Saturday, July 31, 2010

ရွှေပြည်ကြီးက ပြန်ခဲ့တယ်-၃

ရပြီ ပတ်စပို့။ ဗီဇာကိုတဲ့ လျောက်တော့မယ်အယ်ဟယ်ဟယ်….။ ဆိုတော့ကာ ထိုင်ဝမ်ဗီဇာအတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြင်ဆင် နိုထရီလုပ်သင့်တာလုပ် ထုသင့်တာ အထုခံဖို့(တံဆိပ်တုံးပြောပါတယ်။) နေပြည်တော်ဖက်ကို ဦးလှည့်ရပြန်ပါတယ်။ အနည်းဆုံး ၃-ရက်ဆိုပေမယ့် အဆင်မပြေရင် နောက်သုံးရက် ထပ်ချိန်းမှာမို့ တပတ်တော့ ပေးရပြန်ဦးတော့မယ်လေ။ ( အချိန်က နဲပါတယ် ဆိုမှ။ တတ်နိုင်ဘူးပါ့လေ။ သူတို့ လက်ခုပ်ထဲက အီးလို ဖြစ်နေတာကိုး။ ရှူလိုက ရှူ နမ်းလိုက နမ်းပေါ့။)

မသွားခင်မှာ အတွေ့အကြုံ ရှိသူတဦးက မှာပါတယ်။ အဲသည်ဋ္ဌာနက လူငယ်တွေ များတယ်နော်၊ သူတို့ကို နိုင်ငံခြားပို့ဖို့ ရည်ရွယ်ထားတာဆိုတော့ အဲသည်မောင်တွေက မြောက်တောက်တောက်ရယ်။ အဆင်ပြေအောင် ကြည့်ပြော။ သူတို့ စိတ်နဲ့ မတွေ့ရင် ရစ်ပြီသာ အောက်မေ့ပေတော့။ ကာယကံရှင်ကိုယ်တိုင် လာလို့သာ-ဆိုရင်ဖြင့် မောင်ရင်တို့ ဆရာတော်ကြီး နေပြည်တော်တခွင် ရွာလည်ပြီး တိုင်ပါပတ်သွားမယ်-တဲ့။

နေပြည်တော်ကို ရောက်တော့ မြင်သည်နှင့် မထူး ကြားဖူးသည့် အတိုင်း မှန်သည်သာလျှင်တည်း-လို့ ဆိုရမှာပါ။ အိမ်ထောင်စု စာရင်းပြ-တဲ့။ ယူမသွားတော့လဲ မပြနိုင်ပေဘူးပေါ့။ ယူသွားသည့် တိုင်အောင် ဘုန်းကြီးကို အိမ်ထောင်စု စာရင်းထဲ ထည့်လို့မှ မရတာ။ စာရင်းမှာ ဘယ်လိုလုပ် ပါလိမ့်မတုံး။ ဒါနဲ့ မျက်နှာရော ဘာရော ရှိသမျှ ဥစ္စာအကုန်ချပြီးသကာလ ပြေလည်ရာ ပြေလည်ကြောင်း ပြောရပြန်တာပေါ့။ အင်းး……… ဒီလိုနဲ့ မရှောတရှော မရှူ တရှူနဲ့ ပြီးခဲ့ရော ဆိုပါတော့လေ။

နေပြည်တော်ဆီ ဦးတည်ရတာ တခေါက် တခေါက် ၆-သောင်းလောက်ပြုတ်တယ် ဆိုတာ သူတို့ သိစေချင်လိုက်တာ။ အဲသည် ၆-သောင်းက သွားစရိတ် စားစရိတ်ပါ။ တယောက်တည်း ရိပ်ပြီး လိုအပ်သည်များကို ဆောင်ရွက်ပေးရင် ကောင်းများ ကောင်းလေမလားလို့တောင် တွေးမိသေးတယ်။ မည်သူ့ကို မဆို ငွေပေး၊ ရန်မလို ဆိုတဲ့ ဆိုင်းဘုတ်ကလေးတွေကလဲ ခပ်များများပေကိုး။

ထိုင်ဝမ်ဗီဇာကို ထိုင်းမှာ သွားပြီး လျောက်ရမှာပါ။ အဲသည်တော့ ထိုင်းဗီဇာကို ရဖို့ တချိန်တည်း ကြိုးစားရပြန်ပါတယ်။ ဆရာတော်များ ၀ါဆိုဖို့ရက်က သိပ်ကို နီးနေပြီလေ။ ရန်ကုန်မှာ ရှိတဲ့ ထိုင်းသံရုံးရောက်တော့ ဆရာတော်များကြွမယ်ဆိုရင်ဖြင့် သာသနာရေးက ထောက်ခံစာပြပါ-တဲ့။ သူတို့ကလဲ တောင်းတယ် ခင်ဗျ။ ရေမြေ လိုက်တယ် ထင်ပါ့။  သူရို့ဆီမှာလို တမြို့တည်းကို သွားပြီး တရက်တည်းနဲ့ လုပ်လို့ရတယ်များ ထင်နေသလား မဆိုနိုင်ပါဘူး။ ( နေနှင့်ဦး။ ဒို့တိုင်းပြည် ရွှေခေတ်ရောက်ရင် နင်တို့တွေ ဗီဇာလျောက်တဲ့အခါ ကုလသမဂ္ဂဆီက ထောက်ခံစာ တောင်းခိုင်းမယ်။ ကိုယ်ချင်းစာတတ်အောင်ပါ။) ခုတော့ဖြင့် ပေးရပြန်ဦးတော့မယ် အချိန်တွေ ။ သာသနာရေး ထောက်ခံစာက မောင်မင်းကြီးသားများ အဆင်ပြေရင်တော့ တပတ်လောက်နဲ့ ပြီးတန်ကောင်းပါရဲ့။ မောင်မင်းကြီးသားများ ကျန်းကျန်း မာမာ ချမ်းချမ်းသာသာ ရှိကြပါစေ။

ယွတ်ယှပြေရောက် မောင်တယောက်ရဲ့ လေသံကို ဖတ်ဖူးပါတယ်။ တကယ်တော့ မြန်တွေ မျက်နှာငယ်စရာ မလိုပါ။ ငယ်သော သူများသည် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကြံဖန် ငယ်ခြင်းသာ ဖြစ်ပါ-သတဲ့။ ထို မောင် သည်အဖြစ်မျိုး ကြုံဖူး ပုံမရ။ ကြုံစေချင် စမ်းလှသည်-လို့ပဲ ဆုတောင်းပေးရ မလိုလို။ တံတားဦးကနေ မော်စကို တိုက်ရိုက် ယွန်းခဲ့ကြတာ ဖြစ်လေတော့ ဘာပြောပြော သူတို့ ယုံမှာ မဟုတ်တော့လဲ ပြောတော့ပါဘူး။ သြော် စကောလောက်မှ စောက်မနက်ရင်တောင် ဒန်အိုးဖုံးလောက်တော့ စောက် နက်ရင် ဘယ်လောက်များ ကောင်းလိုက်လေမလဲ လို့တော့ တွေးမိပါတယ်။

သည်လိုနဲ့ မြန်မာနိုင်ငံဖက် လုပ်စရာရှိတာတွေက July 9-ရက်နေ့မှ ပြီးပါတော့တယ်။ ပြီးတော့ ထိုင်းနိုင်ငံကို ယွန်းရဖို့ စီစဉ်ပေါ့။ မြန်မာသံရုံးက ထုတာကို ခံဖို့ကလဲ ရှိသေးသကိုး။ July 15ရက်နေ့ ဟိုကို ရောက်ပါရဲ့။ ရောက်တော့ ထုမယ့် အရာရှိက နယ်ဖက်ကို အစည်းအဝေးသွားပါတယ်။ နောက်တပတ် လာခဲ့ပါ-တဲ့။ ဘာမှ မတတ်နိုင်တာဆိုတော့လဲ သည်းခံပြီး စောင့်ရတာပါ့။ နောက်တပတ် ရောက်တော့ မြန်မာသံရုံးက တော်ရှာပါတယ်။ လူပုဂ္ဂိုလ်များအတွက် ဆိုရင် တပတ်လောက် အချိန်ယူပေမယ့် ဆရာတော်များရဲ့ ကိစ္စဖြစ်တဲ့အတွက် နေ့ချင်းပြီးအောင် ကြိုးစားပြီး လုပ်ပေးပါမယ်-တဲ့။ ကျေးဇူးကြီးပါပေစွ။

မောင်ရင့် ရွှေပြည်တော်အပြန်ခရီးကလဲ စိတ်မောစရာတွေပဲ သယ်ခဲ့ရသလားလို့ ပြောကြရင်ဖြင့်၊ အင်းဟင်းး….ဟင်းး………သယ်စရာ ပေါပေါလောလောဆိုလို့ ဒါပဲ ရှိတာမဟုတ်လား။ ရင်မောစရာတွေ ပြည့်နေခဲ့ပေမယ့် အဆုံးတော့လဲ မင်းသိင်္ခပြောသလို ပြီးတော့လဲ ပြီးတာပါပဲလေ-လို့ ဆိုရမလိုပါ။

ဗီဇာအတွက် စာရွက်စာတမ်း စုံပြီမို့လို့ ထိုင်းနိုင်ငံမှာ ရှိတဲ့ ထိုင်ဝမ်ရုံး(သံရုံးလို့ မသုံးပါ။ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ရုံးလို့ ခေါ်ထင်ပါရဲ့)မှာ တင်လိုက်ပါတယ်။ ရောက်ရောက်ချင်းပဲ ကြည့်ရှု စစ်ဆေးပြီးသကာလ လက်ခံဆောင်ရွက်။ ၃-ရက်ကြာတော့ ဗီဇာ လာယူတော့-တဲ့။ ကိုင်း ! ရွှေပြည်ကြီးနဲ့ ဘယ့်နှယ် ရှိစ ။

ရွှေပြည်ကြီးက မောင်မင်းကြီးသားတွေ နဲနဲလေးလောက် လျော့လိုက်ရင် သိပ်ကောင်းမှာပဲလို့ တောင့်တမိပါတယ်။ များများကြီး ဟုတ်ပါဘူးလေ။ လက်နှစ်လုံးလောက် လျော့လိုက်ရင်ကို အဆင်ပြေမှာ လို့လဲ တွေးမိပါတယ်။ မိတ်ဆွေ တယောက်ပြောပြတဲ့ ပုံပြင်တခုကို အမှတ်ရမိလို့ပါ။

တခါက အမေရိကန်တယောက်ရယ် ယွတ်ယှတယောက်ရယ် ရွှေတယောက်ရယ် ညစာစားပွဲမှာ စကားလက်ဆုံ ကျမိတယ် ဆိုပဲ။ သည်တော့ အမေရိကန်မောင်က စပြီး  ဒို့ဆီက လေဘာတီ ရုပ်တု ကြီးက သိပ်မြင့်တာ။ သူ့ထိပ်ဖျားက တိမ်တိုက်တွေရဲ့ အထက်ကို ရောက်နေတာပေါ့-လို့ ကြွားသတဲ့လေ။ မဖြစ်နိုင်တာဗျာ နည်းနည်းတော့ လျော့ပါဦးလို့ အားလုံးက ၀ိုင်းပြီး ပြောကြတော့ များများမလျော့နိုင်ဘူးဗျာ။ မိတ်ဖြစ်ဆွေဖြစ် လက်နှစ်လုံးပဲ လျော့မယ်လို့ ဆိုပါ-သတဲ့။

ကိုယွတ်ယှ အလှည့်ကျပြန်တော့ ဒို့ယွတ်ယှပြည်က ကရင်မလင်နန်းတော်ကမှ တကယ် မြင့်တာ။ သူ့ထိပ်ဖျားက မိုးကို တိုက်မိလို ဂျစ်ဂျစ် ဂျစ်ဂျစ်-လို့တောင် အသံမြည်တယ်-လို့ ဆိုပြန်သတဲ့။ မဖြစ်နိုင်တာဗျာ နည်းနည်းတော့ လျော့ပါဦးလို့ အားလုံးက ၀ိုင်းပြီး ပြောကြတော့ များများမလျော့နိုင်ဘူးဗျာ။ အမေရိကန်လျော့သလို မိတ်ဖြစ်ဆွေဖြစ် လက်နှစ်လုံးပဲ လျော့မယ်လို့ ဆိုပါ-သတဲ့။

ကိုရွှေမြန်မာကတော့ ခပ်အေးအေးပါပဲ-တဲ့။ အားလုံးက တိုက်တွန်းတော့မှ ကျွန်တော်တို့ မြန်မာအမျိုးသမီးတွေ အကြောင်းကို ခင်ဗျားတို့ ကြားရင် ယုံနိုင်စရာမရှိပါဘူး၊ ဘာလို့လဲ ဆိုတော့ မြန်မာတွေ ကလေးမွေးရင် တခြားအမျိုးသမီးတွေနဲ့ မတူဖူးဗျ။ ဖင်ကနေ မွေးတာ-လို့ ဆိုသတဲ့။ အားလုံးက မဖြစ်နိုင်တာဗျာ။ ယုံနိုင်လောက်အောင် နည်းနည်းတော့ လျော့ပြောပါ ဆိုတော့။ ဒါဆိုလဲ များများတော့ မလျော့နိုင်ဘူးဗျာ။ ခင်ဗျားတို့ လျော့သလောက် မိတ်ဖြစ်ဆွေဖြစ် ????????

ဟုတ်ကဲ့ ရွှေပြည်ကြီးက မောင်မင်းကြီးသားတွေ လက်နှစ်လုံးလောက်တော့ လျော့နိုင်ကြပါစေ လို့ပဲ ဆုတောင်းပါတယ်။ မိတ်ဖြစ်ဆွေဖြစ်ပေါ့ဗျာ။ ဟုတ်ဖူးလား။


Friday, July 30, 2010

ရွှေပြည်ကြီးက ပြန်ခဲ့တယ်(၂)

 
သံရုံးတံဆိပ်ပါတဲ့ ပင့်ဖိတ်စာ ရဖို့အရေး ဟိုဆက်သွယ် ဒီဆက်သွယ်နဲ့ တပတ်လောက်သာ အချိန်ကုန်သွားတယ် ဘာမှ အရာမရောက်။ နောက်ဆုံး Jun,15-ရက်နေ့မှာ ဟောင်ကောင်က ကောင်စစ်ဝန်ရုံးကို အကူအညီတောင်းတော့ ရှောရှာရှုရှုပါပဲ။ ရပါတယ်-တဲ့။ ပင့်ဖိတ်စာကို ပို့ပေးပြီး ရုံးကို လျောက်လွာတစောင်ကို Fax-ပို့ပေးပါဆိုလို့ ပို့လိုက်ပါတယ်။ သူတို့က လိုလိုချင်ချင် ကူညီပြီး အဲသည် ဖိတ်စာကို ရွှေပြည်ကြီးကို Jun 20-လောက် ရောက်အောင် ပို့ပေးကြပါတယ်။
 
သည်တော့ ကမ္ဘာအေးကို ချီတက်ပြီခဲ့ပါပြီ။ ရော့ မောင်ရင်တို့ တောင်းတဲ့ စာရွက်စာတမ်းတွေ၊ ပေးစမ်း ဒုဝန်ကြီးထောက်ခံစာ-လို့ လုပ်မယ်ဆိုတဲ့ အကြံနဲ့ပေါ့။ တကယ်သွားကြည့်တော့ ဟုတ်တေးဝူး-တဲ့။ ရက်စက်ပါပေ့ ကတွတ်ပီရယ်လို့သာ အော်လိုက်ချင်ရဲ့။ နိုင်ငံခြားကို ကြွမယ့်ဆရာတော်ရဲ့ ကိုယ်ရေးအကျဉ်းကို ဆရာတော်ကိုယ်တိုင် လက်မှတ်ထိုးပြီး တင်ရမယ်။ သူတို့ပြောတကတော့ တခွန်းတည်း။ လက်မှတ်ထိုးမယ့် ဆရာတော်က မန္တလေးမှာ။ အသည်းအသန် အရပ်ကူပါ ရွာဝိုင်းပါနဲ့ လုပ်ကြတော့ Jun,25 မှာ ကမ္ဘာအေးက တောင်းတဲ့ စာရွက်စာတမ်း စုံအောင် ပေးလိုက်နိုင်ပါတယ်။ သို့သော်လည်း-တဲ့ပေါ့လေ။ ဒုဝန်ကြီး ထောက်ခံစာ ရဖို့အတွက်
 
၁။ ရန်ကုန်မှာ ရှိတဲ့ ညွှန်ကြားရေးမှုး 
၂။ ဒု ညွှန်ကြားရေးမှုးချုပ်
၃။ ညွှန်ကြားရေးမှုးချုပ် စုစုပေါင်း ၃ဦး လက်မှတ်ထိုးပြီးမှ နေပြည်တော်ကို ပို့ပါ့မယ်။ 
 
အဲသည်အခါကျမှ ဒု-၀န်ကြီးက လက်မှတ်ထိုးပြီး ပေးမှာပါ-တဲ့။ ဘယ်တော့ ပို့မလဲ ဆိုတော့ အခြေအနေအရ-တဲ့။ ခဲလေသမျှ သဲရေကျတာကမှ ရှောခနဲ အသံ မြည်ပါဦးမယ်။ အမြန်ဆုံးနည်းကို ပြောပါဦးဆိုတော့မှ ကိုယ်တိုင် နေပြည်တော်ကို သွားမယ်-ဆိုရင်တော့ အမြန်ဆုံးပဲလို့ ဆိုပါတယ်။ အဲဒါနဲ့ သွားမယ်လေဆိုတော့ ခဏစောင့်ပါတဲ့။ ဒု-၀န်ကြီးနေပြည်တော်မှာ ရှိမရှိ အတိအကျ သိရအောင် ဆိုပြီး သူတို့ချင်း ဖုံးဆက်၊ ရှိပြီလို့ အတိအကျ သိရတော့မှ ဒုဝန်ကြီးနဲ့ တွေ့နိုင်မယ့် အချိန်ကို ပြောပြလို့ သူတို့ ခမျာလဲ တတ်အားသမျှ ကူညီကြပါတယ်။ ဒီလိုဆိုတော့လဲ မဆိုးပါဘူးလေလို့ နှလုံးသွင်းပြီး ဒုဝန်ကြီးနဲ့ တွေ့နိုင်မယ့် နေ့မှာ နေပြည်တော်ခရီးကို ဆက်ရပြန်ပါတယ်။ 
 
အားလုံးကို အဆင်ပြေချောမွေ့စွာ ဖြစ်မြောက်ရေး အတွက် အစွမ်းကုန် ကြိုးစားပေးပါ့မယ်လို့ သူတို့က ပြောပါတယ်။ လက်ထဲကိုတော့ ပတ်စပို့က Jun, 29-ရက်နေ့မှ ရောက်ပါတော့တယ်။ အချိန်တွေတော့ အတော်ကို ကုန်သွားတယ်။ တကယ် အလုပ်လုပ်ကြပြီ ဆိုရင် တန်ဖိုးအရှိဆုံးက အချိန်ပဲလေ။ သိုပေမယ့် သူတို့ ခမျာလဲ အစွမ်းကုန် ကြိုးစားကြဆိုပဲ။ အစွမ်းကုန်ပြီဆိုတော့လဲ။ အင်း...........

Thursday, July 29, 2010

ရွှေပြည်ကြီးက ပြန်ခဲ့တယ်။

-
-
ကိုဂျူလိုင် ဒရင်းက ထိုင်းဗီဇာအကြောင်း ရေးထားတာဖတ်မိတော့ ဆရာတော်တပါးကို ထိုင်ဝမ်ပင့်တဲ့ ခရီးစဉ် အကြောင်းကို ရေးချင်စိတ် ဖြစ်လာပါတယ်။ (ဘယ်ကစလို့ စရမှန်းမသိဖြစ်နေတဲ့ အချိန်မှာ လမ်းစဖော်ပေးတဲ့ ကိုဂျူလိုင်ကို တကယ်ပဲ ကျေးဇူးတင်ပါတယ်။)


ပထမစပြီးကြုံရတာက ပတ်စပို့ကိစ္စပါ။ ဆရာတော်တပါးကို နိုင်ငံခြား အထူးသဖြင့် ထိုင်ဝမ်လို ဗီဇာခက်တဲ့ နိုင်ငံမျိုးမှာ ပင့်မယ်ဆိုတော့ အစီအစဉ်တွေကို ကြိုတင်ပြီးချဖြစ်ပါတယ်။ July-တတိယပတ်လောက် အရောက်ပင့်မှာ ဖြစ်ပေမယ့် လိုအပ်တဲ့ စာရွက်စာတမ်းတွေကိုတော့ Aprial-လကတည်းက ပြင်ဆင်ခဲ့ပါတယ်။ ပတ်စပို့ကို ကြည့်လိုက်တော့ ၁၀-လသာသာ ကျန်ပါတော့တယ်။ ထိုင်ဝမ်မှာက မြန်မာသံရုံးမှ မရှိတာပဲ။ ဒီကတည်းက သက်တမ်းတိုးသွားတာ ကောင်းထင်ပါရဲ့လို့ ဆုံးဖြတ်မိတယ်။ ဆရာတော်ကို ရန်ကုန်ပင့် သက်တမ်းတိုးတာက May, 6-ရက်နေ့။ ကိုယ်လဲ 2-လပိုင်းမှာ သက်တမ်းတိုး 3-လပိုင်းမှာ ရထားတာဆိုတော့၊ Jun, 6-ရက်နေ့လောက်မှာ ပတ်စပို့ထွက်မှာပဲ ကြားထဲမှာ ပြင်ဆင်ချိန် ၁-လခွဲဆိုလည်း နည်းပါဘူးလေ ဆိုပြီး စိတ်ထဲမှာ အေးအေးဆေးဆေးပါပဲ။

သို့သော်လည်းတဲ့ပေါ့လေ။ Jun, 7-ရက်နေ့ ပတ်စပို့လည်း သွားပြီး ထုတ်ပါရော။ သက်ဆိုင်ရာ အရာရှိက ရဟန်းတော်များရဲ့ ပတ်စပို့ကို ဒီအတိုင်း ထုတ်မပေးတော့ပါ။ သာသနာရေးဦးစီးဋ္ဌာနက ထောက်ခံစာ ပါမှ ထုတ်ပေးပါမယ်-တဲ့။ မြတ်စွာဘုရား။ ဒုက္ခက အဲသည်မှာ စတော့တာပါ။ သည်ကနေ့တော့ ရှိပါစေတော့။ နောက်တနေ့ ကမ္ဘာအေးသာသနာရေးဦးစီးဋ္ဌာနကို သွားမိပါတယ်။ အကျိုးအကြောင်းပြောပြတော့။ ထောက်ခံစာကို ဒုဝန်ကြီးက လက်မှတ်ထိုးပါမယ်။ အဲသည် ထောက်ခံစာအတွက်

၁။ ပင့်ဖိတ်တဲ့ နိုင်ငံမှာ ရှိတဲ့ မြန်မာသံရုံးရဲ့ တံဆိပ်ပါတဲ့ ပင့်ဖိတ်စာ
၂။ မြို့နယ်သံဃာ့နာယက ထောက်ခံစာ၊
၃။ မြို့နယ် အေးချမ်းဖြိုးထောက်ခံစာ၊
၎။ မြို့နယ် ရဲစခန်းထောက်ခံစာလဲ ပါရမယ်-တဲ့။

ဘုရား ဘုရား။ နံပတ်-၁အတွက် ဘယ့်နှယ် လုပ်ရမှာပါလိမ့်။ ထိုင်ဝမ်မှာ မြန်မာသံရုံးမှ မရှိတာပဲ။ ကဲ ဖြစ်ချင်ရာဖြစ် ဆိုပြီး ထိုင်းသံရုံးကို ဖုံးဆက်ဖြစ်ပါတယ်။ ပထမ ဗမာလိုမေး မရ၊ ဘိုလိုမေး မရ။ ခပ် ခပ် ဆိုပြီး ချွဲတဲတဲ အသံပဲ ကြားနေရပါတယ်။ တော်တော်လေးခပ်ပြီးကာမှ ရွှေသံတသံ ကြားရပါတယ်။ မေးကြည့်လိုက်တော့ သံအမတ်ကြီး။ အမ် အောက်ခြေကိစ္စ သံအမတ်ကြီးနဲ့ ပြောလို့ မကောင်းသေးပါဘူးလေ။ ဆိုပြီး အောက်က ၀န်ထမ်းတယောက်ယောက်နဲ့ ပြောပါရစေ ဆိုတော့ သံအမတ်ကြီးက လိုအပ်တာ ပြောပါ၊ ကူညီပါ့မယ်-တဲ့။ နေပါစေ သံအမတ်ကြီးရယ်။ ၀န်ထမ်းငယ်တယောက်နဲ့ပြောပါ့မယ် ပြောပေမယ့် သံအမတ်ကြီးက သဘော အလွန် ကောင်းရှာပါတယ်။ အလွန်ကောင်းတော့ အကောင်းလွန်တာပေါ့။ တခါတရံမှာ အကောင်းလွန်တာလဲ အလုပ်မဖြစ်ဖူး ဆိုတာ တကယ်ကြုံမှပဲ သိရတော့တယ်။ ပြောပါ ရပါတယ်-တဲ့။ ဒါနဲ့ အကျိုးအကြောင်းပြောပြတော့ ဆရာတော်တပါးကို ထိုင်ဝမ်နိုင်ငံက ပင့်တဲ့ စာအပေါ်မှာ ထောက်ခံချက်ပေးနိုင်ပါသလား ဆိုတော့။ ရဘူး-တဲ့။ မှတ်ကရော။