Sunday, December 20, 2009

နှုတ်ဆက်ခြင်း

လွန်စွာမှ နည်းပါးလှစွာသော မိတ်ဆွေများကို နှုတ်ဆက်ပါတယ်။ ပုံမှန်မရေးဖြစ်တဲ့ ဒီ ဘလော့လေးကို 2010 Jun လအထိ အတိအကျ ရပ်နားထားမလို့ပါ။ ဆင်ခြေတွေ အမျိုးမျိုးပေးပြီး ရှောင်ခဲ့တဲ့ အလုပ်တခု လုပ်ဖြစ်အောင် လုပ်မလို့ ဆိုပါတော့။

ကိုယ်တို့အတွက် ကွက်လပ်က တဖြည်းဖြည်းကျဉ်းလာပြီလေ။ ဘာကွက်လပ်လဲ ဆိုတော့ ဒါပေမယ့် ဆိုတဲ့ ကွက်လပ်ကလေးပါ။ လုပ်သင့်တဲ့ အလုပ်တခုကို ကောင်းမှန်းပင်သိသော်လည်း မလုပ်လိုတဲ့အခါမှာ “ကျွန်တော် လုပ်ချင်ပါတယ်ဗျာ။ ဒါပေမယ့် ဟိုဟာလေး လုပ်စရာရှိလိုပါ။ ဒီဟာလေးလုပ်စရာရှိလို့ပါ။ ” စသဖြင့် ဆင်ခြေတွေပေးဖို့ “ဒါပေမယ့် ” ဆိုတဲ့ ကွက်လပ်ထဲကို ပြေးပြေးပြီး ၀င်နေခဲ့ကြတာ အကြိမ်ပေါင်းများစွာပါ။

ခုတော့ အသက်အရွယ်က ၃၀တောင်အတော် စွန်းလာပြီဆိုတော့ ပေးစရာဆင်ခြေက နည်းသည်ထက် နည်းလာပါပြီ။ အဲဒါကြောင့် ကွက်လပ်ကလဲ တဖြည်းဖြည်း ကျဉ်းလာပြီလေ။ တချိန်က ဇောက်ချပြီး တကယ်လုပ်ခဲ့ပေမယ့် မရင့်ကျက်မှု လိုအပ်တာထက်ပိုပြီး လိုချင်မှုတွေကြောင့် အဆင်မပြေခဲ့ပါဘူး။ အဆိုးဆုံးကတော့

စွန့်လွတ်ခြင်းအားဖြင့် ရလာတဲ့ ရလာဒ်ကို တွယ်တာစိတ်ပါ။ ဟိုးတုံးက တကယ်ကို မသိခဲ့ပါဘူး။
ခုတောဖြင့် လုံလောက်တဲ့ ရင့်ကျက်မှု မရှိသေးသည့်တိုင် လိုအပ်တာထက် ပိုပြီး လိုချင်မှုကတော့ အရင်ကလောက် မများတော့ဘူးလို့ ကိုယ့်ကိုယ်ကို အထင်ရောက်ပါတယ်။ စွန့်လွတ်ခြင်းအားဖြင့်ရလာမဲ့ အကျိုးဆက်မှာလဲ ပြဿနာတွေ တပုံကြီး ဒုက္ခတွေ တထွေးကြီးဆိုတာလောက်တော့ ရိပ်မိနေပါပြီ။

ဘာပဲဖြစ်ဖြစ်လေ လုပ်သင့်တဲ့ အလုပ်တခုကိုတော့ လုပ်ဖြစ်အောင် လုပ်လိုက်ပါဦးမယ်။ Jun လကျမှ တွေ့ကြတာပေါ့။

Thursday, December 3, 2009

အမည်မသိသော

တူညီတဲ့ ယုံကြည်ချက်နဲ့
ပခုံးလာဖက်တဲ့ လူ
သူ
အခု ဘယ်မှာလဲ ?

ယုန်သူငယ် အပြုံးနဲ့
ခြေသလုံး လာဖက်တဲ့ လူ
သူ
အခု ဘယ်မှာလဲ?

လေထန် မိုးသည်း
လွန်ကဲ မုန်တိုင်း
လှိုင်းကြီးမာန်ထ
ရင်ဆိုင်ရတဲ့ အခါ
တောင်ဖြိုရတဲ့ အခါ
တောတိုးရတဲ့ အခါ
ဖက်ထားတဲ့ လက်ချောင်းတွေဟာ
ဖယောင်းလို အရည်ပျော်ကာ
ငါ့ အပါးက ခွါသွားကြ

အင်းလေ
မွန်းတည့်နေအောက်
ငါ့အရိပ်ကတောင် ငါ့ကို ကိုယ်ရောင်ဖျောက်
ဘယ်ပျောက်သွားမှန်းမှ မသိပဲ

အတ္တာဟိ အတ္တနော နာထော
ဘုရားဟောအတိုင်း ရှိစေ
တရားသဘောအတိုင်း အသိစေ။

နွေထဲ
မိုးထဲ
ဆောင်းထဲ
လျှောက်ရဲတဲ့ သတ္တိ
သွေးညှိဖော်မလို
ငါ တကိုယ်တော်
ငါ့ခြေပေါ် ငါရပ်ဖို့
ငါ့ကိုယ်ငါ တပ်လှန့်လိုက်ပါပြီ။

[1996 ၀ဲယာလောက်က စာပေဂျာနယ်မှာ ဖတ်ဖူးတဲ့ ကဗျာတပုဒ်ပါ။ ကဗျာ ဆရာ ကဗျာရဲ့ ခေါင်းစဉ်ကို မသိပေမယ့် နှုတ်ထဲမှာ ကနေ့အထိ အလွတ်ရနေတာကြောင့် တင်ပြလိုက်ပါတယ်။ သိသူများရှိရင် ပြောပေးပါ။]

Sunday, November 29, 2009

ရွှေမြန်မာ, ရေမြှုပ်ဗုံး, Black Dream နှင့် White Dream


[ ညီငယ်တယောက်က သူ့ အင်တာနက်စာမျက်နှာမှာ လူငယ်တွေ လောလောဆယ် ကြုံနေရတဲ့ အခြေအနေနဲ့ သူ့အမြင်ကို တင်ပြထားတာ ဖတ်လိုက်ရပါတယ်။ ကောင်းပါတယ်။ ဒါပေမယ့် သူ့ ဆောင်းပါးထဲမှာ သူ့ဦးတည်ချက်နဲ့ မဆိုင်တဲ့ ပြောစရာ တခုပဲ ရှိလာပါတယ်။ ပြောချင်တာလေးတွေကို သူ့ဆီကို အီးမေးလ်ပို့လိုက်တော့ ပို့လိုက်တဲ့ စာကိုပဲ သူ့ အင်တာနက်စာမျက်နှာမှာ တင်ချင်ပါတယ်-တဲ့။ တင်ဖို့ ပြောလိုက်ပါတယ်။ ဒီမှာလဲ ထပ်ထင်လိုက်ပါတယ်။]


ညီ
ခုရေးနေတဲ့ ဆောင်းပါးလေးကို ဆက်ရေးစေချင်ပါတယ်။ အကျိုးများမယ့် ဆောင်းပါးကောင်း တခု ဖြစ်ပါတယ်။ ဦးဇင်းတို့တွေအတွက် မအပ်စပ်ဖူးလို့ ထင်ရပေမယ့် ကိုယ့်တပည့်တွေနဲ့ ကိုယ့်ပတ်ဝန်းကျင်အတွက်တော့ အင်မတန်မှ အရေးပါတဲ့ အကြောင်းအရာတခုပါ။ ဆရာအောင်သင်းကတော့ အသိမှာ ခံစားသိနဲ့ ကြံဆသိ ဆိုပြီးတော့ နှစ်မျိုးရှိပါတယ်လို့ ဆိုပါတယ်။ အဲဒီ နှစ်မျိုးထဲမှာ ခံစားသိဆိုတာကို ကိုယ်တိုင် ကြုံဖူးမှ ရနိုင်ပါတယ်-တဲ့။ အဖြစ်အပျက်တိုင်းကို ကိုယ်တိုင် ကြုံဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဦးဇင်းတို့အတွက် ပိုပြီး မဖြစ်နိုင်ပါဘူး။ ကြုံဖူးသူတွေ ရေးတဲ့ စာပေကို ဖတ်ရမှသာလျင် ဦးဇင်းတို့အတွက် အလွန်ဆုံး ရနိုင်တာက ကြံဆသိပါ။ ဘာသိပဲ ဖြစ်ဖြစ်ပေါ့လေ။ အနဲဆုံး ရွာကို ပြန်ပြီး ဆရာလုပ်မဲ့ ဦးဇင်းတို့အတွက်တော့ လိုအပ်ပါတယ်။ ဘုမသိ ဘမသိ ဆရာဖြစ်တာထက် စာရင် နဲနဲပါးပါး သိပြီး ဆရာလုပ်တာက တဖက်လူအတွက် အကျိုများမလားလို့ပါ။

ဦးဇင်း ပြောချင်တာကတော့ ဆောင်းပါးရဲ့ ဦးတည်ချက်နဲ့ ဘာမှ မသက်ဆိုင်ပါ။ ရေမြှုပ်ဗုံးအကြောင်းနဲ့ ပတ်သက်ပြီးတော့ နဲနဲပြောချင်ပါတယ်။ ဦးဇင်းနဲ့ ဒကာဘလက်ခ် တယ်လီပသီများ ရှိနေရော့သလားမသိပါဘူးဗျာ။ ရေမြုပ်ဗုံးအကြောင်းရယ် ဟိုတခါ မေးထားတဲ့ မေးခွန်းအကြောင်းရယ်ကို စာရေးမလို့ ပြင်ဆင်နေတာပါ။ ဆောင်းပါးမှာ ဘုန်းကြီးတွေအကြောင်း မကောင်းသတင်းပါလို့ တုံ့ပြန်တယ်လို့တော့ မမှတ်ယူစေချင်ပါ။

ရေမြှုပ်ဗုံး အကြောင်း ပြောကြတာ အကြောင်းနှစ်ခု ရှိလိမ့်မယ်လို့ ထင်ပါတယ်။ ပထမ တခုက ဗမာတွေရဲ့ ဗီဇကြောင့်ပါ။ ဗမာ့ ဗီဇက ဘာလဲ ဆိုတော့ ကိုယ့်ကိုယ်ကို သိပ်ပြီး အထင်ကြီးကြပါတယ်။ မြှင့်လို့လဲ တွက်ကြပါတယ်။ ငယ်တုံးက သင်ရတဲ့ သင်ရိုးညွှန်းတမ်းစာအုပ်ထဲမှာ ပါတဲ့ ဦးဗဂျမ်းရဲ့ ကာတွန်းတကွက်ကို မှတ်မိဦးမလားပဲ။ လူနှစ်ယောက် အချီအချ စကားပြောတဲ့ ပုံပါ။ တယောက်က “အဘရေ အနောက်နိုင်ငံမှာတော့ လေယာဉ်ပျံတွေ ပေါ်နေပြီတဲ့”-လို့ ပြောတဲ့ အခါ ကျန်တယောက်က “သူတို့က အခုမှပါဗျာ၊ ကျုပ်တို့ ချာရာဏသီမှာလေ။ မယ်သီတာကို မင်းဒသ ခိုးတုံးကတည်းက လေယဉ်သုံးနေပြီဗျ”-လို့ ပြောပုံကို ဆွဲထားတဲ့ ကာတွန်းလေးပါ။ အဓိပ္ပါယ်တူ ကာတွန်း လေးကွက် ဆွဲထားပါတယ်။ ကျန်သုံးကွက်ကိုတော့ မမှတ်မိတော့ပါ။

အဲဒါ ကိုယ်တို့ လူမျိုးရဲ့ ဗီဇကို အတိအကျ ဖော်ပြတာပါပဲ။ အဆိုးဆုံးတခုကတော့ အရှုံးကို လက်မခံနိုင်ပါဘူး။ ကိုယ့်ညံ့ရင် ညံ့တယ်။ မှားရင် မှားတယ်လို့ ဘယ်တော့မှ မထင်ပါဘူး။ ကိုယ်အသုံးမကျတာကို ၀န်မခံပဲ အခြေအနေတခုခု ဒါမှမဟုတ်ရင် တခြားလူ တယောက်ယောက်ကို အပြစ်ပုံချချင်ကြတယ်လေ။ (အဲဒီအထဲမှာ ဦးဇင်းလဲ ထိပ်တန်းတနေရာမှာ ခုထက်ထိ ပါနေဆဲပါ။)

နောက်အကြောင်းတခုက ဘာသာရေးသည် လူတွေတိုးတက်မှုရဲ့ အဟန့်အတားဖြစ်တယ်လို့ အထင်ရောက်သူတွေ ၀ါဒဖြန့်ကြတဲ့အခါ သုံးတဲ့ ပါးစပ်ပုံပြင် တပုဒ်လို့ပဲ ယူဆပါတယ်။ အထူးသဖြင့် တပ်မတော်နဲ့ ဘုန်းတော်ကြီးတွေကြားမှာ သွေးခွဲတဲ့ ဇာတ်လမ်းတပုဒ်ဆိုရင်လဲ မှားမယ် မထင်ပါဘူး။

အင်္ဂလိပ်တွေ မန္တလေးနန်းတော်ကို သိမ်းတဲ့ အင်္ဂလိပ်တွေက သိမ်းမိတဲ့ ပစ္စည်းတွေ မှတ်တမ်းမှတ်ရာတွေကို စာရင်းလုပ်ထားတာ ခုထက်ထိ ရှိတယ်လို့ ကြားဖူးပါတယ်။ ပစ္စည်းစာရင်းထဲမှာ ရေမြုပ်ဗုံးနဲ့ ပတ်သက်တဲ့ အရာဆိုလို့ တခုမှ မပါပါဘူး-တဲ့။ မှတ်တမ်းမှတ်ရာလဲ မပါပါဘူး။ အစီရင်ခံစာထဲမှာ ပါတာတခုကတော့ မြန်မာတွေ အဖို့ တော်တော်ရှက်စရာကေင်းပါတယ်။

ငယ်တုံးက သင်ခဲ့ရတဲ့ သမိုင်းနဲ့တော့ ပြောင်းပြန်ပါ။ ဦးဇင်းတို့ ငယ်ငယ်က “ကျွန်ုပ်တို့ မြန်မာလူမျိုးများသည် သူ့ကျွန်မခံ စိတ် အမျိုးချစ်စိတ် ထက်သန်စွာ ရရာလက်နက် စွဲကိုင်ကာ အပြင်းအထန် ခုခံတွန်းလှန် တိုက်ခိုက်ပါသော်လည်း လက်နက်ချင်း မမျှသောကြောင့် အညံ့ခံခဲ့ကြလေသည်။” လို့ သင်ခဲ့ရတာပါ။

သူတို့ ဖက်ကမှတ်ချက်ကတော့ “ဗမာတွေသည် အင်္ဂလိပ်တပ်ကို ခံချနိုင်တဲ့ လက်နက်တွေ အထိုက်အလျောက် ရှိပါလျက်နဲ့ အဘယ်အကြောင်းကြောင့် မခုခံပါလိမ့်-ဆိုတာကို နားမလည်နိုင်ပါ။” တဲ့။

ထားပါတော့လေ။ လူပြော သိပ်များနေတဲ့ ရေမြှုပ်ဗုံးအကြောင်းကိုပဲ ပြောကြရအောင်ပါ။ အဲဒါကို မပြောခင် အဲဒီခေတ်က ဘုရင်နဲ့ ဘုန်းတော်ကြီးများ ဆက်ဆံရေးကို အရင်ပြောချင်ပါတယ်။ သက်ဦးဆံပိုင် ဘုရင်ဆိုတာ အာဏာ အလွန်ပြင်းတာပါ။ သူတို့ သဘောနဲ့ မတိုက်ဆိုင်ရင် တခြားသူ မဆိုထားနဲ့ သူတို့ရဲ့ အစ်ကိုရင်း ညီရင်း အစ်မအရင်း အကုန်သတ်ပါတယ်။ သူတို့ကို အသက်နဲ့ရင်းပြီး နန်းတင်ခဲ့တဲ့ သူကိုတောင် သတ်ဖို့ ၀န်မလေးကြပါဘူး။ တချို့ဆိုရင် အဖေကိုတောင် သတ်ကြပါတယ်။ ငယ်ဆရာတို့ ဘုန်းကြီးတို့ဆိုတာ ညှာရကောင်းမှန်းတောင် သိမယ် မထင်ပါဘူး။

တကယ်တော့ အဲဒီခေတ်မှာ ဘုရင်ကို ဆန္ဒပြဖို့ နေနေသာသာ စကားတောင် ကျယ်ကျယ် မပြောရဲပါဘူး။ ပါးစပ်ရဲလှပါတယ် ဆိုတဲ့ ဗန်းမော်ဆရာတော်သည်ပင် မင်းမှုရေးရာနဲ့ ပတ်သက်လို့ တခွန်းတပါဒါမှ ၀င်မပြောခဲ့ပါ။ ယုတ်စွအဆုံး ဘုရင်မပြောနဲ့ ဘုရင်ရဲ့ မိန်းမ(မိဖုရားကြီးမဟုတ်ပါ) ရှေ့မှာတောင် ဘုန်းတော်ကြီးများ တင်ပလ္လင်ခွေ ထိုင်ခွင့်မရှိပါဘူး။ ဒါ တကယ့် အမှန်တရားပါ။ သိမှီလိုက်တဲ့ လူကြီးသူမများကို မေးကြည့်နိုင်ပါတယ်။ ခိုင်လုံတဲ့ မှတ်တမ်းတခု သိချင်ရင် ဒွါရဂိုဏ်းကို တည်ထောင်တဲ့ အုတ်ဖိုဆရာတော်ရဲ့ အတ္ထုပ္ပတ္တိကို ဖတ်နိုင်ပါတယ်။ သီပေါဘုရင် နန်းကျ၊ ကုလားပြည် ရောက်၊ ဟိုမှာ နတ်ရွာစံတယ်ပဲ ဆိုပါတော့။ နောက်တော့ သူ့မိဖုရားတွေ မြန်မာပြည်ကို အပြီး ပြန်လာတယ်။

အဲဒီအချိန်မှာ အုတ်ဖိုလ် ဆရာတော်ကို မိဖုရားတပါးကပင့်လို့ သူတို့အိမ်ကို ကြွခဲ့တယ်။ တခြားဆရာတော်တွေလဲ ပါပါတယ်။ အိမ်ရောက်တော့ တခြားဆရာတော်တွေက ပုဆစ်တုပ်ပြီး ထိုင်ပါတယ်။ အုတ်ဖိုဆရာတော် တပါးတည်းပဲ သူတို့ ရှေ့မှာ တင်ပလ္လင်ခွေပြီး ထိုင်မိတယ်။ အဲဒီအခါမှာ လူတွေဆိုရင် ခုချက်ချင်း မိုးကြိုးပဲ ပစ်တော့မလား။ မြေပဲ မြိုတော့မလားတောင် ထင်ကြပါတယ်။ ရဟန်းလောကမှာလဲ အံသြဘနန်းဖြစ်ခဲ့ပါတယ်။ ဒီဘုန်းကြီးတော့ တနည်းနည်းနဲ့ မကြာခင်မှာ ခေါင်းနဲ့ ကိုယ် အိုးစားကွဲတော့မယ်လို့ ယုံသူတွေ အတော်ကို များခဲ့ပါသတဲ့။ သူတို့ခေတ်ကုန်ရုံတွင်မကပါဘူး။ မြောင်းထဲ ရောက်လုလု အချိန်ပါ။ ဘာပါဝါ ဘာအာဏာမှ မရှိတော့ပါဘူး။ သူတို့မွေးတဲ့ သားသမီးကိုတောင် သူတို့ ထိမ်းသိမ်း စောင့်ရှောက်ခွင့် မရှိတော့တဲ့ အချိန်ပါ။ သူတို့ အာဏာရှိစဉ်မှာ ဆိုရင် စဉ်းစားကြည့်နိုင်ပါတယ်။

နောက်တခုကတော့ ဒေါက်တာတိုးလှရေးတဲ့ ကုန်းဘောင်ရွှေပြည်ဆိုတဲ့ စာအုပ်မှာလဲ မင်းတုံးမင်းကြီးတို့ လက်နက်အင်အားအကြောင်း နဲနဲ ပါပါတယ်။ သူကလည်း ရေမြုပ်ဗုံးကိစ္စဟာ မဖြစ်နိုင်ဘူးလို့ပဲ ယုံကြည်ပါတယ်။ မင်းတုံးမင်းကြီးရဲ့ လက်နက်စက်ရုံက ထန်းလုံးပစ် အမြောက်ကြီးတွေ တလကို အတော်များများ ထုတ်နေတယ် ဆိုပါတယ်။ တလကို အလက် ၂၀ လား ဘယ်လောက်လဲတော့ မသိဘူး။

တခုပဲ စဉ်းစားဖို့ ရှိပါတယ်။ အင်္ဂလိပ်နဲ့ တိုက်ရင် နိုင်နိုင်တဲ့ ရေမြုပ်ဗုံးကိုတော့ ဘုန်းကြီးတွေဆန္ဒပြလို့ ငါးတွေအပေါ် သနားဂရုဏာ ကြီးမားစွာနဲ့ သာသာနာပြု မင်းတြားကြီး ပီပီ မထုတ်ခဲ့ဖူး။ တခါပစ်ရင် လူ ၂၀ လောက်သုံးပြီး ပစ်မှ ကိုက် ၁၁၀-လောက် အမြောက်ဆံရောက်တဲ့ အမြှောက်ကျပြန်တော့ နင်းကန်ထုတ်တယ် ဆိုတာ တော်တော်ကို ယုတ္တိမရှိတာပါ။

မင်းတုန်းမင်းကြီးကို မင်းကောင်းတပါးအဖြစ်ပဲ ဦးဇင်းတို့ မြင်ပါတယ်။ ဦးဇင်းတို့တွင်လားဆိုတော့ မဟုတ်ပါ။ ခရစ်ယာန်ဘုန်းတော်ကြီးများလဲ ထို့အတူ မြင်ပါတယ်။ ဘာကြောင့်ပါလဲ။သူတို့ကို မင်းကြီးက အများကြီး အကူအညီပေးဖူးပါတယ်။ သာသနာပြုခွင့်တွေ ပေးတယ်။ အလှူငွေတွေ ထောက်ပံ့တယ်။ ခရစ်ယန် ဘုန်းတော်ကြီးများက မင်းကြီးသည် ခရစ်ယာန်သာသနာ စည်ကားအောင် ထောက်ပံ့နေတယ်လို့ ထင်ရလောက်အောင်ကို ထောက်ပံ့ခဲ့တာပါ။ သူ့သားတွေကို ခရစ်ယာန်ဘုန်းတော်ကြီးဆီမှာ အပ်ပြီး ပညာသင်စေပါတယ်။ ဘုရင့်မျက်နှာနဲ့ သူတို့လဲ သာသနာပြုတဲ့ နေရာမှာ အတော်ခရီးရောက်ခဲ့ပါတယ်။ ဒါတွေကို မင်းကြီး သိခဲ့ပါတယ်။

နောက် စူရတီ စွန္နာဝိုရာဂျွမ္မာ ဆိုတဲ့ မွတ်စလင်ကုလားတယောက်ကိုလဲ အတော် ဦးစားပေးပါတယ်။ [နန်းတွင်းဗလီကိုတောင် စူရတီ စွန္နာဝိုရာဂျွမ္မာပဲ ဆောက်တယ် ထင်ပါတယ်။ မသေချာပါ။] သေချာတာကတော့ ဈေးချို မြောက်ဖက်က ဗလီကို စူရတီ စွန္နာဝိုရာဂျွမ္မာ ဆောက်ပါတယ်။

ဒါဖြင့်ရင် ပဉ္စမသံင်္ဂါယနာတင် သာသနာပြု ထိပ်ခေါင်တင် မင်းတြားကြီးသည် အဘယ့်ကြောင့် မိမိ၏ ဘာသာကို ဖျက်ဆီးမည့် မိစ္ဆာဒိဋ္ဌကို အားပေးရပါသလဲ။ အကြောင်းရင်းကတော့ သူတို့အဆက်အသွယ်နဲ့ ဥရောပဖက်က သေနတ်တွေကို ၀ယ်ချင်လို့ပါ။

ဗထက်ချိုက် တစ်တောင့်ထိုး ရိုင်ဖယ်သေနတ် အနည်းငယ်အတွက် သာသနာ့အကြီးဆုံး အန္တရာယ်တခုကို လက်ယပ်ခေါ်ခဲ့တာပါ။ ဒီအတွက် မင်းတုံးမင်းကြီးမှာ အပြစ်မရှိ။ မင်းတုန်းမင်းကြီး၏ အမှားမဟုတ်။ နိုင်ငံရေး စစ်ရေးအရ ဒီလိုပဲ လုပ်ရမှာပါ။ ဘုရင်အလုပ်ကို ဘုရင်လုပ်တာပဲ ဖြစ်ပါတယ်။ မင်းတုန်းမင်းရဲ့ သဘော သဘာဝကို သိအောင် ရေးပြနေခြင်းသာ ဖြစ်ပါတယ်။ အကယ်ရွေ့သာ ရေမြုပ်ဗုံးကိစ္စ ဟုတ်ရိုး မှန်ခဲ့ရင် မင်းတုံးမင်းသည် ခရစ်ယန် ဖားသားကိုလဲ အလေးထားမှာ မဟုတ်သလို စူရတီကုလားကိုလဲ ဖားမှာ မဟုတ်ပါဘူး။

ဘုန်းကြီးများ ဆန္ဒပြတယ်ပဲ ထားအုံး။ မှန်ပါ့ ဘုရား၊ တင်ပါ့ ဘုရား-ဆိုပြီး ဆက်လုပ်ရင် ဘယ် ဘုန်းကြီးက ဘာသိမှာ တဲ့လဲ။ ဒီပုံစံ ဒီအချိုး ချိုးပြီး ဆုံးဖြတ်ချခဲ့တဲ့ ထုံးတွေလဲ ရှိပါတယ်။ ဒါကိုပဲ သူတို့က ရာဇပရိယာယ်လို့ သုံးနေကြတာပါ။ မင်းတုံးမင်း လက်ထက်မှာ ဆရာတော်များ သပိတ်မှောက်တယ်ဆိုတာ သာသနာဝင် မှတ်တမ်းမှာလဲ မပါပါဘူး။ ခိုင်လုံတဲ့ ရာဇ၀င်မှတ်တမ်းမှာလဲ မဖတ်ဖူးပါ။ ဦးဇင်း စာဖတ်အားနည်းလို့ မဖတ်မိရင်တော့လဲ မသိဖူးပေါ့လေ။ ညီဝင်းစိန်တို့ ကတဲ့ ပါတော်မူခန်း ပြဇာတ်မှာတော့ ကနောင်မင်းသားကြီး ငိုချင်းချတာ ပါမလားတော့ မပြောတတ်ဖူး။

တက္ကသိုလ် စိန်တင်ကလဲ ရေမြှုပ်ဗုံး ကိစ္စ မင်းတုံးမင်းကြီး တားလို့ ကနောင်မင်းသားကြီးနဲ့ ယောမင်းကြီး ခေါင်းချင်းဆိုင်ပြီး ခါးပုံစနဲ့ မျက်ရည်သုတ်ပြီး ငိုကြောင်း ရေးတာတော့ ဖတ်ဖူးပါတယ်။ သူရေးသလို အိမ်ရှေ့မင်းသားနဲ့ အမတ်မင်းတို့ ယောက်ျားရင့်မာကြီးတွေ ခါးပုံစလေးတွေနဲ့ မျက်ရည်သုတ်သုတ်ပြီး ငိုနေတဲ့ ပုံစံကို မှန်းကြည့် စမ်းပါဗျာ။ သူတို့ကို အသက်နဲ့စက်ပြီး လေးစား ကြည်ညိုနေတဲ့ သူတွေရဲ့ ရှေ့မှာ ကြီးကောင့် ကြီးမားနဲ့ ငို၏ မငို၏ ဆိုတာကိုပါ။

လက်နက်တခုကို စမ်းတယ်ဆိုတာ အောင်မြင်ပြီးသား အရာတခုကို သေချာ သွားအောင် အတည်ပြုချက် ရယူတဲ့ သဘော ဖြစ်ပါတယ်။ ကြောင်ပေါက်စ တစ်ကောင်ကို အထီးလား အမလား သိချင်လို့ အမြီးလှန်ပြီး ကြည့်သလောက် လွယ်မယ် မဟုတ်ပါဘူး။ ခေတ်ပညာတတ်လဲဖြစ် ဒီအပိုင်းမှာ နီးစပ်မှုလဲ ရှိတဲ့ မောင်ရင်တို့ ပိုသိပါတယ်။ အမေရိကန်သည်ပင်လျင် အနုမြူဗုံးကို စမ်းခဲ့စဉ်က သုံးလုံး လုပ်ပြီး တလုံးကို စမ်းခြင်းဖြစ်ပါတယ်။ ကျန်တဲ့ နှစ်လုံးကို ဂျပန်မှာ ချပါတယ်။ ချအပြီးမှာ ရုပ်တည်ကြီးနဲ့ ဖိန့်ပါတယ်။ ကံကောင်းလို့ ဂျပန်က ယုံသွားတာပါ။ (အမှန်က သူတို့ ရှိတဲ့ ဗုံးက ဒါအကုန်ပဲ။ ထပ်ချဖို့ လက်ကျန်မရှိတော့ပါဘူး။ ဂျပန်ကသာ ဆက်တင်းခံရင် သူတို့လဲ တကယ့်ကို ဒုက္ခရောက်မဲ့ အပေါက်ပါ။)

မင်းတုန်းမင်းကြီးက “ညီတော်ရေ မင်းရေမြှုပ်ဗုံးကြောင့် ငါးတွေ လိပ်တွေ သေလိမ့်မယ်။ ရပ်လိုက်တော့နော်။ ” လို့ ပြောချိန်မှာ ကနောင်ကလဲ “ဟုတ်ကဲ့ ခင်ည။” ဆိုပြီး ဖုတ်ဖက် ခါထ၊ ခါးတောင်းကြိုက်ဖြုတ်လိုက်ရုံနဲ့ ဇာတ်လမ်းက ပြီးမှာမှ မဟုတ်တာ။ ၀ါးဆစ်ဗူးထဲ ထုံးထည့်ပြီး စမ်းတာဆိုရင်တော့ တမျိုးပေါ့လေ။

ကနောင်မင်းသားကြီးတို့ အုပ်စုကို အထင်သေးလွန်းလို့ ဒီစကားပြောတာ မဟုတ်ပါဘူး။ သူတို့ခေတ်က ဒီပညာရပ်ကို တကယ် တတ်ခဲ့ရိုးမှန်ရင် ဒီကနေ့ခေတ် သက်ဆိုင်ရာ နယ်ပယ်တွေမှာ ကျေးဇူးပြုနေမှာ ဖြစ်ပါတယ်။ ဥပမာ ယောမင်းကြီးရဲ့ မြန်မာအက္ခရာဖြင့် ကြေးနန်းရိုက်နည်းဆိုပါတော့။ ဒီကနေ့ Unicode Font -လုပ်တဲ့အခါမှာ ကျေးဇူးပြုလာပါတယ်။

ကနောင်မင်းသားကြီးတို့ ရေမြှူပ်ဗုံး လုပ်နိုင်ခဲ့ပါတယ် ဆိုရင် သူတို့ရဲ့ နည်းပညာက ဒီကနေ့ တပ်မတော် လက်နက်ထုတ်လုပ်ရေးမှာ တဖက်တလမ်းက ကျေးဇူးပြုနေမှာ ဖြစ်ပါတယ်။ အဲဒါတော့ ခုထက်ထိ မကြားမိသေးပါ။ ဦးဇင်းတို့နဲ့ မသက်ဆိုင်တာ မို့ မသိတာလဲ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

တကယ်တော့ လောကီနယ်မှာ လူဆိုတာ ပတ်ဝန်းကျင်ထက် သာလွန်းရင် ခေါင်းတလုံးစာပဲ သာနိုင်ပါတယ်။ ဒါထက်ပိုပြီးသာလို့ မရပါဘူး။ ပြင်သစ်ကို သွားပြီး ဖန်ချက်အတတ် သင်ခဲ့တဲ့သူက ရေမြှုပ်ဗုံးလုပ်တတ်စရာ အကြောင်းမမြင်ပါ။ ကိုရွှေ ဖရန်စစ်(France) တို့ကလည်း သူတို့တောင် မရသေးလို့ အရှုးအမူးလိုချင်နေတဲ့ နည်းပညာတခုကို မြန်မာများကို သဒ္ဓါတရား ထက်သန်စွာနှင့် သင်ပေးလိမ့်မယ် လို့တော့ မထင်မိပါ။

စာလဲ ရှည်သွားပြီ။ အားလုံး ကြားဖူးတဲ့ လေမျိုး ၈၀-ဇာတ်လမ်းနဲ့ပဲ နိဂုံးချုပ်ချင်ပါတယ်။ တခါက ဗမာတယောက် ယိုးဒယားလေဆိပ်မှာ စစ်ဆေးတဲ့အခါ လျက်ဆားတပုလင်း တွေ့လို့ Custom အရာရှိကခေါ်မေးပါ သတဲ့။ လျက်ဆားပုလင်းပေါ်မှာပါတဲ့ စာကို ဘာသာ ပြန်ခိုင်းတဲ့အခါ ကိုရွှေမြန်မာက 80 Types of Wind. လို့ တိုက်ရိုက် ဘာသာပြန်တယ် ဆိုပဲ။ လေမျိုး ၈၀-က ဘာတွေလဲ မေးတော့ ကိုရွှေမြန်မာက မဖြေနိုင်ဘူး-တဲ့။ အဲဒီတော့ ယိုးဒယား Custom အရာရှိက “ လေမျိုး ၈၀ ရှိတယ်ပဲ ထားပါဗျာ။ ခင်ဗျားတို့ ဗမာ ဘယ်လောက်စွမ်းတယ် ပြောပြော။ အဲဒီ လေမျိုး ၈၀ကို အမှုန့်လုပ်တဲ့ အထိတော့ စွမ်းနိုင်မယ် မထင်ပါဘူး” လို့ မှတ်ချက်ပေးလိုက် ပါသတဲ့။

ဒကာ ဘလက်ရေ ကျုပ်တို့ ရေမြုပ်ဗုံးကလဲ 80 Types of Wind- ပဲလား မသိပါဘူးဗျာ။ ကျွမ်းကျင်သူတွေ ကြားရင်တော့ ဘယ်လိုများ မှတ်ချက် ပေးဦးမယ် မသိ။ ကြားတော့လည်း ကြားချင်စမ်းပါဘိ။

Tuesday, September 29, 2009

သူ့ မေမေ



မိတ်ဆွေတယောက်က သူ့မေမေမွေးနေ့ အမှတ်တရ စာတစောင်ပို့လာသည်။ ထုံးစံအတိုင်း အမေကို ချစ်သည့် အဝေးရောက်သားဆိုတော့ အမေ့ကို ဘယ်လောက် သတိရကြောင်း ငယ်စဉ်က စလို့ ခုချိန်အထိ မေမေ သူ့အပေါ် ဘယ်လောက် ကောင်းကြောင်းတွေ ပါသည်ပေါ့။ ကိုယ်ကလည်း သူတို့ သားအမိအကြောင်း တစွန်းတစ ကြားဖူးထားတော့ ငယ်တုံးက ကြက်မွှေးတံမြက်စည်း တချောင်း ကုန်အောင် ရိုက်တာလဲ ထည့်မရေးပါလား-ဟု စ မိသည်။ “အမေ့ကို ချစ်တော့ အားလုံးကို အပြစ်လို့ မမြင်တော့ဘူးလေ”- ဟု ဆိုပါသည်။ ထိုစကားကို ကြားလျင် သူတို့ သားအမိအကြောင်း မသိသူများကတော့ ယုံကောင်းမှ ယုံပေလိမ့်မည်။ ကြားဖူးသူများအတွက်မူ မယုံစရာတော့ မရှိပါ။

ကိုယ်ကလည်း သူ့မေမေအကြောင်းကို ဂဃနဏ သိချင်နေ၏။ ခက်သည်က သူမေမေနှင့် ကိုယ်က မရင်းနှီး။ မိတ်ဆွေတွေ အများကြီးစုပြီး သူ့အိမ်ရောက်သွားတုန်းက တခါဆုံဖူးသည်။ နောက်တော့ ဖြတ်သွား ဖြတ်လာ လှစ်ကနဲ လှစ်ကနဲ ဖြင်ဖူးလိုက်သည်။ တခါမှ စကားပြောခွင့်မကြုံခဲ့။ မွန်လူမျိုးဆိုတော့ မျက်နှာဝိုင်းဝိုင်း အသားဖြူဖြူ ဒါလောက်ပဲ မှတ်မိသည်။ ခုနေအခါ လမ်းမှ တွေ့လျင်သော်မှ မှတ်မိပါမည်လား မဆိုနိုင်။

မိတ်ဆွေကို မေးကြည့်တော့ သူနှင့် သူ့မေမေအသက်က ၁၇နှစ်လောက်သာ ကွာသည်-တဲ့။ သည်လိုဆိုတော့ ဆယ်ကျော်သက်အရွယ်မှာ အိမ်ထောင်ကျခဲ့သည်ပေါ့။ သည့်နောက်တွင် မတော့ ကံအားလျော်စွာ သူ့မေမေက လူလား မမြောက်တမြောက်အချိန်မှာ ဘ၀ခရီးကြမ်းကို တယောက်တည်း ရင်ဆိုင် ဖြတ်သန်းခဲ့ရသည်။ သူကလည်း လူမှန်း မသိခင်ကတည်းကပင် လောကဓံကကို ခပ်ကြမ်းကြမ်း ကြုံခဲ့ရသည်။

သည်တော့ ဘ၀ကို သားအမိနှစ်ယောက် အတူရုန်းကန်ခဲ့ရသည်လေ။ သူတို့ အနေအထားက တယောက်လဲသည့် အချိန်မှာ တယောက်က ထူ၍ တယောက်ပူသည့်အခါ တယောက်က မအေးနိုင်သည့် အနေအထား။ သည်တော့ သူတို့နှစ်ယောက် ဆက်ဆံရေးသည် သားအမိ ဆက်ဆံရေးထက် ရဲဘော်ရဲဘက်လို ဆက်ဆံရေး မိတ်ဆွေလို ဆက်ဆံရေး မောင်နှမလိုဆက်ဆံရေးက ပိုလို့များသည် ထင်၏။ ထို့ကြောင့်ပင် သံယောဇဉ်ပိုပြီး ကြီးကြလေသလား မဆိုနိုင်။ ထိုအကြောင်းကိုလည်း စိတ်ဝင်စားသည်။

တလောက ညကြီးမင်းကြီး သူတို့ သားအမိ G-talk ဖြင့် စကားပြောကြသည်။ ပထမတော့ ဗမာစကားကို မွန်အသံထွက်ဖြင့် စပြော၏။ နောက်တော့ မွန်လိုသက်သက် ပြော၏။ ဘယ်လိုပင်ပြောပြော မွန်စကားသံဆိုသည်က ရင်ထဲမှ ဟိန်းထွက်သည့် အသံမျိုးပေကိုး။ ပြောနေသူများတော့ မသိ ကြားသူအဖို့ အားပါးတရ ရှိလှသည်။ ဆိုတော့ တိုးတိုးပြောသည့်တိုင် တခန်းလုံး ညံသွားတော့သည်။ နံဘေး အခန်းဖော်ကလည်း သူ့အပူနှင့် သူ ဆိုတော့ ခံနိုင်ပုံမရ။ ကိုယ်ကတော့ နားလည် နိုင်သည်လေ။

သည်သားအမိတွေ ပြောစရာ အများကြီး ရှိပေမည်။ သားအမိလို အသိပေးဖို့ ရဲဘော်ရဲဘက်တယောက်လို အားပေးဖို့ မိတ်ဆွေတယောက်လို အကြံဥာဏ်တွေ ပေးကြဖို့ မောင်နှမတွေလို နှစ်သိမ့်ဖို့ သူတို့အဖို့ ပြောစရာ များစွာရှိပေလိမ့်မည်။ ဘာပြောမှန်းတော့ မသိ။ စိတ်ပူစရာ တခုခုကို ပြောနေသည် ဟုတော့ သိနေသည်။ သူတို့ ပြောပြီးမှ မေးကြည့်တော့ သားတော်မောင် ပူမည် ဆိုလည်း ပူစရာ။

အဲသည် အချိန်တုံးက ပတ်စပို့ ရုံးနားမှာ ပွဲစားအတော်များများကို သက်ဆိုင်ရာက ခေါ်ယူ မေးမြန်းမူများ ပြုလုပ်နေသည်-တဲ့။ အရပ်စကားနှင့် ပြောတော့ လိုက်ဖမ်းနေသည်ပေါ့လေ။ ကောလာဟလကတော့ မျိုးစုံ။ ဘယ်သူတွေကို အမြန်ဆုံးနည်းနဲ့ ပတ်စ်ပို့ လုပ်ပေးလိုက်လို့ဆိုလား ဘာဆိုလား။

သူ့မေမေက ထိုလုပ်ငန်းနှင့် ဆက်စပ်သည်လေ။ စင်္ကာပူမလေးရှားသို့ အလုပ်သွားလုပ်လိုသည်များကို ၀န်ဆောင်မှုပေးသည် ဆိုပါတော့။ ထိုသူများအတွက် ပတ်စပို့ရအောင် မလေးရှားတွင် အလုပ်ရအောင် စီစဉ်ပေးသည်။ ပြီးတော့ သူတို့ဆီက ၀န်ဆောင်ခ ယူသည်ပေါ့။ လွယ်လွယ်လေးပဲ- ဟု မအောက်မေ့ပါနှင့်။ ရွှေပြည်ကြီးမှာ ပတ်စ်ပို့ လုပ်ဖူးသူတိုင်း ကြုံဖူးအံ့ထင်၏။ ပတ်စ်ပို့ ရဖို့အရေး စာရွက်စာတမ်းပေါင်း သောင်းခြောက်ထောင် လိုသည်ရော မလိုသည်ရော အကုန်တင်ရသည်။ တခေါက်တည်းနှင့်တော့ ဘယ်လိုမှ မပြီးနိုင်။ နယ်မှ လုပ်သည့် ပုဂ္ဂိုလ်များအတွက်ဆိုလျှင် ရန်ကုန်မှာ သွားလာ နေထိုင် စားသောက်စရိတ်ကပင် အတော်ထောင်းသည်။ သည်တော့ သူ့မေမေက ထိုတာဝန်အားလုံးကို စုဆောင်းပြီး လုပ်ပေးသည်လေ။ ပြီးတော့ မမြင်ဖူးသည့် မလေးရှားက ကုမ္ပဏီမှ အလုပ်ခန့်စာရအောင် မလေးရှားဗီဇာရအောင် ဒလက်လည်နေအောင် အလုပ်များသည်။

“သည်လုပ်ငန်း လုပ်နေမှပဲ လည်လည်ဝယ်ဝယ်ရှိမှာပေါ့။ သူလဲ သိတန်သလောက် သိမှာပါ”ဟု အားပေးရ၏။ သည်တော့မှ သူက ရင်ဖွင့်သည်။ သူ့မေမေက ပညာတတ်တစ်ယောက် မဟုတ်-တဲ့။ မြန်မာစာကို ရေးတတ် ဖတ်တတ်ရုံပဲ ရှိသည်။ အင်္ဂလိပ်စာကို လုံးဝဖတ်တတ်သည်မဟုတ်။ ဘုရားရေ ဒါဖြင့် ဒီလုပ်ငန်းကို ဘယ်လိုများလုပ်နေပါလိမ့်။ ကိုယ်တွေကသာ အံ့သြနေပေမင့် သူ့မေမေကတော့ ထိုအလုပ်ကို လုပ်နေသည်မှာ နှစ်ပေါင်းများစွာ ကြာလေပြီ။ တခါမှ ပြဿနာဖြစ်ဖူးသည်ဟု မကြားမိ။ သူ့ အလုပ်နှင့် သူတော့ ဟုတ်လို့နေသည်။

ဖို့ဒ်ကားကုမ္ပဏီကို စတင် ထူထောင်သော မစ္စတာဖို့ဒ် အကြောင်းကိုပင် သတိရမိသေးတော့။ မစ္စတာဖို့ဒ်က တက္ကသိုလ်ပညာရေး မပြီးတော့ ပညာတတ် တယောက် မဟုတ်ဟု ကြားဖူး၏။ တခါက မစ္စတာဖို့ဒ်ကို ဘွဲ့ရ ပညာတတ် စာနယ်ဇင်းသမား တယောက်က အင်တာဗျူးသည်-တဲ့။ သူက မစ္စတာဖို့ဒ်ကို “ခင်ဗျားဟာ ပညာတတ်တယောက်လဲ မဟုတ်ပါပဲနဲ့ သည်လို လုပ်ငန်းကြီးမျိုးကို လုပ်နိုင်တာ အံ့သြစရာပဲ”လို့ ခနဲ့သည်။ သည်တော့ မစ္စတာဖို့ဒ်က “ကျွန်တော်က ခင်ဗျားလို ပညာတတ်တယောက် မဟုတ်ဖူးလေ။ အဲဒီတော့ ဦးနှောက် သုံးရတာပေါ့ဗျာ-”ဟု ပြန်ပက်ခဲ့သည် ဆို၏။

ခုလဲ သူ့မေမေကို ထိုမေးခွန်းမျိုး မေးမိလျင် ဘယ်လိုများ ဖြေမည် မသိ။ သူ့သားတော်မောင်ကတော့ သူကိုယ်တိုင် နှစ်ပေါင်းများစွာ ယိုးဒယား စင်္ကာပူတရိုး ပတ်ပြီး ရှာဖွေလို့ ပေးထားပြီးပြီလေ။ သည်တော့ သူ့မေမေကို အလုပ်မလုပ်စေချင်တော့။ တရားဘာဝနာအလုပ်ကိုပဲ ဇောက်ချလို့ လုပ်စေချင်သည်။ သို့ပေမယ့် အမေဆိုသည့် အမျိုးကလည်း အခက်သားလား ။ သားစကားကို နားထောင်ဖို့ ဆိုသည်က ဖြစ်ခဲဘိခြင်း။ ဘယ်တော့မဆို သူ့ကိုယ်သူ အမေလို့ပဲ တွေးသည်လေ။ သည်လိုပဲ ဖြေဖို့ မိတ်ဆွေကို အကြံပေးရသည်။

Tuesday, September 22, 2009

တရုတ်စကားနှင့် ကျွန်တော်တို့ နား။


ဘာလိုလိုနှင့် ခုဆိုရင် တရုတ်စာသင်တန်းက ပြန်ဖွင့်ပါပြီ။ တနေ့မှာ တရုတ်စာကို သင်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့။ သူက အတော်ခက်သည်လေ။ ကမ္ဘာမှာ အခက်ဆုံးစာ ဆိုကိုး။ တရုတ်စကား ပြောတတ်သည့် တရုတ်လူမျိုးများပင်လျှင် တရုတ်စာသင်မဲ့ အစား ကျားဖင်သာ နှိုက်လိုက်ချင်ရဲ့ လို့ ညည်းသံကို ကြားဖူးလို့ပါ။ ကိုယ်တော့ဖြင့် ကျားဖင်ကို နှိုက်မိပြီလား မဆိုနိုင်။

သင်တန်းက ထိုင်နန်မြို့က National Cheng Kong University (NCKU) သူတို့အခေါ် ချန်သ-မှာပါ။ နိုင်ငံခြားဘာသာဋ္ဌာနရဲ့ လက်အောက်ခံ တရုတ်ဘာသာစကား သင်တန်းကျောင်း ဆိုပေမယ့် စာသင်ခန်းအားလုံးမှာ အဲယားကွန်းနှင့်။ ကွန်ပြူတာခန်းက သီးသန့်။ မနက် ၈း ၃၀ ကနေ ညနေ ၅း၃၀ အထိ။ ဆရာမ အားလုံး အယောက်-၃၀ လောက်နီးပါးရှိသည်-တဲ့။ အံ့သြစရာကောင်းသည်က ဆရာမ အများစုက ဘိုလိုမပြောတတ်ကြပါ။ သို့ပေမင့် ဘယ်ဆရာမမှ မျက်နှာမငယ်။ ကိုယ့်ပညာနှင့်ကိုယ် ထည်ဝါစွာ ရပ်တည်ခွင့်ရကြသည်-လေ။ ရွှေပြည်ကြီးနှင့်တော့ ကွာပါ့။ ဘိုလိုမပြောတတ်လို့ အားငယ်ရသည့် ပညာတတ်တွေကို သတိရမိသေးတော့။

တနှစ်မှာ Semester လေးခု။ Frist Semester နှစ်လခွဲသင်၊ နှစ်ပတ် နားပြီးမှ 2nd Semester-မှာ သုံးလသင် ဒီလိုနဲ့ နှစ်ဝက်ကျိုး။ ပြီးရင် နှစ်ပတ်နား။ 3rd Se mesterမှာ တခါ နှစ်လခွဲသင် နှစ်ပတ်နား။ နောက်ဆုံး 4th Semester-မှာကျတော့ သုံးလ သင်လိုက်တော့ တစ်နှစ်ပြည့်ရောဆိုပါတော့။ သူတို့ Course-ကုန်အောင်သင်ချင်ရင်တော့ နှစ်နှစ်တက်။

သင်တန်းစတဲ့ နေ့မှာ ရုံးခန်းသွားတော့ စာရေးမက သူမကိုယ် သူမှ မိတ်ဆက်ရင်း နှုတ်ဆက်သည်လေ။ “ How can I help you? I'm Jia Jia (ကျားကျား). ဘာညာ သာရကာ” ။ ဘုရားဘုရား ကျားကျားဆိုပါလား။ ကျားနဲ့တော့ တွေ့ပြီဟု အောက်မေ့မိသည်။ သည်လိုနဲ့ စာသင်ခန်းထဲကို ရောက်လို့ သင့်တင့်မယ့် နေရာမှာ ထိုင်ပြီး မျက်စိနဲနဲ ဝေ့ကြည့်လိုက်တော့ Classmate တွေအဖြစ် Asian နှစ်ယောက် အဖြူက ၇ယောက် တွေ့ရသည်။ တယောက်နဲ့ တယောက် အပြန်အလှန် မိတ်ဖွဲ့၊အလ္လ္လာပသလ္လ္လာပ ပြောကြတော့ Asian-နှစ်ယေက်က ကိုရီးယားကတဲ့။ ကိုရီးယား မင်းသမီးများက လှပေမင့် သူမတို့ကတော့ အလှကြီးမဟုတ်ပါ။ တယောက်သော ကိုးရီးယန်းက သူမကိုယ့်သူမ မိတ်ဆက်သည်။ “My name is Jia Mee (ကျားမီး)”-ဟု ဆိုသည်။ အီးဟီးးး တရုတ်စာ သင်မိတာ ကျားမီးဆွဲမိတဲ့ အပေါက်တော့ မရောက်တန်ကောင်းဟု အောက်မေ့မိ၏။

ဖြူဆွတ်ဆွတ်နဲ့ ငါးယောက်သော မယ်တွေကို မေးကြည့်တော့ သော်တာဆွေပြောသည့် ယွတ်ယှပြေ (Russia)က တဲ့။ နာမည်တွေက ဆာရှာ၊ ဒါရှာ၊ မာရှာ။ တီယာနာ၊ ထွန်းညာ။  အာလာ လာ ... အားလုံး အာတွေနဲ့ချည်း ဆုံးပါလား။ သည်ထဲမှာ အမေရိကန်မောင်က နှစ်ယောက်။ တယောက်က ဂျိုးဇက်။ သူက ကလေးသာသာ။ နောက်တယောက်က ဂျွန်နသန်။ အရှေးတိုင်းဟန်ကို နှစ်သက်၍ တရုတ်စာကို လာသင်လို့လား မသိ အဖြူပေမင့် အမူအရာအားလုံးက အနောက်ပုံ မပေါက်ပါ။

သည်လိုနှင့် ဆရာမ၀င်လာပြီး စာမသင်ခင် သင်တန်းစည်းကမ်းများ ဘိုလို ဖတ်ပြသည်။ ပြီးတော့ သူမကိုယ်သူမ မိတ်ဆက်သည်။ My name is Jia Ping (ကျားဖင်). ဟင်! သည်လိုဆိုရင်တော့ဖြင့် ကျားဖင်နဲ့ တကယ် တွေ့ပြီပေါ့။ ကောင်းလေစွ စာရေးမက ကျားကျား Classmate က ကျားမီး၊ ဆရာမက ကျားဖင်။ ပထမဆုံးနေ့မှာပင် ကျားသုံးကောင်နှင့် တွေ့နေရချေပြီ။ ကျားကြောက်လို့တော့ မဖြစ်ချေဘူး ဟု ကိုယ့်ကိုယ်ကို အားပေးရသည်။

မိတ်တ်ဆွေများကတော့ အားပေးပါသည်။ “ ကိုယ့်လူရေ အခွင့်သင့်တုံး သင်ထား။ ကမ္ဘာပေါ်မှာ မီးခိုး အူအူရှိရင် တရုတ်ရှိတယ်။ သူတို့နှင့် လွတ်တဲ့ နေရာမရှိဘူး” -တဲ့။ မြေပဲ မိတ်ဆွေအားပေးပုံက တမျိုး။ “ အများကြီး မကြောက်ပါနဲ့နော်။ စာလုံးရေ ၅၀၀-လောက်ရရင် စကားစမြည် ပြောတတ်မယ်။ ၃၀၀၀-လောက် ရရင်တော့ စာနယ်ဇင်း ဖတ်တတ်ပြီ၊ စာတမ်းပြုစုတဲ့ အဆင့်မှာသာ အလုံးရေ နှစ်သောင်းလောက် သိဖို့ လိုတာပါ”-တဲ့။

ကြားစကတော့ အားရှိစရာ။ တကယ် လုပ်ကြည့်တော့ အမယ်မင်း ခက်လိုက်သည့် ဖြစ်ခြင်း။ စာတလုံးရဖို့အရေး။ အသံထွက် တခါကျက်၊ စာလုံးကို မှတ်မိအောင် တလုံးကို ဆယ်ခါထက်မက လိုက်ရေး၊ အဓိပ္ပါယ်သိအောင်လဲ မှတ်၊ အသုံးပြုပုံကို သိအောင်ဖတ်နှင့် ချာလပတ်ကို လည်သွားတော့သည်။ သူရို့စာက အက္ခရာမှ မရှိတာ ကလား။ လည်တော့ လည်တဲ့ နားလည်တာမဟုတ် မျက်စိဆိုတာလို။ နောက်နောင် ဘယ်လို အသံနဲ့ နာမည်များ ကြားရအုံးမည် မသိ။

Sunday, September 20, 2009

ဖေဖေ့ချစ်သူ-၃


ဖေဖေကိုယ်တိုင် လှေခါးတောင်လို့ စခဲ့သည့် ဇာတ်လမ်းက သည်မှာတွင် ရပ်တန်းက ရပ်ဖို့ကောင်းသည်။ သို့သော် ဖေဖေတို့ ဇာတ်လမ်းက ရုပ်ရှင်မှတ်တမ်း မဟုတ်လေတော့ သည်မှာတွင် ရပ်တန့်လို့ မသွားပါ။ ဖေဖေတို့ မျိုးရိုးအတွင်းမှာ ရှားပါး၍ လိုချင်လွန်းလှသည့် သားဦးလေးကိုပါ လက်လွှတ်လိုက်ရသည်။ အကြောင်းကား သူမတို့ မင်္ဂလာပွဲပြီးလို့ ၈-လ လောက်ကြာတော့ သားလေး တစ်ယောက်မွေးသည်-တဲ့။ အဲသည်ကလေးက ဖေဖေနှင့် ချွပ်စွပ်။ ဖေဖေနှင့် သူ့အမေ ကျွန်တော့်အဖွားက အကြောင်းမရှိ အကြောင်းရှာကာ မိုင် ၂၀ကျော်ခရီးကို သွားပြီး ရင်သွေးငယ်ကို အခွင့်သင့်တိုင်း ချောင်းကြည့်ကြသည်-တဲ့။

ဟိုလူကြီးကလဲ အချစ်ကြီးချစ်လို့ ကြံတာတော့ ဟုတ်ပုံမရ။ သူ့ရဲ့ အချောင်စိတ်ကြောင့် ချောင်ပိတ်ခံရသည့် သဘော။ သည်ကြားထဲ ပိုက်ဘောတလုံးပါ လက်ဆောင် ပါလာသည် ဆိုတော့ ပိုလို့ အခံရခက်ပေလိမ့်မည်။ မထွေးနိုင် မအန်နိုင်။ နဖူးက အမာရွတ်ကို မြင်လေတိုင်း မဟော်သဓာကို ဒေါပွသည့် ကေ၀ဋ်နှယ် ရှိပေလိမ့်မည်။ ကလေးကို မြင်လေတိုင်း ကျခဲ့ရသည့် သူ့သိက္ခာ ဖျက်ခဲ့ရသည့် ဘ၀ရည်မှန်းချက် ပျက်ခဲ့ရသည့် အိပ်မက်တို့ကို သတိတရရှိခဲ့ပေလိမ့်မည်။ သည်တော့ ကလေးကို ဖျောက်ဖျက်ဖို့ ကြိုစားသည်ဟု တဆင့်စကား ကြားရ၏။ တကြိမ်တွင်မတော့ သူတို့ ရွာနံဘေးက ချောင်းကလေးမှာ ရေချိုးရင်း လုပ်ကြံသည်-တဲ့။ တခြားလူတွေ ကယ်လိုက်သဖြင့် ခမျာ အသက်ဆက်ခွင့်ရလိုက်သည်။ ကယ်ခွင့်မကြုံသည့်တိုင် သူ့နည်း သူ့ဟန်ဖြင့် လွတ်လာသည် အကြိမ်ပေါင်းက ဘယ်လောက်များရှိလေမည် မသိ။ သည်သတင်းက ဆက်သွယ်ရခက်သော ခေတ်မှာ မိုင်၂၀ကျော် ဝေးသည့်တိုင် ဖေဖေ့နားသို့ ပေါက်လို့လာသည်။

သတင်းကြားတော့ ဖေဖေ့မှာ နေလို့ မချိ။ အိမ်ထောင်ကလဲ မပြုရသေး။ သည်တော့ မြေးယောက်ျားလေးကို အရူးအမူး လိုချင်နေသော သူ့အမေ ကျွန်တော့် အဖွားကို အပူကပ်သည်-တဲ့။ တရားမ၀င်တဲ့ သူ့သားကို အိမ်မှာ ခေါ်ထားဖို့ပါ။ မိသားစုထဲမှာ သားယောက်ျားလေးက ဖေဖေတယောက်ထဲ။ ဖေဖေ့မှာ အစ်မ ၃-ယောက် ညီမတယောက်။ သည်အကြောင်းကို မိသားစုဝင်တွေ တိုင်ပင်ကြတော့ အဖွားနှင့် ဖေဖေကသာ ခေါ်လို့ထားချင်သည်။ အဖိုးနဲ့ ဖေဖေ့ အစ်မညီမများက အကျိုးသင့် အကြောင့်သင့် ပြောပြပြီး ခေါ်မထားဖို့ နားချကြသည်။ သူတို့ ပြောပြသည့် အကျိုးအကြောင်းက ခိုင်လုံနေတော့ ဖေဖေ လက်လျော့ခဲ့ရ ဟန်တူပါသည်။

အဖိုးတို့က “မင်းလဲ အိမ်ထောင်ပြုအုံးမှာပဲ။ အဲသည် အချိန်မှာ မင်းရဲ့ သားကို အိမ်ထောင်ရှင်မက ကြည်ဖြူကောင်းမှ ကြည်ဖြူမယ်။ မင့် အိမ်ထောင်ရေး ကသိကအောက် ဖြစ်လိမ့်မယ်။ ဟိုကလေးလဲ သူ့ကံက သည်လောက်တော့ ခေမှာ မဟုတ်ပါဘူးလေ” ဟု နှစ်သိမ့်သည်-တဲ့။

သို့သော် ဟိုကလေးသည် အဖိုးတို့ထင်ထားသည်ထက် ပို၍ ကံခေရှာပါသည်။ ၅နှစ်သားအရွယ်မှာပဲ ဆုံးပါးသွား၏။ မုန့်ထဲမှာ အဆိပ်ခပ်၍ ကြွေးသည်ဟု ကောလာဟလ သတင်းကြားလိုက်ရသည်။ တရားဥပဒေကို နားမလည်သည့် ပတ်ဝန်းကျင်ပေမို့ ဥပဒေအရအရေးယူသည်ကိုတော့ မခံရပါ။ တရားဥပဒေအရ အရေးယူသည် ဆိုဦးတော့ မင်းဒဏ်စိုးဒဏ်ဆိုသည်က ကြံဖန်ပြီး ရှောင်လို့ ရကောင်း ရပေမည်။ ငွေများလျင် မတရားပင် နိုင်သော ခေတ်မှာဆိုလျှင် ပိုလို့ပင် ဖြစ်နိုင်ချေရှိသည်။ အခြားသူတယောက်က စွပ်စွဲသည် ဒဏ်ဆိုလျှင်လည်း ဆင်ခြေပေါင်း ထောင်သောင်းမက ပေလိုက ပေးလို့ရသည်။


သို့သော် တကယ်တမ်း ကိုယ့်ကိုယ်ကို ပြန်လည်၍ စွပ်စွဲမိသည့် ဒဏ်ဆိုသည်ကတော့ ဥစ္စာငွေကြေး ပုံလို့ ပေးသည့်တိုင် လွတ်နိုင်သည့် အရာမျိုးမဟုတ်။ ဆင်ခြေပေါင်း သောင်းခြောက်ထောင် ပေးသည့်တိုင် အေးနိုင်သည့် ဒဏ် မဟုတ်ပေ။ သူတပါး၏ ချစ်ခြင်းကို ခွင်းခဲ့မိခြင်းကိုလည်းကောင်း ဥမမယ် စာမမြောက်သည့် ကလေးတယောက်ကို ရက်စက်မိခြင်းကိုလည်းကောင်း တသက်တာကလပတ်လုံး မေ့ပျောက်ပစ်ဖို့ဆိုသည်မှာ ဖြစ်နိုင်အံ့မထင်။ အချိန်နှင့်အမျှ စဉ်းစားမိပေမည်။ စဉ်းစားမိသည့် တချိန်မှာတော့ မိမိကိုယ်ကို စွပ်စွဲမည့် ဘေးမှ ပြေးလို့ လွတ်နိုင်ပါမည်လား။

ဖေဖေသည်လည်း ဆိုင်သာ ဆိုင်၍ မပိုင်သော သားအတွက် ရင်နှင့်အမျှ ခံစားရပေလိမ့်မည်။ ကိုယ်ချစ်သော ကိုယ့်ကိုချစ်သော ချစ်ဦးသူနှင့် ရခဲ့သည့် ရင်သွေးငယ်အတွက် စိတ်မကောင်းခြင်း ကြီးစွာ ဖြစ်ခဲ့ပေမည်။ ထိုအချိန်ကစလို့ ဖေဖေတို့ အားလုံး မိသားစုထဲမှာ ဘယ်သူမှ သည်အကြောင်းကို မပြောဖြစ်တော့ပါ။ ကျွန်တော်သာလျှင် ကိုယ်အပူကို သက်သာရ ရလေမလားဟု သက်သာရာ ရှာရင်း သည်ဇာတ်ကြောင်းကို သိလိုက်ရခြင်းဖြစ်သည်။

[ဂျူးရဲ့ ချစ်သူ့ သမီးကို ဖတ်မိရာကနေ နာမည်လေးကို ကြိုက်လို့ ယူပြီး ရေးဖြစ်တာပါ။ လှေခါးထောင်ချင်တဲ့ မောင်တွေကို လက်တို့ချင်တာလဲ ပါပါတယ်။ ကာမေသု မိစ္ဆာစာရာ ဝေရာမဏိ-ကြပါကွယ်တို့-လို့ ဆိုလိုက်ရင် နားလျှံသွားမှာ စိုးတာလဲ ပါပါတယ်။]

[ပြီးပါပြီ]


Thursday, September 17, 2009

ဖေဖေ့ချစ်သူ-၂

.
ဖေဖေ့လို တွေးတတ်လာချိန်မှာတော့ စဉ်းစားစရာတွေက ပိုများလို့လာသည်။ သူမသည် နောက်ရောက်လာသည့် မောင်ကို ဘယ်လို သဘောနဲ့များ လက်ခံခဲ့လေလဲ။ သူမ၏ အဆက်ဟောင်းဆိုလျင်တော့ အကြောင်းမဟုတ်။ သူ့ မိုက်ပြစ်နှင့် သူ့ဒဏ် သူမပဲ ခံပစေပေါ့။ ဖေဖေလဲ ဟိုတချိန်ကတော့ သည်လိုပဲ တွေးခဲ့မိလေသလား မဆိုနိုင်။ သို့ပေမင့် စဉ်းစားစရာရှိသည်က သစ္စာမဲ့လိုသည့် စိတ်သက်သက်ဖြင့် လက်ခံခဲ့တာ သေချာခဲ့ပါသလား။ သည်လိုတော့ဖြင့် ဟုတ်ကောင်းမှ ဟုတ်ပေလိမ့်မည်။
.
မှောင်နဲ့ မည်းမည်းမှာ ပြတင်းပေါက်က လှေကားထောင်လို့ တက်လာတဲ့ မောင်ကို ချစ်သူ အမှတ်နဲ့ အခန်းထဲကို ခေါ်သွင်းခဲ့တာလည်း ဖြစ်နိုင်သည်။ သည်အမှောင် သည်အခန်းမှာ သည်အချိန်ကြီး မြန်းလာတဲ့ သူကို သူမချစ်သူလို့သာ ထင်နိုင်သည်ပဲလေ။ အခန်းထဲ ရောက်ချိန်မှာမှ သူမချစ်သူ မဟုတ်မှန်း သိခဲ့လေသလား။ သိချိန်ကပဲ နှောင်းခဲ့လို့လား။ ဒါမှ မဟုတ် သိလိုက်လို့ ပြန်သွားဖို့ နားချနေချိန်မှာ ဖေဖေနဲ့ တွေ့ခဲ့ကြတာလား။ ဘယ်ပုံစံနဲ့ တွေ့ခဲ့ကြတယ် ဆိုတာကိုတော့ သူတို့ သုံးယောက်မှပဲ အတိအကျ သိပေလိမ့်မည်။ ဖေဖေ့ကိုတော့ သည်မေးခွန်းကို မမေးရက်ပါ။ မေးလည်း မမေးသင့်ဟု ထင်သည်။ စီရင်ချက်ချပြီးသား အမှုတခုအတွက် အယူခံရက်ကလည်း ကျော်လေပြီမို့ မေးသော်လည်း အကြောင်းက ထူးလာမည်မဟုတ်။
.
မည်သို့ပင်ဖြစ်စေ ဖေဖေသည် သည်ပုံသည်နည်းဖြင့် အသည်းကွဲခဲ့ကြောင်းကိုတော့ ကောင်းကောင်း သိလိုက်ရသည်။ တကယ်တမ်း တွက်ကြည့်တော့ ဖေဖေ အသည်းကွဲသည် ဆိုပေမင့် သူက ချစ်ဦးသူနှင့် ကွဲရခြင်း ဒုက္ခတစ်ခုသာ ရလိုက်သည်။ ပြီးတော့ ရွေးချယ်ခွင့်က သူ့မှာ အပြည့်။ သူမမှာတော့ အချစ်ဆုံးနှင့်လဲ ကွဲရသည်။ မချစ်သူနှင့်လဲ တွဲရသည်။ ပြီးတော့ သိက္ခာတွေလဲ ပေးလိုက်ရသည်။ သူမချစ်သည့် ၀န်းကျင်နှင့်လဲ ဝေးခဲ့ရသည်။ သူမမှာ ဘာဆိုဘာမှ ဘာရွေးချင်ခွင့်မှ မရခဲ့။ ဟိုစဉ်က ဖေဖေသည် သည်လိုမှ တွေးခဲ့မိပါလေစ။ သွေးပူနေချိန်တွင် မတွေးခဲ့မိသည့်တိုင် သွေးအေးသည့် တချိန်မှာတော့ သည်လို တွေးမိကောင်း တွေးမိပေလိမ့်မည်။
.
သမီးဦးဖြစ်သူ ကျွန်တော့် အစ်မကို မွေးတော့ ဖေဖေကိုယ်တိုင် နာမည်ရွေးလို့ ပေးခဲ့သည်။ သူ့ ချစ်ဦးသူရဲ့ နာမည်နှစ်လုံး၏ အလယ်မှာ “မာ” ဆိုသည့် တလုံးသာ ဖြည့်စွက်လို့ ပေးခဲ့သည်လေ။ စွဲလမ်းမှုကိုပဲ မဖျောက်ဖျက်နိုင်တာလား။ နားလည်ခွင့်လွတ်မှုကိုပဲ ပြလိုသလား။ ဖေဖေ့ကို မမေးဖြစ်သေး။
.
ဖေဖေက မေမေ့ကိုလဲ ချစ်ရှာပါသည်။ ခုချိန်အထိ မေမေနှင့် ခွန်းကြီး ခွန်းငယ် စကားများဖူးသည်မရှိ။ ယုတ်စွ အဆုံး မေမေ့ကို လေသံမာမာဖြင့် စကားပြောသံကိုမျှ မကြားရစဖူး။ မေမေ့အတွက် လင်သားတဦး၏ တာဝန်ကို ကျေပွန်ခဲ့ပါသည်။ သူ့မှာ ကျွန်တော်ကြားဖူးသည့် ချစ်ဦးသူ ဇာတ်လမ်းဟူ၍ ရှိမှ ရှိခဲ့ဖူးပါလေစ ဟုထင်ရသည်။ သားသမီးများအပေါ်တွင်လဲ ဖခင်တာဝန် ကျေပွန်ပါ၏။
.
မေမေကလဲ ဖေဖေတို့ ဇာတ်လမ်းကို သိသည့်တိုင် တခါမှ စကားနာထိုးဖူးသည် မရှိ။ သူတို့ သမီးဦးနာမည်မှာ ဖေဖေ့ ချစ်ဦးသူ၏ နာမည်နှစ်လုံးစလုံး ပါနေသည်ကို မေမေ မသိပဲ နေမည်မဟုတ်။ မေမေက နားလည် ခွင့်လွတ်ပုံရသည်။ ကျွန်တော့်ကို မွေးပြန်တော့ မေမေကိုယ်တိုင် နာမည်ရွေးလို့ ပေးခဲ့သည်-တဲ့။ သည်တော့ မေမေ့ကို ကပ်ပြီး မေးရသည်။ “မေမေ သားနာမည်ကို မှည့်ဖို့ ဘယ်လို စိတ်ကူးရသလဲ။” ဆိုတော့ “ရုပ်ရှင်မင်းသားတယောက်ရဲ့ နာမည်ကို ကြိုက်လို့ ယူပြီးပေးထားတာ၊ သူက နာမည် မကြီးလိုက်ဘူး”-ဟု ဆိုပါသည်။ မေမေမှာတော့ ဖေဖေကလွဲလို့ ဇာတ်လမ်းမရှိပါ။ စက်သူဋ္ဌေးသားတယောက်နဲ့ ပေးစားမယ် လုပ်တော့ ဖေဖေနှင့် ခိုးရာ လိုက်ပြေးသည် ဆို၏။
.
စကားစပ်မိလို့ တစ်ယောက်သော သူမကို “မေမေက သိပ်သဘောထားပြည့်တာပဲ။ ဖေဖေ့ချစ်သူနဲ့ ပတ်သက်လို့ မနာလိုဟန်လဲ မပြဖူးဘူး။ တခါမှ စကားနာလဲ မထိုးဖူး။ မကျေနပ်တဲ့ အသံတောင် မထွက်ဖူး”ဟု ပြောပြဖူးသည်။ သည်တော့ ထိုသူမက မှတ်ချက်ပေးဖူးသည်လေ။ “နင့်မေမေက နင့်ဖေဖေ့ရဲ့ အချစ်ဆုံး ရာထူးကို ရထားတာပဲ ဘာအသံထွက်စရာလိုသလဲ” တဲ့။
.
ယောက်ျားများသည် မိမိ ချစ်သူ၏ အချစ်ဦးဖြစ်လိုကြပြီး၊ မိန်းမများကမူ သူမတို့ ချစ်သူ၏ အချစ်ဆုံးသာ ဖြစ်လိုကြသည်။- ဟူသော စကားသည် မှန်လေသည်လား မဆိုနိုင်။ မေမေကတော့ ဖေဖေ့ရဲ့ အချစ်စ အချစ်လယ် အချစ်ဆုံး ရာထူးအားလုံးကို ရလိုက်သည်လေ။
.
[ဂျူးရဲ့ ချစ်သူ့ သမီးကို ဖတ်မိရာကနေ နာမည်လေးကို ကြိုက်လို့ ယူပြီး ရေးဖြစ်တာပါ။ လှေခါးထောင်ချင်တဲ့ မောင်တွေကို လက်တို့ချင်တာလဲ ပါပါတယ်။ ကာမေသု မိစ္ဆာစာရာ ဝေရာမဏိကြပါကွယ်တို့-လို့ ဆိုလိုက်ရင် နားလျှံသွားမှာ စိုးတာလဲ ပါပါတယ်။]

Monday, September 14, 2009

ဖေဖေ့ချစ်သူ-၁

.
ဖေဖေ့ချစ်သူကို ပထမဆုံးအကြိမ် မြင်ဖူးစဉ်က မေမေ့လောက်တော့ လှသားပဲ-ဟု ထင်မိ၏။ အဲသည်တုံးက “ အဲဒါ အမောင့်ဖေဖေရဲ့ အချစ်ဦးပေါ့” ဟု မေမေ ပြောပြ၍ သိခဲ့ရခြင်းဖြစ်သည်။ ထိုစဉ်တုံးကတော့ အမှုမဲ့ အမှတ်မဲ့။ အချစ်၏ အဓိပ္ပါယ်ကိုလဲ နားမလည်။ အချစ်ဦးဆိုတာလဲ မသိ၊ အချစ်စ ဆိုတာလဲ မကြားဖူးသေး။ အချစ်လယ် ဆိုတာ ရှိသည်ဟုပင် မထင်၊ အချစ်ဆုံးဆိုတာလဲ ကိုယ်နဲ့မှ မဆိုင်သေးတာပဲ။
.
ကိုယ်က မဆိုင်လိုပေမင့် လောကဓမ္မတာက ခွင့်မပြုပါ။ အချိန်တန်တော့ ထိုအချစ်ဆိုသည့်အရာနှင့် ရင်ဆိုင်လာရသည်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ရာဇ၀င်မှာတော့ ကိုယ် ဘုရင်ပေါ့။ သို့ပေမင့် ဆိုင်သည့် အချိန်မှာပဲ အချစ်ဦးနှင့် ပတ်သက်၍ အသည်းကွဲတော့သည်။ ကွဲလိုက်သည်မှ အစိတ်စိတ်အမွှာမွှာ၊ ပရမ်းပတာ အထိမ်းမဲ့ အကွပ်မဲ့ ၊ ဘ၀တခုလုံး ဇောက်ထိုး မိုးမျှော် ရည်ရွယ်ချက်တွေ ဦးတည်ချက်တွေ ဘ၀ပုံစံတွေ ပြောင်းလို့ သွားသည် အထိ။
.
သည်တော့မှ ဖေဖေ့အကြောင်းကို ပြန်ပြောင်းလို့ သတိရတော့သည်။ ဖေဖေမှာလဲ အချစ်ဦးဆိုတာ ရှိခဲ့ဖူးသည်ပဲ။ သူတို့ချင်း မညားကြပဲ မေမေနှင့် ညားလေတော့ ဖေဖေလည်း အသည်းကွဲဖူးပေလိမ့်မည်။ ဖေဖေတယောက် ဘယ်လိုများ အသည်းကွဲခဲ့လေသလဲ။ အသည်းကွဲချိန်ကို ဖေဖေ ဘယ်လိုများ ဖြတ်သန်းခဲ့လေသလဲ။ ဖေဖေကို မေးကြည့်ရသည်။ ဖေဖေသည် ၀တ္ထုတွေ ရုပ်ရှင်တွေထဲကလို သက်ပြင်းရှည်တွေ မှုတ်မထုတ်ပါ။ အဝေးကိုလဲ လွမ်းလွမ်းဆွေးဆွေး ဟန်ဖြင့် ငေးမကြည့်။ မျက်ဝန်းမှာလဲ မျက်ရည်စတို့ ဝေ့တက်လို့ မလာ။ “ဒီလိုပါပဲ ကွာ။ သူ့ဖာသာ အချိန်တန်တော့လဲ ခံသာသွားတာပါပဲ”- ဟုသာ ဆိုသည်။ အပြည့်အစုံကို ဖြေလိုရိပ်မရှိ။ အဖွားကတော့ သူမ မှတ်မိသမျှ ပြောပြသည်။
.
ဖေဖေတို့ အသက် ၁၈-နှစ်မှာ သူမနှင့် ချစ်ခဲ့ကြသည်-တဲ့။ အဲသည်တုံးက သူမက ၂၂နှစ်။ အပြန်အလှန် ချစ်ခဲ့ကြသည် ဆိုတော့ ကိုယ့်ထက် စာလျင် မဆိုးဟု ထင်၏။ ကိုယ်မှာတော့ဖြင့် သည်လို မဟုတ်။ တစ်ဘီးတည်း လှိမ့်ရသည် ဆိုတော့ ဘယ်မှာမှ ခရီးက မရောက်။ ကိုယ် တယောက်တည်းသာ ကြိတ်မှိတ်လို့ ခံရသည်။ ဖေဖေတို့ကတော့ဖြင့် နှစ်ကိုယ်ချစ်ဆိုတော့ ကိုယ်ထက် သာသည်ပေါ့။ နှစ်ဖက်မိဘချင်းကလဲ သဘောတူဆိုတော့ ကံကောင်းလိုက်သည့် ဖြစ်ခြင်း။ ဖေဖေ အသက် နှစ်ဆယ် အရွယ်ရောက်တော့ စေ့စပ်ကြောင်းလမ်း၊ မင်္ဂလာပွဲအတွက် ရက်တွေ သတ်မှတ်၊ ပြင်စရာရှိတာပြင်ဆင်၊ အဲသည်အထိ သူတို့ချစ်ခရီးက ဖြောင့်လို့။
.
သည်ကြားရက်အတွင်းမှာ ဖေဖေက သူမတို့ အိမ်အပေါ်ထပ်က သူမအိပ်ခန်းကို အပြင်ဖက်က လှေခါးထောင်လို့ ဆောင်တော်ကူးခဲ့သည်-တဲ့။ အဖော်အပေါင်းတို့ မြှောက်ပေးတာလဲ ပါသည်။ လူငယ်ဘာဝ သည်းထိတ်ရင်ဖို ဇာတ်လမ်းကို စမ်းချင်တာလဲ ပါပေမည်။ တရက်သားမှာ အပြင်ဖက်က လှေခါးထောင် ချစ်သူအဆောင်လှမ်းတော့ တယောက်သော မောင်က အခန်းထဲကို ရောက်နှင့်လို့နေပြီ။ ရည်းစားမကတော့။ ဇနီးလောင်းကို လူလုတော့ အူနုကို ကျွဲခပ်သည်ထက် နာပေမည်ပေါ့။ ဟိုလူနှင့် လုံးထွေးသတ်ပုတ် ဖမ်းချုပ်၊ အိမ်ရှိလူကုန် နှိုး၊ အိမ်ထောင်တောင် မကျသေးဘူး၊ နောက်မီးလင်းနေပြီ ဆက်ပြီး နွားအဖြစ်မခံနိုင်ဘူး-စသဖြင့် စကားလုံးပြင်းပြင်းတွေနဲ့ ပစ်ပေါက် ပြီးတော့ သူမကို မိဘတွေဆီမှာ အပြီး အပ်ခဲ့သည်-တဲ့။
.
မင်္ဂလာပွဲကတော့ ပျက်မသွားပါ။ သတို့သားသာ ပြောင်းသွားခဲ့သည်။ နောက်ရောက်သည့် မောင်က သတို့သား ဖြစ်သွားသည်။ သူက ဟိုး တရွာက။ သည်ရွာကို ပန်းတိမ်လာ သင်သည်-တဲ့။ မင်္ဂလာပွဲပြီးတော့လဲ သူမက သတို့သားရွာကို လိုက်သွားသည်။ သည်ရွာကို သိပ်မလာဖြစ်တော့။ မိုင် ၂၀ ကျော်ဝေးတာလဲ ပါမည်။ မလာချင်တာလဲ ပါပေလိမ့်မည်။
.
ပထမဆုံးအကြိမ် ဖေဖေ့ချစ်သူအကြောင်း ကြားရတော့ သူမ သစ္စာမဲ့ခဲ့တာပဲ။ သူ့အမှားနဲ့ သူဒဏ် သူမ ခံပေါ့ဟု တွေးမိသည်။ တွေးမိသည့်အတိုင်း ဖေဖေ့ကို ပြောပြတော့ “တကယ်မှားတာက ဖေဖေပါ။ လှေခါးထောင်တဲ့ ဇာတ်လမ်းကို ဖေဖေသာ မစခဲ့ရင် ဒီလိုဖြစ်ခဲ့မှာ မဟုတ်ဖူး။”ဟု ဆိုပါသည်။
.
သည်စကားကို ပြောပြတဲ့ အချိန်မှာ “အချစ်ဆိုတာ ဘ၀ရဲ့ အစိတ်အပိုင်းတခုပါ”-လို့ လက်ခံနိုင်တဲ့ အရွယ်ကို ဖေဖေကိုယ်တိုင်က ရောက်လို့နေပြီလေ။ ကိုယ်တွေကသာ “အချစ်သည်ပင် ဘ၀၊ ဘ၀သည်ပင် အချစ်” လို့ အထင်ရောက်နေတဲ့ အရွယ်ကိုး။ ဖေဖေ့လို မတွေးတတ်သေး။ မတွေးနိုင်သေး။
.
[ဂျူးရဲ့ ချစ်သူ့ သမီးကို ဖတ်မိရာကနေ နာမည်လေးကို ကြိုက်လို့ ယူပြီးရေးဖြစ်တာပါ။ လှေခါးထောင်ချင်တဲ့ မောင်တွေကို လက်တို့ချင်တာလဲ ပါပါတယ်။ ကာမေသု မိစ္ဆာစာရာ ဝေရာမဏိကြပါကွယ်တို့-လို့ ဆိုလိုက်ရင် နားလျှံသွားမှာ စိုးတာလဲ ပါပါတယ်။]

Wednesday, September 9, 2009

ဗီဇနှင့် ပတ်ဝန်းကျင်

ဗီဇနဲ့ ပတ်ဝန်းကျင် ဘယ်ဟာက ပိုလို့ အရေးကြီးပါသလဲ။ ကြီးကြီးကျယ် ဒီခေါင်းစဉ်ကို စပြီး ဆွေနွေးခဲ့တဲ့ အချိန်ကို ပြန်ပြီး တွေးကြည့်တော့ ၈-တန်းကျောင်းသားအရွယ်ပဲ ရှိပါသေးတယ် ။ ၈-တန်း ကျောင်းသားဆိုပေမယ့် အသက်က ၁၆-၁၇ တွေများပါတယ်။ ကိုယ်တို့ငယ်ငယ်တုံးက နယ်တွေမှာ ကျောင်းနေ နောက်ကျတယ်လေ။ ကြားထဲမှာ တနှစ် နားလိုက်ရတာလဲ အကြောင်းတခုပေါ့။ အဲသည် အချိန်တုံးကတော့ ကိုယ့်ကိုယ်ကို လူကြီးစ ဖြစ်ပြီလို့ အထင်ရောက်လို့ နေခဲ့တဲ့ အချိန်ပါ။ ထင်လဲ ထင်စရာ။ ရွာက အလယ်တန်းကျောင်းမှာ ကိုယ်တွေက အကြီးဆုံး ကျောင်းသားတွေကိုး။ ပုံစံလေးတွေက သိသိသာကို ပြောင်းလဲလို့လာပါတယ်။ ဆံပင်ကို အုံးဆီအကျအနလိမ်းလို့ အရင်နှစ်တွေကလို လွယ်အိတ် စလွယ်သိုင်း မလွယ်ဖြစ်တော့ပါဘူး။ ဆရာတွေ လွယ်သလို လွယ်အိတ်ကို ဘေးစောင်းတိုက် လွယ်လို့။ ကံဆိုးရှာတာကတော့ ဦးလေး ဒေါ်လေးများရဲ့ ရေမွှေးပုလင်းများပါ။ သူတို့ခမျာ ပုံမှန်ထက် ပိုပြီး သက်တမ်း တိုကြရရှာပါတယ်။ ပါးစပ်နဲ့ မဆန့်တဲ့ စကားကြီး စကားကျယ်တွေ စပြီး ပြောတဲ့ အရွယ်ပေါ့။ ခုနေခါ ပြန်တွေးကြည့်တော့ မျက်နှာ နွေးစရာပါ။

ငွေ တကျပ်နဲ့ ငါးကြင်းခေါင်းကိုင်တယ်ပဲပြောပြော။ ဆင်ခေါင်းကို ခွေးချီတယ်ပဲ ဆိုဆို အဲဒီတုံးက တကယ်ကို ဆွေးနွေးဖြစ်ခဲ့တာပါ။ အဲသည် စကားဝိုင်းမှာ ပါခဲ့ဖူးတဲ့ သူငယ်ချင်း တစ်ယောက်ကိုတော့ မကြာမကြာ သတိရနေပါတယ်။
နာမည်က ကိုအုန်းစံ -တဲ့။ သူက စာကလွဲရင် အကုန်တော်တဲ့ ကျောင်းသား။ အားကစားဆို ၀ိုင်းခြင်း ပိုက်ကျော်ခြင်း ဘောလုံး ဘော်လီဘော စားပွဲတင် တင်းနစ် သူမဖြစ်တာ မရှိ။ စာဆိုလဲ အစုံဖတ်တဲ့သူ။ တခါ တခါ သူများ တောင်ဆို သူက မြောက်၊ သူများအဖြူဆို သူက အမည်း။ သူမှန်တယ် ထင်ရင်တော့လဲ အလျော့ပေးချင်တဲ့ စိတ် နဲနဲမှ မရှိတဲ့သူ။ သူက ဉာဏ်ကောင်းလေသူမို့ ၀ီရိယစိုက်ထုတ်မှု နဲသလားလို့ပါ။
နံရပ်ကပ်စာစောင်တွေ ဘာတွေ ရေးပြီဆိုရင်လဲ ရှေ့ဆုံးက ဦးဆောင်သူထဲမှာ။ ကျောင်းမှာ အာဇာနည်နေ့ ဟောပြောပွဲတွေ လွပ်လပ်ရေးနေ့ အခမ်းအနားတွေမှာလဲ သူမပါရင် မပြီး။ ပျော်ပွဲ ရွှင်ပွဲ လုပ်တော့မယ်၊ ကျောင်းကပွဲ လုပ်တော့မယ်ဆိုရင် သူကိုပဲ ခေါင်းဆောင်တင်ရပါတယ်။
တနေ့မှာ ရောက်တတ်ရာရာ စကားပြောရင်း ကိုအုံးစံက
”ဗီဇနဲ့ ပတ်ဝန်းကျင် ဗီဇက ပိုအရေးကြီးတယ်ကွ။” လို့ဆိုပါတယ်။ မြန်မာစာ ဆရာမက ဗီဇနဲ့ ပတ်ဝန်းကျင် ပတ်ဝန်းကျင်က အရေးကြီးကြောင်း ပြောပြတာကို စဉ်းစားမိလို့ဖြစ်ပါလိမ့်မယ်။ အဲဒီနေ့က ဆရာမက ပြောခဲ့တယ်လေ။ ပတ်ဝန်းကျင်ဟာ သိပ်အရေးကြီးကြောင်း၊ သရက်ပင်နဲ့ ခွေးတောက်ပင် အမြစ်ချင်းယှက်ပြီး စိုက်လိုက်ရင် အဲဒီ သရက်ပင်က သီးတဲ့ အသီး ခါးတဲ့အကြောင်း ဇာတ်တော်တခုကို ကိုးကားပြီး ဆရာမက ပြောသွားတာပါ။
ကိုယ်ကလည်း “ငါကတော့ ပတ်ဝန်းကျင်ကပိုပြီး အရေးကြီးတယ်လို့ ထင်တယ်” ဆရာမ ပြောပြတဲ့ ဇာတ်ကို ကိုးကားပြီး ပြောဖြစ်ပါတယ်။
ကိုအုံးစက ပြုံးစိစိ မျက်နှာပေးနဲ့ “နိုင်ငံခြားက ပညာရှင်တွေက အဲဒါကို လက်တွေ့ စမ်းကြည့်ပြီးပြီ ကြားတယ်။ မဟုတ်ဖူးတဲ့ကွ။ သရက်ပင်နဲ့ ခွေးတောက်ပင် အမြစ်ချင်း လိမ်ပြီး စိုက်ပေမယ့် သီးလာတဲ့ သရက်သီးက ချိုမြဲ ချိုလျက်ပဲ-တဲ့။”
သူက ပညာရှင်တွေ လက်တွေ့စမ်းပြီးပြီးဆိုတော့ ကိုယ်တွေက ဘာများသွားပြောနိုင်တော့မှာ-တဲ့လဲ။ သူက ဆက်ပြီး ပြောခဲ့ပါသေးတယ်။
တကယ်တော့ ဗီဇက အဓိကပါကွာ။ ကိုယ်ကောင်းရင် ခေါင်းဘယ်မှ မရွေ့ပါဘူး။ ပျားတွေကို ကြည့်ပါလား။ သံပုရာပင်မှာ အုံးဖွဲ့လို့ သူတို့ ပျားရည် ချဉ်မသွားခဲ့ဖူးဘူး။ တမာပင်မှာ အုံဖွဲ့လို့ သူတို့ပျားရည် ခါးမသွားခဲဖူးဘူး။ အမြဲတမ်းပဲ ချိုလျက်ပဲ-တဲ့။
သည်လိုနဲ့ နှစ်တွေကြာလို့ သူငယ်ချင်းတွေ တနယ်ဆီ ခြားသွားခဲ့ပေမယ့် ကိုအုံးစံကိုတော့ မကြာမကြာ သတိရနေဆဲပါ။ သူ ဥပမာနဲ့ နှိုင်းပြီး အနိုင်ပိုင်းသွားတဲ့ စကားဝိုင်းကိုလဲ မေ့လို့ မရခဲ့ပါဘူး။ ၁၉၉၆ ခုနှစ်လောက်မှာ ထင်ပါရဲ့။ တနေ့မှာ သတင်းတခု ဖတ်လိုက်ရပါတယ်။ သတင်းထဲမှာ ဘယ်လ်ဂျီယမ်လို့ ထင်တာပဲ။ ရွာသားတွေဟာ ပျားရည်စားပြီးရင် တရက်တာနီးနီးလောက် ရူးသလိုလို မူးသလိုလိုတွေ ဖြစ်ကြ-သတဲ့။ ဒီ ပြဿနာက ခဏခဏ ဖြစ်တာမို့ သက်ဆိုင်ရာက ကွင်းဆင်းလေ့လာရပါတယ်။ အတော်ကြာမှ ပြဿနာရဲ့ အဖြေကို သိရတာပါ။ သူတို့အတွက် ပျားဖွပ်သမားတွေ ဖွပ်ပြီး ပျားရည်ယူခဲ့တဲ့ ပျားအုံတွေက ပဒိုင်းပင်တွေနားမှာ အုံဖွဲ့ထားသတဲ့လေ။
ဒီသတင်းကို ဖတ်လိုက်ရတော့ ကိုအုံးစံကို သတိရလိုက်တာ။ သူနဲ့ တွေ့ရင် ပြောလိုက်ချင်လို့ပါ။ ကိုအုံးစံရေ ခင်ဗျားပြောခဲ့သလို ပျားဟာ ဘယ်မှာပဲ အုံဖွဲ့လို့နေနေ သူတို့ ပျားရည်က ချိုတာတော့ မှန်ပါရဲ့။ သူတို့ ၀တ်မှုံယူခဲ့ရာ ပန်းပွင့်တို့ရဲ့ အာနိသင်ကိုတော့ မပြောင်းနိုင်ဘူး။ ခုဆိုရင် အဲဒီပျားရည်တွေမှာ ပဒိုင်းဆိပ် သင့်နေပြီဗျ-လို့လေ။
ကိုအုံးစံနဲ့ လူချင်းမတွေ့နိုင်တာကြောင့် ဒီအကြောင်းကို သူ့ဆီ စာရေးပြီး သတင်းစာဖြတ်ပိုင်းလေးကို မိတ္တူကူးလို့ ပို့ခဲ့ဖူးပါတယ်။ ကိုအုံးစံဆီက ဘာစာမှတော့ ပြန်မလာခဲ့ပါဘူး။
တခါတော့ သူ့ညီမလေးနဲ့ ဟိုင်းဝေးကားပေါ်မှာ အမှတ်မထင် ဆုံဖြစ်ပါတယ်။ မေးကြည့်တော့ ကိုအုံးစံ ဆုံးပြီ-တဲ့။ အသက် ၃၀-မှ တင်းတင်း မပြည့်သေးခင် ဘာကြောင့်များ ဆုံးရတာလဲ ဆိုတော့ ဖားကန့်ကို သွားနေရင်း အဲဒီမှာ နံပါတ်ဖိုးစွဲပြီး ဆုံးတာပါတဲ့။ သြော် ကိုအုံးစံရယ်။ ဗီဇက ပိုအရေးကြီးတယ်။ ပတ်ဝန်းကျင်မကောင်းပေမယ့် ဗီဇကောင်းရင် ကိုယ်ဘာမှ မဖြစ်ပါဖူးဆိုတဲ့ သူ့ခံယူချက်အတိုင်း ဖားကန့်ကို သွားခဲ့လေသလား လို့တောင် တွေးမိပါတယ်။
ဆရာကြီး ဦးအေးမောင်နဲ့ ဆရာအောင်သင်းတို့ ဗီဇနဲ့ ပတ်ဝန်းကျင်အကြောင်း ဆွေးနွေးဖူးတဲ့ အကြောင်း မဂ္ဂဇင်းတအုပ်မှာ ဖတ်လိုက်ရပါတယ်။
ဆရာကြီး ဦးအေးမောင်ကတော့ ဗီဇက ပိုလို့ အရေးကြီးတယ်လို့ ဆိုပါတယ်။ ပတ်ဝန်းကျင်ဆိုးကြောင့် လူတယောက် ပျက်စီးရပါသည် ဆိုဦးတော့ ထိုပတ်ဝန်းကျင်ဆိုးဆိုးမှာ ပျက်စီးသည်အထိ စွဲလမ်းစွာ နေလိုခြင်းသည် ပင်လျှင် သူ့ရဲ့ မကောင်းတဲ့ ဗီဇပါ-လို့ ထောက်ပြပါတယ်။
[P.S ပဒိုင်းဆိပ်သင့်တဲ့ ပျားရည်တွေအကြောင်း သတင်းစာ ဖြတ်ပိုင်းလေးကတော့ ရွာက မှတ်စုစာအုပ် အဟောင်းထဲမှာတော့ ရှိနေဆဲပါ။]

Monday, August 31, 2009

လေဆိပ်ထဲမှာ

မိတ်ဆွေတယောက်က နိုင်ငံခြားသွားမလို့ပါတဲ့။ လေဆိပ် အတွေ့အကြုံလေး မျှပါ ဆိုတော့ မကြာသေးခင်က မိတ်ဆွေနှစ်ယောက် ဘဏ်ကောက်လေဆိပ်မှာ ကြုံဖူးတဲ့ အဖြစ်အပျက်တခုကို သတိရမိပါတယ်။ ပစ္စည်းရွေးတဲ့ နေရာမှာ ကြုံခဲ့တာပါ။ အဲဒီနေရာမှာ ပစ္စည်းတွေတင်ပြီး လည်နေတဲ့ စက်တွေက အများကြီးလေ။ စက်တွေရဲ့ အထက်မှာတော့ လေယာဉ်နံပါတ်တွေ ဖော်ပြထားပါတယ်။ ကိုယ်စီးခဲ့တဲ့ လေယာဉ်နံပါတ်ကို ကြည့်ပြီး ကိုယ့်ပစ္စည်းကို ကိုယ်ရွေးယူရတာပါ။ မောင်မင်းကြီးသားများက အဲသည် လေယာဉ်နံပါတ်ကိုလဲ မော့မကြည့်မိပါဘူး။ သူတို့စီးတဲ့ လေယာဉ် နံပါတ်ကိုလဲ မှတ်မထားမိဘူး။ ဟိုနေရာ တွေ့နိုးနိုး ဒီနေရာတွေ့နိုးနိုးနဲ့ပေါ့။ တကယ်တော့ ဘယ်နေရာမှာ ဘယ်လို ရွေးရမှန်းကို သူတို့က မသိတာပါ။
အိပ်လဲ ကုန်သလောက်ရှိ ဂိတ်လဲ စုံသလောက်ရှိသည်အထိ ယောင်တောင် ပေါင်တောင်နဲ့ ငေါင်နေတုံးတဲ့လေ။ လေဆိပ်ဝန်ထမ်း တယောက်က ကူပေးမှ ပစ္စည်းရွေးနိုင် သတဲ့။ အဲဒါနဲ့ ပစ္စည်းလေးတွေ တွန်းလှည်းပေါ်တင် Immigration-ကို ဖြတ် အပြင်ဖက်ကို ထွက်ဖို့ လုပ်ရပါတယ်။ အဲဒီ အချိန်မှာ လေဆိပ်အပြင်ထွက်တဲ့ လူတွေက သူတို့လောက်ပဲ ကျန်ပါတော့တယ်။ အဲသည်ကျမှ ဒုက္ခ လှလှကြီးနဲ့ တွေ့တာပါ။ ကြည့်လေရာရာ မှန်တွေ ကာထားလေတော့ အပြင်ထွက်စရာ အပေါက်ရှာ မတွေ့လို့တဲ့။

ဘယ်တွေ့လိမ့်မလဲ။ တခါးတွေက အနားကို လူသွားရပ်မှ Auto ပွင့်ကြတာလေ။ သူရို့ တခါးတွေက မင်းတုတ်တွေ ပတ္တာတွေမှ မရှိတာကလား။ ကိုယ်တို့ကလဲ အပြင်က တစောင့်စောင့်။ သူတို့ကလဲ အထဲမှာ ရွာလည်လို့ ကောင်းတုံး။ ဝန်ထမ်းတယောက်က တခါးနားကို သွားရပ်၊ တခါးပွင့်လို့ ထွက်သွားမှ ရိပ်မိပါ-သတဲ့။ အော် တခါးတွေက အနားကို သွားရပ်မှ အလိုလို ပွင့်သကိုးလို့လေ။ အဲဒါနဲ့ အပြင်ကို ရောက်ခဲ့ကြသတဲ့။

မောင်ရင်တို့ရယ် ဘယ်လိုများဖြစ်ကြတာပါလိမ့်။ လေယာဉ်များ လှည်းဦးများလန်နေလို့ နောက်ကျတာလားလို့ မေးတော့မှ ဖြစ်ကြောင်းရယ်မှ ကုန်စင်ကို သိကြရတာပါ။

SHE & RETURN OF SHE

ကိုယ်တို့တွေ ငယ်တုံးကတော့ သဘာဝထက် လွန်ပြီး အသက်ရှည်ရှည် နေချင်စိတ်တွေ သိပ်ပြီး ပြင်းပြခဲ့တာပေါ့။ အသက်အရွယ် နဲနဲရလာတော့ ငယ်စဉ်တုံးကလောက် ပြင်းပြင်း ပြပြကြီး မရှိလှတော့ပါဘူး။ သဘာဝကို သဘာဝအတိုင်းပဲ လက်ခံသင့်တယ်လို့ တွေးစပြုလာတယ်လေ။ She နဲ့ Return Of She ဆိုတဲ့ ဘာသာပြန် ၀တ္ထုကို ဖတ်မိတဲ့ အချိန်မှာတော့ ပိုပြီးတွေးစရာတွေ ဖြစ်လာပါတယ်။
ဝတ္ထုကတော့ အာဖရိကတိုက်တနေရာမှာ ဇာတ်အိမ် တည်ထားတာပါ။ တချိန်က အဲဒီ နေရာမှာ အလွန်ကို ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားတဲ့ လူသားမျိုးနွယ်တွေ အခြေချ နေထိုင် ခဲ့ကြ-သတဲ့။ ဇာတ်လိုက်အမျိုးသမီးက အမျိုးသားတယောက်ကို တဖက်သတ် ချစ်ခဲ့တယ်။ အမျိုးသားက အခြားသော အမျိုးသမီး တယောက်နဲ့ အပြန်အလှန် ချစ်လို့ နေကြ ပြန်တယ်။
အမျိုးသမီးက မြန်မာလိုဆိုရင်တော့ ၀ိဇ္ဇာဓိုရ်မလို့ ခေါ်ရမယ် ထင်ပါရဲ့။ အသက်က လူသာမန်ထက် ရှည်တယ်။ လှပတဲ့ သူမရဲ့ ရုပ်ရည်ကလဲ မပြောင်းလဲပါဘူး။ Powerလဲ အထိုက်အလျောက် ရှိပါတယ်။ ဒါပေမယ့် သူမရဲ့ Power က သူမချစ်သူ သူမကို ပြန်ချစ်အောင်တော့ မစွမ်းနိုင်ခဲ့ပါဘူး။ သူမဖက်က မတရားသဖြင့် ကြိုးစားခဲ့လေတော့ အမုန်းကြီး မုန်းတာတောင်ကို ခံခဲ့ရပါတယ်။ ဘယ်လောက်များ သူမကို မုန်းသလဲ ဆိုရင် သူ့အသက်ကို စွန့်ရတဲ့ အထိကို မုန်းသွားပါ သတဲ့။
လောကထုံးစံအတိုင်း သူမက ချစ်ရတဲ့ သူတွေ သူမကို ချစ်ကြတဲ့ သူတွေ ပြီးတော့ သူမက မုန်းရတဲ့ သူတွေလဲ သူမကို မုန်းကြတဲ့သူတွေကတော့ ပုံမှန်အတိုင်း သေဆုံးကုန်ကြပြီလေ။
ဘ၀အသစ်တွေမှာ ကျင်လည်ရင်း လက်တွဲဖော် အသစ်တွေနဲ့ ဆုံဆည်းလို့။ ပတ်ဝန်းကျင်အသစ်မှာ ကျင်လည်ယင်း တာဝန်သစ်တွေကို ထမ်းဆောင်လို့၊ သံယောဇဉ် အသစ်တွေနဲ့ နှောင်ဖွဲ့လို့။ သူမကို သတိမရနိုင်ကြတော့ပါဘူး။ ဘ၀တွေလည်း ခြားခဲ့ပြီ ကာလတွေလည်း ကြာခဲ့ပြီကိုး။
သူမမှာသာလျှင် သူမက ချစ်ရတဲ့သူတွေကို တွယ်တာစိတ်နဲ့ လွမ်းရလိုက် သူမကို ချစ်ကြတဲ့ သူတွေကို သတိရစိတ်နဲ့ တမ်းတလိုက်နဲ့။ ပြီးတော့ မုန်းရတဲ့ သူတွေကို နာကျည်းစိတ်နဲ့ သတိရလိုက် မုန်းကြတဲ့ သူတွေကို ခံပြင်းစိတ်နဲ့ အမုန်းပွားလိုက်နဲ့လေ။ အရာရာက ပြောင်းလဲနေပေမယ့်လို့ သူမကတော့ ဘာမှမပြောင်းလဲသလိုပါပဲ။ သူမ ချစ်သူဆီက ရခဲ့တဲ့ အမုန်းနဲ့ပဲ ဘယ်တော့မှန်း မသိနိုင်တဲ့ ဘ၀နိဂုံးချုပ်ချိန်ကို ထိုင်စောင့်နေတဲ့ ပုံစံဖြစ်လို့ နေပါတယ်။
ဒီဖက်ခေတ်ကို ရောက်လာတော့ နေရာဟောင်းမှာ သူမတယောက်တည်း။ သူတို့ခေတ် သူတို့အခါက စည်ကားခဲ့ပါတယ် ဆိုတဲ့ မြို့ပြကြီးက ခုချိန်မှာတော့ လူသူနဲ့ ဝေးလို့။ မြို့ပျက်အသွင်တောင် မရှိတော့ပါဘူး။ မြင့်ခဲ့ပါတယ် ဆိုတဲ့ ယဉ်ကျေးမှုတွေကလဲ ခုနေခါမှာ ပြောလို့ မယုံနိုင်လောက်အောင်ကို ပျက်သုဉ်းကုန်ပါပြီ။ (ရှိနေသည့်တိုင်အောင် အဲဒီ ယဉ်ကျေးမှုတွေက ခုခေတ်နဲ့ အံဝင်မယ် မဟုတ်တော့ဘူးလေ။)
သူမ ချစ်သူက ဘ၀ပေါင်းများစွာ ကျင်လည်ရင်း လူ့ဘ၀ကို ပြန်ရောက်လို့ လာပြန်ပါတယ်။ သူတို့ နှစ်ဦး ပြန်ဆုံချိန်မှာတော့ ဟိုအမျိုးသားက ဘာဆို ဘာမှ မသိတော့ပါဘူး။ တချိန်က သူမကို အမုန်းကြီး မုန်းခဲ့တာကိုလဲ သတိမရတော့ပါဘူး။ သူမကို မုန်းလွန်းလို့ ကိုယ့်အသက်နဲ့ စက်ပြီး လဲပစ်ခဲ့တာကိုလည်း မမှတ်မိတော့ပါဘူး။ သူမကို စွဲစွဲလမ်းလမ်းကြီးကို ချစ်လို့နေပြန်ပါတယ်။
ဒီအကြောင်း ဖတ်ရတော့ သဘာဝတရားကို သဘာဝအတိုင်းပဲ လက်ခံနိုင်ဖို့ လိုတယ်ဆိုတဲ့ အတွေးက ပိုပြီး ခိုင်မာလာသလိုပါပဲ။ သေဆုံးခြင်းဆိုတာ တကယ်တော့ သဘာဝတခုပဲလေ။ သူလဲ အတိုင်းအတာတခုအထိ လိုအပ်တဲ့ သဘာဝတရားတခုပဲ-လို့ တွေးမိပါတယ်။ သဘောပေါက် နားလည် လက်ခံနိုင်တဲ့ အနေအထား ရောက်အောင်တော့ အတော်ကို ကြိုးစားရအုံးမှာပါ။ ဒီသဘာဝတရားကိုတောင် လက်ခံနိုင်ပြီဆိုရင်တော့ အခြားသော သဘာဝတရားတွေကိုလည်း နားလည်လက်ခံဖို့ လွယ်ကူလိမ့်မယ် လို့ ထင်တယ်လေ။
She နဲ့ Return Of She ဆိုတဲ့ ဘာသာပြန် ၀တ္ထုနှစ်အုပ်ကို လွန်ခဲ့တဲ့ ၉နှစ်ကျော်ကတည်းက ဖတ်ခဲ့ဖူးတာဖြစ်ပေမယ့် အကြောင်းအရာတွေကိုတော့ ခုထက်ထိမှတ်မိနေတုံးပါပဲ။ ဖတ်မိရာကနေ မှတ်မိတဲ့ အကြောင်းအရာတခုပါ။

Saturday, August 22, 2009

ဖတ်မိပြီး မကြိုက်သော်လည်း မှတ်မိနေသော အရာများ

တလောတုံးက ညီငယ်တယောက်ရဲ့ သူ့အတွေး သူ့အမြင် သူ့ ပတ်ဝန်းကျင်ကို ထင်ဟပ်ထားတဲ့ စာတပုဒ် ဖတ်လိုက်ရပါတယ်။တချိန်တုံးကတော့ လူငယ်ပီပီ အဝေးကို ပျံချင်တဲ့ ဆန္ဒနဲ့ အမြင့်လမ်းကို သူမှန်းပြီး ရွေးချယ်ခဲ့တယ် ထင်ပါရဲ့။ သူရွေးခဲ့တဲ့ လမ်းက မြင့်သည် မှန်သော်လည်း အဝေးကို ပျံသန်းဖို့က အမြင့်ကို ရောက်လေ အကန့်အသတ်တွေ များလေ ဖြစ်လာပုံရပါတယ်။ သူ့ သူငယ်ချင်းတွေကတော့ မြင့်တာ မမြင့်တာ တကဏ္ဍထားလို့ ခုနေခါမှ သူတို့ စိတ်ကြိုက် ခပ်ဝေေ၀းကို အကန့်အသတ်မဲ့စွာနဲ့ ပျံသန်းခွင့်တွေ ရနေပါတယ်။ သူ့ သူငယ်ချင်းတွေနဲ့ လက်ရှိ သူ့ဘ၀ပုံစံနဲ့ နှိုင်းယှဉ်ပြီး သူ့ကိုသူ အားမရဖြစ်နေတယ် ထင်ပါရဲ့လို့ ခံစားမိတာနဲ့ သူဆီကို စာတစောင် ရေးဖြစ်ပါတယ်။

ညီ

တို့တွေ ဖတ်မိပြီး မကြိုက်သော်လည်း မှတ်မိနေတဲ့ အကြောင်းအရာလေးတွေ ရှိတတ်ပါတယ်။ သီလက္ခန္ဓပါဠိတော်မှာ အယူဝါဒ ၆၂-မျိုး ဖြစ်ပေါ်လာပုံကို လေ့လာရတဲ့ အချိန်တုံးကပေါ့။

အဲဒီ အထဲမှာ အယူဝါဒတခုက နိယာမတခု ထုတ် ထားပါတယ်။ သူတို့ နိယာမအရ လူအပါအ၀င် အားလုံးသော အရာဝတ္ထုများမှာ အစ အလယ် အဆုံး မူလ ကတည်းက ကန့်သတ်ချက်ရှိပြီး ဖြစ်သည်။ အနည်းအကျဉ်းသော အရာဝတ္ထုတို့ကို အနည်းငယ် သာလျင် ပြောင်းလဲ သွားအောင် စီမံလို့ ရစကောင်း၏။ အလုံးစုံ ပြောင်းလဲ သွားအောင် ပြင်လို့မရ ဆိုတဲ့ သဘောပါ။ ဗုဒ္ဓကတော့ ဒါကို လက်မခံပါဘူး။

အဲဒီနေ့မှာပဲ တိုက်တိုက်ဆိုင် မြ၀တီအငြိမ့်ပြိုင်ပွဲမှာ ပြိုင်ပွဲဝင် အငြိမ့်ခွေ တခုကို ကြည့်ခွင့် ကြုံပါတယ်။ အငြိမ့် စထွက်ထွက်ချင်း လူရွှင်တော်နှစ်ယောက်က ခွန်းတောက်နဲ့ စပါတယ်။

ချိုးနှစ်ကောင် ကုန်းခေါင်ခေါင်က လွမ်းအောင် ကူချွဲ ။

အဘ ကျွန်တော်ကြားဖူးတာကတော့ ချိုးနှစ်ကောင် ထနှောင်းပင် ညီနောင်က လွမ်းအောင် ကူချွဲ- ပါဗျာ။

ဟေ့ကောင် မင်းဘာသိလို့လဲ။ ခြောက်လမ်းသွား လမ်းမကြီးတွေ ဖောက်နေတာ မင်းမသိဘူးလား။

ဘာဆိုင်လို့လဲ အဘရဲ့။

ဆိုင်ပါသော်ကောဗျာ။ အဲဒီခြောက်လမ်းသွား လမ်းမကြီးတွေ ဖောက်တော့ လမ်းနဲ့ မလွတ်လို့ ဆိုပြီး ခုတ်လှဲပစ်လိုက်တာ ထနှောင်းပင်တွေ မရှိတော့ဘူး လေကွာ။ အဲဒါကြောင့် ချိုးကလေး ခမျာ။ ကုန်းခေါင်ခေါင်မှာ ပဲ ကူချွဲရတာပေါ့။

ဒါဆိုလဲ ကုန်းခေါင်ခေါင်မှာပဲ ကူချွဲပါဗျာ။

ချိုးနှစ်ကောင် ထနှောင်းပင် ညီနောင်က လွမ်းအောင် ကူချွဲ

အဘ ခုနပဲ ထနှောင်းပင်တွေက မရှိတော့ဘူးဆို။

အဲဒါကြောင့် မင်းကို သတင်းစာဖတ်လို့ ပြောတာပေါ့။ ကိုးခရိုင် စိမ်းလန်းစိုပြေရေး လမ်းဘေး ၀ဲယာ စိုပြေရေးဆိုတဲ့ စီမံချက်နဲ့ သစ်ပင်တွေ စိုက်နေတာ မင်း မကြားမိဘူးလား။ အဲဒီ စိုက်တဲ့ အထဲမှာ ထနှောင်းပင်တွေ ပါတယ်ဟ။ ခုတော့ ချိုးနှစ်ကောင် ကူချွဲစရာ ထနှောင်းပင်လေးတွေ ရှိလာပြီ၊ ရှိလာပြီ။

ဒါဆိုလဲ ဆက်ပါဦးဗျာ။

ချိုးနှစ်ကောင် ထနှောင်းပင် ညီနောင်က လွမ်းအောင် ကူချွဲ၊

ပန်းတော်ဖြူ ပင်မြက်မြေဇာပါးလှတယ်

အဘ ပန်းတော်ဖြူ ပင်မြက်မြေဇာ ထူလှတယ် မဟုတ်လားဗျ။

မြို့ရွာ သန့်ရှင်းလှပရေး စနေနေ့တိုင်း လုပ်အာပေး၊ မြို့ရွာ သန့်ရှင်းလှပရေး စနေနေ့တိုင်း လုပ်အာပေး၊ ဆိုတာ မင်းမကြားဖူးဘူးလား။

ကြားဖူးတယ်လေ အဘ။

မြို့ရွာ သန့်ရှင်းလှပရေး စနေနေ့တိုင်း လုပ်အား ပေးနေပြီဆိုတော့ မြေဇာမြက်က ပါးရော့ပေါ့ကွ။

ဒါဆိုလည်း ပါးစေဗျာ။ ပါးစေဗျား။

ချိုးနှစ်ကောင် ထနှောင်းပင် ညီနောင်က လွမ်းအောင် ကူချွဲ၊

ပန်းတော်ဖြူ ပင်မြက်မြေဇာထူလှတယ်

မြို့ရွာ သန့်ရှင်းလှပရေး စနေနေ့တိုင်း လုပ်အားပေးနေပြီဆိုတော့ မြက်က ပါးနေပြီ ဆို။

အဲဒါက လူကြီးလာတုံးပဲ လုပ်တာဟ။ လူကြီး မလာတော့ ဘယ်သူမှ မလုပ်တော့ဘူး။ အဲဒီတော့ မြက်က ပြန်ပြီး ထူတာပေါ့။

ဒါဆိုလည်း ထူစေဗျားထူစေဗျား။

ချိုးနှစ်ကောင် ထနှောင်းပင် ညီနောင်က လွမ်းအောင် ကူချွဲ၊

ပန်းတော်ဖြူ ပင်မြက်မြေဇာထူလှတယ်

ဖိုးတောင်သူ တိုက်။

လုပ်ပြန်ပြီဗျာ။ ဖိုးတောင်သူ တဲပါဗျာ့။

တဲပေါ်ကလူ တိုက်ပေါ်ရောက်ဖို့ဆိုတဲ့ စီမံချက်ကို မင်းမကြားဖူးလား။ အဲဒီ စီမံချက် အတိုင်းဆိုရင် တဲဆိုတာ ဘယ်ရှိတော့ မလဲကွာ။ အားလုံး တိုက်ပေါ်ချည်းပဲ နေရမယ်လေ။

ဒါဆိုလဲ တိုက်ပေါ်ပဲ ထားပါဗျာ။ ခင်ဗျား လက်ထက်ကျမှ အကုန် ပြောင်းရမယ့် ကိန်းပဲ။ ကဲ ကဲ ခွန်းတောက်ကိုပဲ ဆက်ပါဗျာ။

ချိုးနှစ်ကောင် ထနှောင်းပင် ညီနောင်က လွမ်းအောင် ကူချွဲ၊

ပန်းတော်ဖြူ ပင်မြက်မြေဇာထူလှတယ်

ဖိုးတောင်သူ့ တဲ။

အဘက အညိုးညိုးပဲဗျာ။ ခုနပဲ တဲပေါ်ကလူ တိုက်ပေါ်ရောက်ရေးဆိုတဲ့ စီမံချက်အရ အားလုံး တိုက်တွေ ဖြစ်ကုန်ပြီဆို။

ဖြစ်တော့ ဖြစ်တယ်ကွာ။ ဒါပေမယ့် တိုက်က ကန်ထရိုက်တိုက်ဆိုတော့ မြန်မြန် ပြိုကုန်ပြီကွ။ အဲဒါ ကြောင့် ဖိုးတောင်သူ ခင်မျာ သူ့တဲမှာပဲ ပြန်နေရ ရှာတယ်လေ။

သူတို့ ခွန်းတောက်ဆိုပုံက ခုနနိယာမကို ထောက်ခံသလိုလိုပါပဲ။ ကိုယ်ကတော့ အဲဒီ နိယာမကို မယုံပါဘူး။ ဒါပေမယ့် ပြောင်းလဲခြင်းတွေနဲ့ ကြုံလေတိုင်း အဲဒီနိယာမကို သတိရတယ်။

မောင်ရင်တို့ သူငယ်ချင်းတွေကတော့ လမ်းခွဲခါနီး အချိန်တွေမှာ ဘိုလို သီချင်းတပုဒ်ထဲက စားသားတခုကို ရွတ်ဆိုခဲ့ကြသတဲ့။ ခုတော့ ဆိုခွင့်မရသေး။ တယောက် တနေရာစီမှာကိုး။ ပုံစံတမျိုးစီနဲ့ပေါ့လေ။ တချို့လည်း အားကျစရာ။ တခါတရံ ကိုယ့်ကိုယ်ကို အားမရစရာတွေနဲ့ ။ နောက်တခါ ရွတ်ဆိုခွင့်တွေလဲ ရချင်သေးသတဲ့။ မှန်တာ မမှန်တာ လက်ခံတာ မခံတာ အပထားလို့ ခုနက နိယာမအရ ဆိုရင်တော့ မောင်ရင်တို့တတွေ ပြန်လည် ရွတ်ဆိုခွင့်ရကြမှာပါ။

တကယ်တော့ ချိုးနှစ်ကောင်က အစကတည်းက ထနှောင်းပင်ညီနောင်မှာ ကူချွဲခဲ့ကြတာပါ။

ပန်းတော်ဖြူ ပင်မြက်မြေဇာတွေကလည်း မူလကတည်းက ထူခဲ့ကြတာပဲ မဟုတ်လား။

ဖိုးတောင်သူလဲ အစကတည်းက သူ့တဲမှာ သူနေခဲ့တာပဲလေ။

ကြားထဲမှာ အခြေအနေ အရ

ချိုးနှစ်ကောင်ဟာ ကုန်းခေါင်ခေါင်မှာ ကူချွဲရတဲ့ အခါတွေလည်း ရှိစကောင်း ပါတယ်။

ပန်းတော်ဖြူ ပင်မြက် မြေဇာကလဲ အခြေအနေ အရ ပါးတဲ့ အခါလည်း ပါးရပေ မပေါ့။

ဖိုးတောင်သူလဲ အခိုက်အတန့်အားဖြင့်ပဲ ဖြစ်ဖြစ် တိုက်ထဲမှာ နေတဲ့ အခါ နေပါစေလေ။

ဘယ်လိုပဲ ပုံစံတွေ ပြောင်းခဲ့ပေမယ့် နောက်ဆုံး ကျတော့လဲ

ချိုးနှစ်ကောင် ထနှောင်းပင် ညီနောင်က လွမ်းအောင် ကူချွဲ၊

ပန်းတော်ဖြူ ပင်မြက်မြေဇာထူလှတယ်

ဖိုးတောင်သူ့ တဲ။

ဆီကိုပဲ ပြန်ရောက်တာပဲ မဟုတ်လား။ မောင်ရင်ရဲ့ နောက်ဆုံး ပို့စ်နဲ့ ဒုတိယ ပို့စ်ကို ဖတ်မိရာကနေ ဖတ်မိပြီး မကြိုက်သော်လည်း မှတ်မိနေတဲ့ အကြောင်းအရာ လေးတခုကို မျှဝေလိုက်တာပါ။