လို လျောက်လျောက် ရောက်ဖို့က အဓိကမဟုတ်လား။ ထုံးစံက အီးဗီဇာသည် တင်ပြီးလို့ ၂ ရက်ကြာရင် ပြီးရမှာ ဖြစ်ပေမယ့် ဘာအကြောင်းကြောင့်ရယ် မသိ မပြီးပါ။ အဲသဟာနဲ့ မိတ်ဆွေများက စိတ်ပူပြီးသကာလ အင်မီဂရေးရှင်းကို ဖုံးဆက်တော့ အင်တာနက်ကပို့တဲ့ ဖိုင်တွေ သူတို့ဆီ အကုန်မရောက်ပါ။ ပို့သူက withdraw -လုပ်သွားပါသဖြင့် ထပ်တင်ပါ-တဲ့။ ဆိုတော့ကာ ဒုတိယအကြိမ် ထပ်တင်ရပေသပေါ့။

ဒုတိယအကြိမ် တင်ပြန်တော့ ရှေ့က ဖိုင်တွေ မပြီးပြတ်မီ ထပ်တင်လို့- ဆိုပြီး ဒုတိယအကြိမ် တင်တဲ့ ဗီဇာက reject လုပ်ခံထိပါတယ်။ ပထမအကြိမ် တင်ထားတဲ့ ဗီဇာကိုလည်း ဆိုင်းငံ့-တဲ့။ ဟင်မ် သူတို့ပဲ ထပ်တင်ပါဆိုလို့ ထပ်တင်ရသေး။ နောက်နောင် E-Visa တင်မယ့် မိတ်ဆွေများ သတိထားဖွယ်ရာပ။

ထိုင်ဝမ်မှာရှိတဲ့ စင်္ကာပူရုံးကို လျောက်ပြန်တော့ စင်္ကာပူ အင်မီဂရေးရှင်းက ပထမအကြိမ် တင်ထားတဲ့ ဗီဇာလျောက်လွှာကို စစ်ဆေးနေဆဲ ဖြစ်ပါသဖြင့် ထုတ်မပေးနိုင်ပါ-တဲ့။ ဒါဖြင့်လဲ နေပါစေတော့။ စိတ်နှလုံး ဒုံးဒုံးချကာ 17-ရက်နေ့ကျမှ စင်္ကာပူကို ထရန်စစ်ထားကာ မလေးရှားကို သွားဖို့ စီစဉ်ရပါတော့တယ်။

ဒီဇင်ဘာ 17-ရက် ချန်ဂီကို 12နာရီမှာ ရောက်ပါတယ်။ မလေးလေယာဉ်က ညနေ 5နာရီ 20 ဆိုတော့ 5နာရီ လောက် အချိန်ဖြုန်းရပေတော့မယ်။ ကိစ္စမရှိ။ ချန်ဂီမှာ ၀ိုင်ယာလက် ဖရီးပေးသတဲ့။ ဒါနဲ့ လက်စွဲတော် ကွန်ပြူတာကို ထုတ်ပြီးသကာလ နက်တော်ကို တက်တော်မူကြည့်တော့ လားလား။ User Nameတွေ Pass Word-တွေ တောင်းပါတော့တယ်။ စင်္ကာပူမှာ သုံးတဲ့ ဖုံးနံပါတ်ဆိုတာလဲ ပါရဲ့။

အနားကို ၀န်ထမ်းတယောက်ကို ဒီမှာ နက်ကို တက်တော့ User Nameတွေ Pass Word-တွေတောင်းနေတယ်၊ ဘယ်လို လုပ်ရမလဲ-လို့ မေးတာ့

User Nameနေရာမှာ  @ဆိုတာရဲ့ ရှေ့မှာ Changi1-လို့ ရိုက်ထည့် Pass Word-နေရာမှာလဲ Changi1-လို့ ရိုက်ထည့်လိုက်ပါ-တဲ့။ သည်တော့မှပဲ နက်တော်ကို တက်တော်မူလို့ ရခဲ့ပေသကိုးဗျ။