Thursday, May 31, 2012
နှစ်လိုစေသူ
“ကိုင်း … ၁၃ နှစ်သမီးလေးကို ထိတွေ့စို့ …လူစုံပြီ”
   ကိုမြတ်ဝင်လာတာနဲ့ သက်တမ်းရင့် ၀ီစကီပုလင်းကိုလှမ်းရင်း ကိုလေးက ပြောတော့  ၀ီစကီဖန်ခွက် ရေခဲ ဆော်ဒါဘူးတွေ  အဆင့်သင့်ပြင်ပေးဖို့ မောင်ဌေးကို တိုးတိုး မှာရတယ်။ လူစုံအောင် စောင့်နေရင်း  တချို့က ၀ိုင်၊ တချို့က ဘီယာသောက်နေကြတဲ့အတွက်  ဘီယာခွက်တွေကိုပါ သိမ်းလိုက်ဖို့ ပြောရတယ်။ အင်း ကလေးတွေတော့ ခွက်သိမ်းရ ဆေးကြရနဲ့ အလုပ်များကြဦးမှာပဲ။ တခါတခါ စဉ်းစားမိတယ်။ တခါသုံးခွက်တွေနဲ့ဆို ကလေးတွေသက်သာမှာလို့။ ကိုလေး အော်ဟစ်သံကြီး အရင်ဆုံး ထွက်လာမှာ မြင်ယောင်မိပြီး ကျောတွန့်သွားတယ်။ သူက ဘယ်အရည်ကို ဘယ်ခွက်နဲ့၊ ဘယ်ဟင်းကို ဘယ် ဇွန်း၊ ခက်ရင်း ဆိုတာမျိုးတွေ အတော် အရေးထားတဲ့သူကိုး။ ကျွန်မကိုလည်း ထမင်းဝိုင်း ယဉ်ကျေးမှု ဆိုတာ တကူးတက သင်ပေးခဲ့တဲ့ လူပဲ။
“မိသက် ဘယ်ရောက်နေလဲ…  ဒီ လာထိုင်လေ။ ငါ့တို့ကို ကြက်ကြော် ထပ်ချပေးဦး”
“သက်သက် ကိုယ်တို့နဲ့အတူ လာထိုင်စားပါ။ ပြီးတော့ ကိုမြတ်ကို ထမင်းနည်းနည်း ထည့်ပေးပါလား”
        ခင်းကျင်းထားတဲ့ စားပွဲမှာ ဟင်းတွေက အမျိုးစုံ။ ငါးရံ့ခေါင်းဟင်းရော ငါးခြောက်ထောင်းကြော် ငါးပိကြော်ရော တရုတ်ဟင်းလျာတွေရော ဂျပန်စာလည်း ပါသေးတယ်။ ငါးရံ့ဟင်းက  ကိုမြတ် အကြိုက်ဖြစ်ပြီး  အညာက တကူးတက ဆင်းလာတဲ့ ကိုဝက်ကြီးကတော့ တရုတ်တန်းက ၀က်ခေါက်ကင်နဲ့ ဘဲကင်ကို အသည်းစွဲကိုး။ ကိုလေးက သူ့ သူငယ်ချင်းတွေ ကြိုက်တတ်တဲ့အရာကို ခင်းကျင်းတည်ခင်းပေးခြင်းဖြင့် သူ ဘယ်လောက် သူငယ်ချင်းတွေကို အရေးထားလည်းဆိုတာ ပြချင်သူပါ။ အရင်ကတည်းကလည်း သူ ဒီလိုတာဝန်ကျေ လှိုက်လှဲလွန်းလို့ ဒီအိမ်မှာပဲ လူစုလေ့ရှိကြပါတယ်။ အန်တီနု၊ မကြီးနဲ့ ကျွန်မတို့ကပဲ အမြဲလိုလို စီမံ ချက်ပြုတ်ရတာပါ။ ယောက်မကတော့ ချိုသာ စကားပျုငှာ ပြောတတ်သော်လည်း မီးဖိုချောင်ကိုတော့ ကောင်းစွာ စီမံလေ့ရှိသူ မဟုတ်ဘူး။ ခင်ပွန်းသည် အလုပ်ပြောင်းရာလိုက်သွားတဲ့ မကြီးက ယောက်မကို တို့အိမ်ရဲ့ အထာကို နှစ်များစွာကြာလည်း သိလာမယ့်သူ မဟုတ်ဘူးလို့ မှတ်ချက်ချဖူးတယ်။ တကယ်တော့ ကျွန်မ မလာချင်ဘူး။ ကိုမြတ်ပြန်လာလို့ လုပ်တဲ့ပွဲမို့ ဆက်ဆက်လာပါလို့ တရရ လုပ်နေလို့ပဲ။
            အရင်တုန်းကတော့ ဒီလိုပွဲတွေရှိရင် လူစုကြ၊ ရယ်မောပြောဆိုကြ၊ ဂစ်တာတီးကြ၊ သီချင်းဆိုကြနဲ့ မှတ်မိသလောက်တော့ အပြင်းတွေကို သိပ်မသောက်ကြဘူး။ ဘီယာနဲ့ပဲ ပြီးသွားကြတာဘဲ။ အခု နောက်ပိုင်း ကိုလေးတို့အိမ်မှာ ပွဲလုပ်တိုင်း တော်တော် သောက်နေကြတာ သတိထားမိတယ်။
ကိုလေး သူငယ်ချင်းတွေအထဲ ကိုမြတ်ကို အရင်းနှီးဆုံးပဲ။ သူ့နောက်ဆုံးနာမည်ကို ပြောလိုက်ရင် လူတိုင်းသိနိုင်တဲ့ မျိုးရိုးက ဆင်းသက်လာသူ၊ ဆွေစဉ်မျိုးဆက် ပညာဥစ္စာပြည်စုံသူ၊ အမေ့စကားအရ ရိုးစဉ်ကောင်းက ဆင်းသက်သူပါ။ ဆင်းသက်ကြီးပြင်းတဲ့ မျိုးရိုးနဲ့ လျော်ညီစွာ အနေအထိုင် ယဉ်ကျေးသိမ်မွေ့ အပြောအဆို အဆင့်အတန်းရှိသူဖြစ်ပါတယ်။
      ဘဘနဲ့ ကိုမြတ့်မာမီက ရန်ကုန်တက္ကသိုလ်မှာ ကျောင်းနေဘက်တွေ ဖြစ်ခဲ့တယ်။ ဘဘ စစ်သံမှုးဘ၀နဲ့ တိုင်းတပါးမှာ ရောက်နေခိုက် ကိုမြတ်တို့မိသားစုနဲ့ ပြန်တွေ့ကြပြီး နှစ်အိမ်ထောင် ရင်းနှီးကျွမ်းဝင်ကြတယ်။ အိမ်မှာ ဧည့်ခံပွဲ ထမင်းစားပွဲ လုပ်တိုင်း ဖိတ်ရတဲ့ စာရင်းမှာ ထိပ်ဆုံးက အမြဲပါတယ်။ သူတို့ဖိတ်ရတဲ့လူကလည်း ထပ်နေတာ။ ဒီလူဒီလူတွေပဲ လှည့်ပတ်ကျွေးမွေး ဧည့်ခံနေကြတာကိုး။ ကိုမြတ်မာမီမို့ အိမ်လာရင် ကျွန်မတို့မှာ ငေးနေရတာ။ အ၀တ်အစား အသုံးအဆောင် လက်ဝတ်လက်စားက အန်တီနု မပြောနဲ့၊ မကြီးတောင် လုံးလုံးမမီဘူး။ အန်တီနုတို့ စိန်နားကပ်အပါးဝိုင်းတွေကို ရတီဘယ်လောက်ဆိုပြီး တလုံးထဲတွေ ၀တ်နေချိန်မှာ ကိုမြတ့်မာမီ ပန်ထားတာကတော့ အကျီအရောင်နဲ့ လိုက်အောင် ခရမ်းစွဲ၊ ကြောင်၊ မဟူရာ၊ နီလာပြာ၊ နီလာဖြူ၊ ကနုကမာ၊ ပုလဲ နဲ့ ကျောက်ရောင်စုံတွေ။ လည်ပင်းမှာလည်း အရောင်တူ ဆွဲကြိုးအရှည်နဲ့။ သူ့ကားကို ကိုယ်တိုင်မောင်းကာ ကျောင်းနေဖက်တွေနဲ့ တပြည်လုံး လည်ပတ်နေတတ်တယ်လို့ ဘဘ ပြောတာ ကြားဖူးတယ်။ တခါတလေ ဘဘကို ‘ယူ့ကို အိုင်ပြောစရာရှိလို့ကွာ’ ခပ်တည်တည် ပြောပြီး ‘နုရေ ခဏကွယ် ကိုယ်တို့သူငယ်ချင်းတွေ ပြောစရာရှိလို့’ ဆိုကာ အန်တီနုကို ယဉ်ယဉ်ကျေးကျေးနဲ့  ခွင့်တောင်းတယ်။ နောက်  နာရီနဲ့ချီကာ ဘဘနဲ့ စကားပြောနေတတ်သေးတယ်။ အန်တီနုတောင် အနားမလာအောင် ခွင့်တောင်းပုံက သဘောကျချင်စရာ။ ဖတ်ဖူးစွဲလမ်းဖူးတဲ့ ၀တ္တုတခုက အခြေမြင့်တဲ့ ဇာတ်ရုပ်တခုကို သူ့ မြင်တော့မှ အပြည့်အ၀ နားလည်တော့တယ်။
 စနေ၊ တနင်္ဂနွေနေ့ မနက်ပိုင်းဆို အိမ်ကို ၀င်ဝင်လာတတ်တဲ့ ကိုမြတ်က ဈေးပို့ပေးဖို့ ကိုလေးကို နှိုးနေတဲ့ ကျွန်မကို သူ့သူငယ်ချင်းအိပ်ပါစေလို့ ပြောပြီး ဈေးလိုက်ပို့တယ်။ ခြင်းအလေးကြီးနဲ့ ကျွန်မ ပြန်ထွက်လာတာ မြင်တိုင်း ပြေးလာ ကူဆွဲပေးတယ်။ လမ်းမှာ ဗွက်အိုင် ရေအိုင်တွေ့ရင် ဆိုက်ကား သို့မဟုတ် လူ ရှိနေရင် ဖြည်းဖြည်းသာသာနဲ့ ဘီးလှိမ့်ရုံသာ အိုင်ထဲ ချမောင်းတတ်တယ်။ ရေအိုင်ကို အရှိန်နဲ့ဖြတ်တဲ့ ကားတွေကြောင့် ခဏခဏ ရွှံရေစင်ဖူးလို့ ဒေါသထွက်ခဲ့ဖူးတဲ့ ကျွန်မဟာ သူ့အပြုအမူတွေကို  သိပ်ကို နှစ်သက် သဘောကျမိပါတယ်။
  လမ်းထိပ်က ကွမ်းယာသည်ကိုရော လမ်းဘေး ဓာတ်ဆီဆိုင်ကလူကိုရော ငှက်ပျောသီးအထမ်းသည်ကိုရော ဟုတ်ကဲ့ပါခင်ဗျာချင်းထပ်အောင် စကားပြောဆိုတတ်သူပါ။ သူတို့အသိုင်းအ၀ိုင်းမှာ ယဉ်ကျေးဖွယ်ရာစကား ပြောဆိုတာကိုက အရည်အချင်း တခုကိုး။ သူ သိမ်မွေ့ယဉ်ကျေးလွန်းတော့ ကိုယ်ဘာသာတောင် ရှက်စနိုး ဖြစ်ရတယ်။ စကား ဆတ်ဆတ် ပြောလို့ ကျွန်မကို ကိုလေး ခဏခဏ ဆူတယ်။
  တရက် ကျောင်းစားသောက်ဆိုင်တန်းမှာ ထိုင်နေတဲ့ ကျွန်မကိုမြင်ပြီး ကိုမြတ် ပိုက်ဆံလာရှင်းပေးသွားတယ်။ သူ့ကားပေါ်ပါလာတဲ့ ကိုဝက်ကြီးက ကျွန်မကို ကျောင်းမှာမြင်တော့ အံ့သြနေတယ်။ ကားနဲ့လာတဲ့ အရပ်မြင့်မြင့် ချောချော အကိုကြီးတယောက်က ပိုက်ဆံလာရှင်းပေးသွားလို့ ကျွန်မ သူငယ်ချင်းတွေကလည်း အံ့သြကုန်ပါတယ်။  ကိုမြတ်နာမည်ကြားတာနဲ့ လူရေလည်တဲ့ မိသူက “ဟာ” လို့ ထအော်တယ်။
       ကိုလေး သူငယ်ချင်း အတော်များများဟာ ကျွန်မကို ဘဘနဲ့ အန်တီနုတို့ရဲ့ အခြွေအရံတယောက်လို့ပဲ အထင်ရှိကြတယ်။ သူတို့ လာစားသောက်တိုင်း ဒီအိမ်မှာ ကျွန်မက ကူဖော်လောင်ဖက်လုပ်နေတာ မြင် မြင် နေရတာကိုး။ ဘဘနှမက မွေးတဲ့ တူမအရင်းဖြစ်တာ ကိုမြတ်ပဲ အ၀င်အထွက်များလို့ သိတယ်။ တနင်္ဂနွေညနေ အဆောင်ကို ပြန်ဝင်ရချိန်တွေမှာဆိုရင်  ကိုမြတ် အိမ်အပြန်နဲ့ ကြုံရင်တော့ ၆ မိုင်ခွဲထိပ်အထိ လမ်းကြုံလိုက်လို့ ရပါတယ်။
       ကိုလေးကတော့ ကျောင်းမှာ မျက်နှာချင်းဆိုင်တွေ့တာတောင် မခေါ်တတ်တဲ့လူပါ။ သူကိုယ်တိုင်ကလဲ ကျွန်မကို သူ့အခြွေအရံလို့သာ သဘောထားရှိသူပါ။ အမေပို့လိုက်တဲ့ ကျွန်မ ပိုက်ဆံထုပ်ကို လုံးဝရှာမတွေ့အောင် ရေခဲစက်ထဲ ထည့်ထားပြီး ကျွန်မ ဒေါသထွက်အောင် စမယ်။ ပိုက်ဆံထုပ်ကို ရေခြောက်အောင် လုပ်နေရင်းနဲ့ မီးပူတိုက်ရင်းနဲ့ အဆောင်ကို ပြန်အ၀င်နောက်ကျအောင် အနှောင့်အယှက်ပေးတယ်။ ပိတ်ရက်လေး ခဏလာတဲ့ နှမ၀မ်းကွဲကို ငါးရံ့ခေါင်း ဟင်းချက်ပေး၊ ငါးပိကြော်ပေး၊ ငါးခြောက်ထောင်းကြော်၊ ကြက်ကြော်ကြော်ပေးဆိုပြီး မျိုးစုံအောင် ခိုင်းစားတတ်သူပါ။ ‘ဒေါ်လေးလက်ရာကို နင် မမီသေးဘူး’ လို့ ချက်တဲ့သူ အောင့်သက်သက်ဖြစ်အောင် စားအပြီး မှတ်ချက်ချသေးတယ်။
       ကျွန်မ ပထမနှစ်တက်ဖို့ ရွာက ထွက်လာခါစမှာပေါ့။ သူတို့အုပ်စုတွေ အောက်ထပ်မှာ ရုပ်ရှင်ကြည့်နေတုန်း ကျွန်မ အပေါ်ထပ်ကို တက်သွားတာမြင်တော့ လှေခါးမီး ပိတ်ပေးဖို့ ကိုလေးက အင်္ဂလိပ်လို လှမ်းပြောပါတယ်။ ကျွန်မ ချက်ချင်းပိတ်ပေးလိုက်တော့ ကိုလေး အံ့သြသလိုနဲ့ “ ငါ မီးပိတ်ခိုင်းမှန်း နင် ဘယ်လိုသိလဲ” သူ့သူငယ်ချင်းတွေရှေ့မှာ  ထုတ်မေးပါတယ်။ ကျွန်မက ‘အစအဆုံး နားမလည်ပေမယ့် Off ကိုသိတယ်။ လှေခါးမီးပွင့်နေတာကို သတိထားမိတယ်’ လို့ ရိုးစင်းစွာ ဖြေမိရက်သား ဖြစ်သွားတယ်။ “မဆိုးဘူး နင် ဥာဏ်ကောင်းတယ်” လို့ ကိုလေး ရယ်ရင်းပြောတယ်။ ဒီလိုလုပ်နေမှတော့ ကျွန်မကို ကျောင်းမှာတွေ့တော့ ကိုဝက်ကြီး အံ့သြတာပေါ့။
***
         ဘဘကလည်း သူ့နှမလက်ရာ ငါးပိကြော် ငါးခြောက်ထောင်းကြော်ကို အတော်စွဲလန်းသူဆိုတော့ အမေလာတိုင်း ယူလာပေးနေရတာ ထုံးစံဖြစ်နေပြီ။ အမေက သူ့အကိုကြီးကို တမိပေါက် တယောက်ထွန်းမို့ အမျိုးကို ဂုဏ်ဆောင်သူ ရွာကို ဂုဏ်ဆောင်သူအဖြစ် အတော်ကိုးကွယ်ပါတယ်။ ရွာက အိမ်မှာ ဘဘ ယူနီဖောင်းနဲ့ရိုက်ထားတဲ့ ဓာတ်ပုံအောက်မှာ ရာထူး အပြည့်အစုံကို ရေးကပ်ထားတာပါ။  အိမ်နဲ့ ဓာတ်ပုံက တော်တော် မလိုက်ဖက်ဘူးလို့ အဖေ ဟားလည်း ခပ်တည်တည်ပဲ။ သိသလောက်တော့ အန်တီနု၊ မကြီးနဲ့ ကိုလေးတို့ ရွာကို တခါမှ မလာဖူးဘူး။ ဘဘ ကိုယ်တိုင်တောင်မှ ပြန်မလာတာ၊ သူတို့ စိတ်ကူးရှိပုံမရတာ အပြစ်ပြောစရာမဟုတ်ပါဘူး။ အင်း လာရင်လဲ ပြသနာများမှာပဲ။ ရွာလမ်းက ဖုန်တွေကြောင့် မကြီး မဲ့သွားနိုင်သလို အိမ်က အိမ်သာကြောင့် ကိုလေး အော်မှာပဲ။
          အန်တီနုကတော့ သူ တပြားတချပ်မှ မထောက်ပံ့ရတဲ့အပြင် လယ်ကရတဲ့ အကျိုးအမြတ်ဆိုပြီး မှန်မှန်ကြီး ပိုက်ဆံလာပို့နေတဲ့ ယောက်မကို ကြည်ဖြူပေမယ့် လူနေမှုစရိုက်၊ အနေအထိုင်၊ အဆင့်အတန်း မတူလှတဲ့အတွက် တန်းတူရည်တူစိတ် မထားနိုင်တာ ကျွန်မ ခံစားသိ သိပါတယ်။ အမေက ကျွန်မကို ဒီအိမ်ကနေ ကျောင်းတက်စေချင်တာ။ အဖေနဲ့ကျွန်မတို့ သဘောထားကြောင့်သာ  အဆောင်မှာ ပေးနေတာ။ အဖေက ရှင်းတယ်။ နင့်အကို ရာထူးကြီးကြီးမာစတာဖြစ်လည်း ငါတို့ စပါးတတင်း ပဲတတင်း ပိုရတာမှ မဟုတ်ဘဲတဲ့။ အကိုအတွက် စားစရာ လုပ်ပြီး မော်တော်တတန်၊ ကားတတန်၊ သဘောင်္တတန်နဲ့ သွား သွား ပို့နေတာကို မကြိုက်လှဘူး။ မပြောသာလို့ပဲ။
    မကြီးက ဖာသိဖာသာ နေတဲ့စရိုက်ရှိပြီး ကျွန်မကို  စိတ်မှန်နဲ့ ဆက်ဆံတယ်။ ညီမရင်းချာလို့ နွေးထွေးလှိုက်လှဲတဲ့စိတ် မရှိပေမယ့် နှိမ့်ချ ဆက်ဆံတတ်သူလည်း မဟုတ်ပါဘူး။ စာအုပ်ထဲမှာသာ ဖတ်ဖူးတဲ့ နိုင်ငံခြားက နာမည်ကြီးတံဆိပ် အကုန်လုံး သူ့ မှန်တင်ခုံပေါ်မှာ၊ ဘီဒိုထဲမှာရှိတယ်။ သူ  ကျွန်မကို ပေးလိုက်တဲ့ အသုံးအဆောင်တွေ၊ တကိုယ်ရေသုံး ပစ္စည်းတွေကို  မိသူက ‘ဒါ စကော့ဈေးထဲ ရှာလို့မရနိုင်တာတွေ’ လို့ပြောပြီး လိုချင်စိတ် ပြလွန်းလို့ သူ့ကိုပဲ ပေးလိုက်တာ များပါတယ်။ မကြီးကို အမြဲ ကျေးဇူးတင်ရတဲ့အချက်က အတွင်းခံ အ၀တ်အစားကို ဂရုတစိုက် ၀တ်တတ်အောင်  ကြပ်ကြပ် သတိပေးခဲ့လို့ပါ။ ‘နင့် အတွင်းခံက နင်ဝတ်ထားတဲ့ အပြင်အကျီထက်  ၃ ဆလောက် ဈေးကြီးနေပါလား’ လို့ မိသူက ထုတ်ပြောရတဲ့အထိဘဲ။
       ကျွန်မ ကျောင်းပြီးချိန်မှာ ကုမ္ပဏီတွေထောင်ခွင့်ပြုလိုက်တော့ ကိုမြတ်တို့မာမီနဲ့ အန်တီနုတို့ စုပေါင်းပြီး ကုမ္ပဏီ ထောင်ကြပါတယ်။ နိုင်ငံခြားသား ဧည့်သည်တွေကို ထမင်းကျွေးရတာ ဆက်တိုက်လိုလိုပဲ။ မကြီး တော်တော် ပင်ပန်းတဲ့ကာလတွေပဲ။ သူ့ မဟာဘွဲ့အတွက် စာတမ်းနဲ့ ဧည့်သည်ထမင်းကျွေးပွဲတွေနဲ့ လုံးထွေးရလွန်းလို့ ကျွန်မကို လက်တိုလက်တောင်း ခိုင်းဖို့ အမြဲ လာလာ ခေါ်ရတဲ့ကာလလို့လည်း ပြောနိုင်ပါတယ်။ တရက်တော့ ဂျပန် ဧည်သည်တွေကို နေ့လယ်စာကျွေးဖို့ရက်မှာ မကြီးက သူ့ဆရာကြီးနဲ့ တွေ့ရမှာဆိုတော့ လုံးလုံး မအားတာနဲ့ ဟင်းပွဲ အစအဆုံးကို ကျွန်မ ချက်ရတော့တာပဲ။ ကိုမြတ့်မာမီက ခါတိုင်းဆိုရင် “နု ယူ့သမီးက ဟင်းချက်သိပ်တော်တာပဲကွယ်” ဆိုပြီး ချီးမွမ်းနေတတ်သူပါ။ အန်တီနုက “ဒီနေ့ သမီး မအားလို့ကွယ်။ တူမကလေးကို ချက်ခိုင်းထားရတာ တခုခု အဆင်မပြေရင် ပြောနော်” ဆိုတော့ စကားဆိုတဲ့နေရာမှာ ယဉ်ကျေးသိမ်မွေ့တဲ့ ကိုမြတ်မာမီက “အေးကွယ် ဟင်းချက်ထားတာ ယဉ်လိုက်တာ”တဲ့။ ကျွန်မဖြင့် အခုအချိန်ထိ ဟင်းချက်တာကို ယဉ်တယ်ဆိုတာ ဘာကိုပြောမှန်း စဉ်းစားလို့ မရဘူး။ ညံ့တယ်ပြောချင်တာလား မဆိုးပါဘူးပြောချင်တာလား တွေးမရဘူး။
            ကျောင်းဆက်မတက်ခင်  သူ့တို့ကုမ္ပဏီမှာ ခဏ ၀င်လုပ်လိုက်သေးတော့ ကိုမြတ့်မာမီနဲ့ နည်းနည်း ရင်းနှီးလာတယ်။ သူ အင်္ဂလိပ်လိုပြောတာ နားယဉ်လာရတယ်။ သူ့လေယဉ်လက်မှတ် စီစဉ်ပေးလို့ လွယ်လွယ်လေး ပြောတာကိုပဲ အစပိုင်းမှာ သုံးခါလောက် ပြန်မေးရပြီး နောက်တော့ လေသံ ဖမ်းမိသွားတော့တယ်။  တစီးပွားတည်းဖြစ်ဖို့ မကြီးနဲ့ကိုမြတ်ကို ရည်ရွယ်ကြပေမယ့် မကြီးနဲ့ တွဲနေတဲ့တယောက်ရဲ့ အဖေက အရေးပါတဲ့ နေရာတခု ဗြုန်းဆို ရောက်လိုက်တာနဲ့ အန်တီနု စိတ်လည် ထွက်သွားတော့တယ်။
***
   “ယူ သိတယ်မဟုတ်လားကွယ်… အိုင့် ယောက်မတွေက အနေစုတ်ပေမယ့် ရွှေထုပ်ကြီးတယ်ဆိုတာလေ။ အိုင်ကတော့ ယူကို တကယ်ပိပိပြားပြား ချွေးမလေး ရစေချင်လို့ပါ ”
       အဲဒီစကားကို အန်တီနုပါးစပ်က ထွက်လာချိန်မှာ ကိုလေး အိမ်ထောင်ကျပြီးပြီ။ သူတွဲလာတဲ့ အများကြီးတွေထဲက တယောက်မှမရွေးဘဲ အန်တီနု ရွေးချယ်တဲ့ ‘ဘယ်သူ့မြေးလေ’လို့ ပြောရင် အသိအမှတ်ပြုရတဲ့ အလေးထားရတဲ့ တယောက်ကို တချက်မှ မတုံ့ဆိုင်းဘဲ လက်ခံခဲ့ပါတယ်။ စပ်တူလုပ်တဲ့ ကုမ္ပဏီကို ကိုလေး ဦးဆောင်လည်ပတ်နေပြီး တန်ဘိုးက တော်တော်မြင့်လာတော့ ကိုမြတ်တို့ရှယ်ယာကို ပြန်အမ်းရင် ငွေသား အတော်ပြန်ထုတ်ပေးရမယ့် အချိန်ဖြစ်နေပြီ။ ကိုလေးလည်း သူ့မိန်းမနောက်ကွယ်မှာ နည်းနည်းမူးလာတာနဲ့ “မချစ်တဲ့လူကို ယူလိုက်တာ ငါ မှားသွားတယ်မိသက်ရ” လို့ ဗလုံးဗထွေး ပြောတတ်နေပြီ။ ကျွန်မက ကျောင်းမှာ ဆရာမ ပြန်လုပ်နေချိန်ဖြစ်ပြီး ကိုမြတ်က သူ့ နောက်ဆုံးတယောက်နဲ့ ပြတ်နေချိန်ပါ။
                ‘အကိုကြီးနဲ့ မမက သမီးအတွက် စီစဉ်နေတာ သူတို့စေတနာကို သိပြီး စကားနားထောင်ပါ’ လို့ အမေ လေသံပစ်တယ်။ အမှတ်မဲ့ သရော်ပြုံး ပြုံးမိပါတယ်။ ကျွန်မ နားမထောင်နိုင်ပါဘူး။ အပြောင်အနောက်လိုလိုနဲ့ အတည်ဖြစ်လာတော့ ကျွန်မ ငြင်းပါတယ်။ သေသေချာချာကြီးကို ငြင်းတာပါ။ အန်တီနုက ‘မိသက် တော်တော်အမြင်မရှိတာပဲ’ လို့ အပြစ်တင်ပါတယ်။ ဘဘက ခေါင်းခါရုံပါပဲ။ ဘာမှထပ်မပြောပါဘူး။ မကြီးက ‘မိသက် ကိုယ်ပိုင်ဆုံးဖြတ်ချက်ပဲ။ မကြီး နားလည်တယ်’ လို့သာ မှတ်ချက်ပြုတယ်။ အားလုံးအထဲမှာ အပေါက်ကွဲဆုံးက ကိုလေးဘဲ။ နှစ်ချက်တောင် အတီးခံလိုက်ရပါသေးတယ်။ သူက ကိုမြတ်ကို တော်တော်ခင်မင်သူဖြစ်ပြီး အနိုင်ကျင့်တတ်၊ အဖက်မတန် နှိမ်တတ်ပေမယ့် တခြားသူနဲ့စာရင် သူ့နှမ ဖြစ်ပေတာကိုး။
         “နင်က ဘာကိစ္စနဲ့ ငြင်းရတာလဲ။ လူကြီးတွေက ကောင်းဖို့ စီစဉ်တာကို။ ဘာလဲ တွဲနေတာရှိလို့လား။ ငါ သိသလောက် မရှိဘူး မဟုတ်လား။ ရှိလဲ ဖြတ် …”
ကိုလေး အော်ဟစ်နေတာကို မြင်တော့ အသံထွက်တောင် ရယ်ချင်တာ။ ထပ်တီးခံရမှာစိုးလို့သာ မျက်နှာသေနဲ့ ငြိမ်နေလိုက်ရတယ်။ ပုံစံချ သတ်မှတ်ထားတဲ့ ဘ၀မှာ သူ နေနိုင်သော်လည်း ကျွန်မ မနေနိုင်ဘူးလို့ ရှင်းပြရင် ‘ကြီးကျယ် လှချည်လား။ နင်က ဘာကောင်မမို့လို့လဲ’ ပြောမှာ အသေအချာပဲ။
 ကိုမြတ်နဲ့တွေ့တော့ “သက်သက် ဘာဖြစ်လို့လဲ” မေးပါတယ်။ အထက်တန်းကျတဲ့ မျိုးရိုးကောင်းတဲ့ ချိုသာတဲ့ စကားဆိုတတ်သူက သူ့မာမီ စကား နားထောင်မယ့်လူ ဖြစ်ပါသတဲ့။ အပေါ်ယံ အမူအကျင့်သာ ကွဲလွဲလိမ့်မယ်။ သတ်မှတ်ပုံစံမှာ အသားကျနေတဲ့ ပုံက သူတို့ သူငယ်ချင်းတွေ တပုံစံထဲပါပဲ။
 “ထူးထွေမရှိဘူး ကိုမြတ်။ ကိုမြတ်ကို မိသက်ရဲ့ ဘ၀အဖော်အဖြစ် စဉ်းစားလို့မရလို့ပါ”
  ကိုမြတ်ကို နှစ်လိုစိတ်၊ ခင်မင်စိတ် ရှိပါတယ်။ ငယ်ကတည်းက ပါပဲ။ နှစ်လိုစိတ်သည် နှစ်လိုစိတ်အဖြစ်သာရှိပြီး၊ နှစ်လိုသူဖြစ်တာနဲ့ လူကြီး စီမံရာ ခေါင်းညိတ်တတ်သူမှ ကျွန်မက မဟုတ်တာ။ တနေ့ ကိုလေးလို မူးမူးနဲ့ မိသက်ကို မချစ်ဘဲ ယူလိုက်ရတာလို့ ကျွန်မကွယ်ရာ ပြောချင်ပြောနေဦးမှာလို့ တွေးမိသေးတယ်။
       အဓိက အချက်တခု ရှိပါသေးတယ်။ သူ့မာမီကို ကျွန်မ ရိုကျိုးရသလို ကျွန်မရဲ့ အဖေနဲ့အမေကို ကိုမြတ်မို့လို့ ရိုသေစေဦးတော့ တန်းတူ မရှိပါဘူး။ လယ်ယာဧကများစွာနဲ့ ငွေကြေးဖူလုံပြည့်စုံပေမယ့် ကျွန်မအဖေကို ဘဘနဲ့တန်းတူ ကိုမြတ်မာမီက အလေးမထားနိုင်ပါဘူး။ သူ့ကိုလည်း အပြစ် မဆိုသာဘူး။ သက်သက်ကို ချွေးမအဖြစ် လျာထားကြည့်တာတောင် လွန်လှပြီဆိုတဲ့ အနေအထားကိုး။ ကျွန်မအမေ ချက်လာမယ့် ငါးပိကြော်ကို ယဉ်လိုက်တာလို့ အပြောခံရရင် အမေ ဘယ်လိုနေမလဲတွေးပြီး ပြုံးမိပါတယ်။
***
   “ကိုလေး… အိမ်က လာကြိုနေပြီ၊ မိသက်ပြန်ပြီ။ ကိုမြတ်ရေ… ပြန်တွေ့ရတာ ၀မ်းသာတယ်။ နောက်တခါဆို အမျိုးသမီးကိုပါ ခေါ်ခဲ့ပါဦး။ မြန်မာပြည် ရောက်ဖူးတာပေါ့ ”
 ကိုမြတ်က ထ လာပြီး ကျွန်မ့လက်ကို အကြာကြီး ကိုင်ထားကာ ပြုံးတယ်။
           ‘သက်သက် လူကြီးလေးဖြစ်နေပြီ။ ကြည့်ရတာ စိတ်ချမ်းမြေ့ပုံရတယ်။ ငယ်ငယ်ကရုပ်အတိုင်းပဲ’ လို့ ဆိုပါတယ်။ ကားပေါ်က ဆင်းလာတဲ့ ခင်ပွန်းသည်ကို ကိုမြတ်တို့ ကိုဝက်ကြီးတို့နဲ့ မိတ်ဆက်ပေးရတယ်။ အစကတည်းက ခေါ်လာခဲ့ရမှာလို့ ကိုမြတ်က အပြစ်တင်နေလို့  ‘သူ့ ပွဲရုံကိစ္စတွေ၊ ပဲတင်တဲ့ကိစ္စတွေနဲ့ မအားလို့ပါ ကိုမြတ်…  မဟုတ်ရင် လိုက်လာပါတယ်’ လို့ ၀င်ဖြေရတယ်။ ခင်ပွန်းဖြစ်သူက “မင်းအမျိုးတွေ ဟန်များလွန်းတယ်။ အနေကြပ်တယ်” ဆိုကာ ဒီအိမ်မှာ လုပ်တဲ့ပွဲဆိုရင် တော်ရုံနဲ့ လိုက်မလာတတ်ဘူး။  ကားပေါ်ရောက်မှ …
   “မင်းတို့ပွဲကလည်း နောက်ကျလိုက်တာ။ ကို နက်ဖြန် ရွာရောက်မှာ။ အိမ်ကို ဘာတွေ ထည့်ပေးမလဲ မေးဖို့ စောင့်နေတာ၊ ပြန်မလာနိုင်တာနဲ့ လိုက်လာရတယ်”
 “မြို့ပေါ်က ဒိုင်မှာ စာရင်းရှင်းရုံပဲဆို။ နေ့ချင်းပြန်လာလို့ ရသားပဲဟာ။ ဘာလို့လဲ။ ရွာမှာ ညအိပ်စရာ ကိစ္စရှိလို့လား။”
     “ရှိပါဘူးကွာ။ ယောက္ခမကြီးနဲ့ လေပစ်ပြီး အမေ့ လက်ရာလေး စားချင်လို့ပါ။ ညအိပ်မယ်လေ။ လိုက်ခဲ့ပါလား။ သားကတော့ အထုပ်တောင်ပြင်ပြီးပြီကွ။ သူ့အဘွားဆီကိုလည်း ဖုန်းဆက်ထားပြီးပြီ”
              ကျွန်မ ဟက်ဟက်ပက်ပက် ရယ်မိတယ်။ အဖေနဲ့ သူ့သားမက် စက်ဆင်ပြီး ရွာက မိုက်ခဲတွေကို တညလုံး သီချင်းခေါ်ဆိုခိုင်းမှာ မြင်ယောင်မိလို့ပါ။ မင်္ဂလာဆောင်တုန်းက  နှစ်ရက်ဆက်တိုက် လုပ်ခဲ့ကြပြီးပြီလေ။ အဖေဆိုရင် သားမက်နဲ့ မိုက်လု ဆိုရတာကို အခုထိ ပြောလို့ မဆုံးနိုင်သေးဘူး။ ရွာမှာ ညအိပ်တိုင်း သူတို့ စီစဉ်ကြစမြဲ။ ကျွန်မက ကျောင်းတဖက်နဲ့မို့ ခဏခဏ မရောက်ဖြစ်ပေမယ့် ခင်ပွန်းသည်က စီးပွားရေးအရပါ ရွာနဲ့ အဆက်အစပ် ရှိလေတော့ ကိုယ်ထက်တောင် ရင်းချာသေးတယ်။
“ လိုက်ခဲ့မယ်လေ နေ့လယ်မှ သွားရင်ရမလား။ မနက်ပိုင်း စာသင်ချိန် တချိန် အတန်းရှိသေးတယ်”
       ခုလောက်ဆို အမေကတော့ အိမ်တိုင် ရွာရောက် လာစားတဲ့ သူ့သားမက်အတွက် ငါးခြောက်ထောင်းကြော်  ကြော်နေတော့မယ်။
မြယာ
Thursday, May 17, 2012
“ပညာရှိ သူတော်ကောင်း အမျိုးကောင်းသား” (ဆရာစိုးမင်း)
လူဦးရေ သန်းပေါင်းခြောက်ဆယ်ရှိတဲ့ ကျွန်တော်တို့ မြန်မာပြည်မှာ ပညာရှိ သူတော်ကောင်း အမျိုးကောင်းသားစစ်စစ်ကြီးပါလို့ ပြောနိုင်တဲ့သူ ဘယ်နှစ်ယောက်များ ရှိပါ့မလဲ သိရခက်ပါတယ်။ အကုန်လုံးကတော့ ကိုယ့်ကိုယ်ကိုယ် အဲသလိုပဲ ထင်နေကြတယ် မဟုတ်လား။ ကိုယ့်ဟာကိုယ် မဟုတ်မှန်းသိတောင် သူများတွေကတော့ အဲသလိုထင်လည်း နည်းသလားဆိုပြီး လူ့ရှေ့သူ့ရှေ့ကျရင် ဟန်ပန်ကြီးတခွဲသားနဲ့ ဟောက်စားလုပ်ချင်တဲ့သူတွေက ပိုများမလားပဲ။ ခက်တာက တကယ့်အစစ်ဆိုတာ ရဟန္တာဈာန်ပျံသလို ကိုယ်တိုင်မြင်ဖူးတဲ့သူ အလွန်ရှားသွားပြီမို့ သည်တခါတော့ အရုပ်ရေးပြတာမဟုတ်ပဲ လူပုဂ္ဂိုလ် အကောင်လိုက်ကြီးနဲ့  “သည်လိုလူမျိုးကိုခေါ်သကွ” ဆိုပြီး ဆွဲထုတ်ပြ လိုက်ချင်ပါတယ်။ ငြင်းနိုင်ရင် ငြင်းရဲရင် ငြင်းကြည့်ကြပါဦး။ ဆရာကြီး ဦးဖေမောင်တင် လို့ ခေါ်ပါသဗျ။
သံသရာမှာ သတ္တ၀ါတွေ ကျင်လည်ရတဲ့အခါ ဘ၀ပေါင်းများစွာ ဆုံးစမထင် အတွင်တွင် မရပ်မနား တသွားတည်းသွားကြရပါသတဲ့။ အဲသလိုသွားနေရင်းက ထပ်ကာထပ်ကာ သွားမိတဲ့ခရီးကိုလိုက်ပြီး သတ္တ၀ါတွေမှာ စရိုက်ရယ်၊ အထုံရယ်၊ ပါရမီရယ်လို့ ပါလာကြရပါတယ်။ စရိုက်ဆိုတာကတော့ အကြိမ်ကြိမ် အဖန်ဖန် ပြုနေကျအပြုအမူကြောင့် ကာယကံရှင်ရဲ့ စိတ်နေစိတ်ထားမှာ ပြောင်းလဲဖြစ်ပေါ်လာတဲ့ သဘောကို ခေါ်တာနေမှာပေါ့။ ဆိုက်ကားသမားမှာ ဆိုက်ကားသမားစရိုက်ရှိမယ်။ ဆရာဝန်မှာ ဆရာဝန်စရိုက်ရှိမယ်။ စစ်ဗိုလ်စစ်သားမှာ စစ်ဗိုလ်စစ်သားစရိုက်ရှိမယ်။ အကျင့်ပါနေတာကြီးတစ်ခု စိတ်ရောကိုယ်ပါ စွဲလာလို့ရှိရင် စရိုက်လို့ ခေါ်လိမ့်မယ်။ အထုံဆိုတာကတော့ အကျင့်စရိုက်တစ်ခုခုကို မသိစိတ်ကပါစွဲပြီး အလိုအလျောက် လုပ်မိလျက်သား၊ အားထုတ်မှုမလိုပဲ အသားတကျလုပ်မိလျက်သား ဖြစ်လာတာကို ပြောတာပါ။ သတ္တ၀ါတွေမှာ သူတို့ကျင်လည်ရာ ဘ၀ဟောင်းတွေကို လိုက်လို့ စရိုက်တွေ အထုံတွေက ခုဘ၀ နောက်ဘ၀တိုင်အောင် အရိပ်ပမာ လိုက်ပါလာတတ်ပါတယ်။ တချို့က လောဘစရိုက်ရှိမယ်။ တချို့က ဒေါသစရိုက်ရှိမယ်။ တချို့က မောဟစရိုက်ရှိမယ်။ အဲသလိုမျိုးပါ။ အကုသိုလ်နဲ့ အထုံပါလာသူများကျတော့ မုဆိုးအတတ် တံငါအတတ်တို့မှာ တဘက်ကမ်းခတ် ကျွမ်းကျင်လာတာမျိုး၊ လက်နက်၊ အဆိပ်၊ သေရည် အရောင်းအ၀ယ်တွေနဲ့ မီလျံနာဖြစ်လာတာမျိုးပေါ့။ ပါရမီဆိုတာကတော့ မိမိသွားလိုတဲ့ ဆိပ်ကမ်းတစ်ခုကိုရောက်အောင် အစဉ်မပြတ် ကူးခတ်သွားသလိုမျိုး ဦးတည်ရာတစ်ခုခုအတွက် လိုအပ်တဲ့ အကျင့်ကောင်း စရိုက်ကောင်းတွေကို ဘ၀ပေါင်းများစွာ ၀ီရိယစိုက်ထုတ်လို့ အထုံပါအောင် ဖြည့်ကျင့်ရင်း တစတစပြည့်စုံလာလေသမျှကို ခေါ်တာဖြစ်ပါလိမ့်မယ်။ ဒါက ကိုယ်ဥာဏ်မီသလောက် တွေးကြည့်တာလေ။ မဟုတ်ရင်လည်း ဘုန်းဘုန်းတို့က ၀င်ဆွေးနွေးပေးကြပါဦး။
အဲသည် စရိုက်၊ အထုံ၊ ပါရမီဆိုတာတွေဟာ ကုသိုလ် အကုသိုလ်အမှုများလိုပဲ ကျင်လည်ရာဘ၀တိုင်းကို “၀ါသနာဘာဂီ ဆက်တိုင်းမီ” ဆိုသလို စိုက်လိုက်မတ်တတ် လိုက်ပါလာတတ်လေတော့  “သူတော်ချင်းချင်း သတင်းလွေ့လွေ့” တို့၊ “သမဏေန သမဏော”တို့ ပြောလေ့ရှိကြတဲ့အတိုင်း ကိုယ်နဲ့တူရာတူရာ ပုဂ္ဂိုလ်သတ္တ၀ါကိုသာ အစေးကပ်ကပ် စုဝေးနှီးနှော အဖော်သဟဲပြုကြသလို လေးစားကြည်ညို ဆည်းကပ်ရာတွေမှာလည်း စရိုက်တူ၊ သဘာဝတူ၊ လမ်းစဉ်တူရာကိုသာ အထင်တကြီး ကိုးကွယ်ယုံကြည်ကြပါလိမ့်မယ်။ သည်သဘောကြောင့်မို့လို့ ပညာရှင်ဆိုတာ အာဏာရှင်၊ ဓနရှင်တွေအကြားမှာ တန်ဖိုးမရှိနိုင်ပါဘူး။ (ပညာရဲ့တန်ဖိုးဆိုတာ ပညာတတ်တဲ့သူတွေသာ သိနိုင်တာမျိုးလို့တော့ မပြောရဲကြောင်းပါ။) “ခင်ဗျားပညာရှိကြီးလုပ်နေပြီးတော့ ရေဗူးပေါက်တာ ကျုပ်လာမပြောနဲ့ဗျာ။”  လို့ ငမိုးရိပ်မိကျောင်းလို ကြိမ်စကြာအရိုက်ခံနိုင်ပါ့မလား။ “နင့်လိုဘွဲ့နဲ့အကောင်မျိုး ဆယ့်ငါးယောက်လောက် ပိုက်ဆံပေးပြီး ခြေသလုံး နှိပ်ခိုင်းထားလို့ရတယ်။” လို့ပြောလာရင် ဆယ့်ငါးယောက်ပြည့်သွားမှာစိုးလို့  အလုအယက် တုံကင်ယူထားကြမလား။ ပညာရှိဆိုတာ ပညာရှိနေရုံသက်သက်တော့ မဟုတ်ပါဘူး။ သူ့မှာလည်း သူ့စရိုက် သူ့အထုံပါရမီနဲ့လာတာမဟုတ်လား။ ကေသရာဇာမှန်ရင် မြက်မစားဘူးဆိုတဲ့ စရိုက်သဘာဝတွေလည်း ရှိပါလိမ့်မယ်။ လျှာပေါ်မှာ မြက်ပေါက်စေဦးတော့ဆိုတဲ့ ပညာမာနလေးတွေလည်း ရှိမယ်။ ပညာရှိတို့မည်သည် ဘာတွေကို လုပ်လေ့မရှိဘူး ဆိုတာတွေနဲ့ ဘာတွေကို လုပ်လေ့ရှိတယ် ဆိုတဲ့သဘောလေးတွေကို သဘောပေါက်စေချင်တဲ့အတွက် ပညာရှိဂုဏ်ရည်ဆိုတာကို လေ့လာကြည့်ကြရအာင်နော်။
ဆရာကြီးဦးဖေမောင်တင်ဟာ မြန်မာလူမျိုးတွေထဲက ပထမဦးဆုံးပါမောက္ခ ဖြစ်လာခဲ့ပြီး အသက်အားဖြင့်ဆိုရင် ၂၄နှစ်သာ ရှိပါသေးသတဲ့။ လူမျိုးခြားတွေချည့် ကြီးစိုးတဲ့ ကာလကတ္တားတက္ကသိုလ်ရဲ့ လက်အောက်ခံ ရန်ကုန်ကောလိပ်မှာ ဆရာကြီးအလုပ်လုပ်ရတဲ့ဌာနကတော့ အခု အရှေ့တိုင်းပညာဌာနလို့သိကြတဲ့ ပါဠိဘာသာဌာနမှာဖြစ်ပါတယ်။ မြန်မာလိုပြောရင် ဒဏ်တပ်တဲ့ ခရစ်ယာန်သာသနာပြုကျောင်းများကနေ အောင်လာပြီး “မြန်မာစကားတွေ မေ့ကုန်ပလားကွယ် မေ့ကုန်ပလားကွယ် ပြောစမ်းပါမောင်ရယ်” လို့ မကြည်အောင်သီချင်းထဲမှာပါတဲ့ အင်္ဂလိပ်ခေတ်ကောလိပ်ကျောင်းမှာ ပါဠိလိုဆရာတစ်ဆူဖြစ်အောင် တတ်ကျွမ်းတဲ့ဆရာကြီးဟာ ငယ်ငယ်က ဘုန်းကြီးကျောင်းမှာ “ပဋိသင်္ခါယောနိသော အပျိုမြင်ရင် ငါ့ကိုပြော” လို့ ကျက်ခဲ့မှတ်ခဲ့ရတဲ့ ကိုရင်ဘ၀ ကျောင်းသားဘ၀မျိုးက လာတာလည်း မဟုတ်ပါဘူး။ ခရစ်ယာန်ဘာသာဝင်မိဘနှစ်ပါးက ပေါက်ဖွားလာတဲ့ ကိုယ်တိုင်လည်း ခရစ်ယာန်ဘာသာကို ယုံကြည်ကိုးကွယ်သူတစ်ဦးဖြစ်ပါတယ်။ ဘမျိုးဘိုးတူ မျိုးကောင်းရိုးကောင်းလို့ ပြောနိုင်တာကတော့ ၀န်ထောက်မင်းဦးတင်က မွေးဖွားလာခဲ့ပြီး ဦးလေးတော်သူက ကိုယ်တွေ ငယ်ငယ်က ခေါင်းအုံးအိပ်လို့ရပြီး အထူဆုံးစာအုပ်လို့ သိကြတဲ့ ဦးထွန်းငြိမ်း အင်္ဂလိပ်မြန်မာ အဘိဓါန်ကို ပြုစုသွားသူ ၀န်ထောက်မင်းကြီးဖြစ်ပါသတဲ့။ ဒါတောင်မှ ပါဠိဘာသာကို မြစ်ဖျားခံရာ အိန္ဒိယတိုင်းသားများအလယ် ကာလကတ္တားတက္ကသိုလ်မှာ တရားမင်းကြီးချုပ်ချီးမြှင့်တဲ့ “ဂျာဒင်းဆု” ကို ရခဲ့သလို ရနောင်းဘုရင်ခံက ချီးမြှင့်တဲ့ “ရနောင်းဆု” ရခဲ့ပါသတဲ့။ အဲသည်ရာထူးနေရာကို သူ့ကိုမှ မခန့်ရင် မိုးကြိုးကြီးပစ်သွားလိမ့်မယ် လို့ စိတ်ထဲမှာ စွဲနေကြလို့သာ ကိုလိုနီခေတ်ကြီးထဲ မြန်မာအမျိုးသားတစ်ယောက်အနေနဲ့ ပါမောက္ခရယ်လို့ မဖြစ်မနေ ခန့်အပ်သွားရပါသတဲ့။ (မြောက်ကိုရီးယားမှာ ကင်ဂျုံအီတော်သလို တော်တာမျိုး မဟုတ်ဘူးလို့ သိစေချင်ပါတယ်) ဒါက သူဘာလဲဆိုတာကို မသိမမီလိုက်သူတွေ သိရအောင် မိတ်ဆက်ပေးရုံ သက်သက်ပဲ ရှိသေးတာ။
သူဘာလုပ်ခဲ့သလဲဆိုတာတွေ သိရင်တော့ တခြားသူတွေမပြောပါနဲ့။ ကျွန်တော်တို့ ဘိုးတော်ဘတော် စာရေးဆရာကြီးများကိုယ်တိုင် လူချင်းတွေ့ရင် ထိုင်ကန်တော့လောက်အောင် ကြည်ညိုသွားကြတာ။ မြန်မာစာရေးဆရာထဲမှာ အင်္ဂလိပ်ဘာသာကို မွှတ်နေအောင်တတ်ကျွမ်းလို့ အသက်ငယ်ငယ်ကလေးနဲ့ အင်္ဂလိပ်စကောလားရှစ်တွေ အထပ်ထပ်ရခဲ့ပြီး ရှားလော့ဟုမ်းတွေကို ဦးစံရှားရယ်လို့ ဂန္တ၀င်မြောက်အောင် မြန်မာမှုပြုခဲ့သူ ဆရာကြီးရွှေဥဒေါင်းကတော့ ၀ိသုဒ္ဓိမဂ်ကျမ်း ကို အင်္ဂလိပ် ဘာသာပြန်သွားနိုင်တဲ့အတွက် ကြည်ညိုလွန်းလို့ ရှိခိုးပါသတဲ့ ။ ။မြန်မာစာပေလာကမှာ ခေတ်စမ်းစာပေရယ် လို့ ခေတ်တစ်ခေတ်ဆန်းလာအောင် ရှင်းလင်း တိ ကျပြောင်မြောက်တဲ့ အရေးအသားများနဲ့ လမ်းသစ်တီထွင်သွားသူ ဆရာကြီး သိပ္ပံမောင်ဝကတော့ နိုင်ငံရပ်ခြားမှာဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားအောင်ဆာင်ရွက်သွားနိုင်သူ မြန်မာပုဂ္ဂိုလ်ထူးကြီးသုံးဦးရှိတာ လယ်တီဆရာတော်ဘုရားကြီး၊ ယစ်မျိုးမင်းကြီးဦးရွှေဇံအောင် နဲ့ ပါမောက္ခ ဦးဖေမောင်တင် ပါတဲ့။ ဗေဒါလမ်းကဗျာရယ်လို့ မြန်မာခေတ်စမ်းကဗျာလောကမှာ ပြိုင်ဘက်ကင်းအောင် ထင်ရှားခဲ့သူ ဆရာကြီးဇော်ဂျီကတော့ သူတွေ့ဖူးခဲ့တဲ့ လောဘနည်း၍ တင်းတိမ်ရောင့်ရဲတတ်သူနှစ်ဦးကတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့ ဆရာကြီးဦးဖေမောင်တင်ပါတဲ့။ ပညာတတ်ဆိုတာ တော်ရုံတန်ရုံ ပညာရှင်ကိုမြင်ရုံနဲ့ ကြည်ညိုခြောက်ခြားရိုးထုံးစံမရှိဘူးဗျ။ ဆရာ့ဆရာကြီးများ ကိုယ်တိုင်က ရှာမှရှားပါပေတယ်လို့ လေးလေးစားစား ရင်မှာထားကြတာဟာ ဘယ့်လောက်ပညာပြည့်သလဲ သိနိုင်လောက်ပါတယ်။ 
“အဲတော့ ဘာဖြစ်သလဲ။ ကားပါမစ်ကျမှာလား။ နေပြည်တော်မှာ မြေကွက်ပေးမှာလား။ ဘာမှလည်းလုပ်မရပဲနဲ့” ဆိုတဲ့သူတွေကတော့ နားလည်နိုင်မှာ မဟုတ်ပါဘူး။ သူတို့အတွက် ပညာဆိုတာ ရောင်းမရ ၀ယ်မရ၊ အမြတ်မရ၊ ဈေးကွက်မ၀င်။ ဘယ်နားသွား သုံးစားရမှာတုန်း။
ဆရာကြီးရဲ့ကျေးဇူးတွေက ဗုဒ္ဓဘာသာထွန်းကားပြန့်ပွားရေးတင် မကသေးပါဘူး။ မြန်မာစာပေ တိုးတက်တွင်ကျယ်ရေး အတွက်လည်း ဦးဆောင်လမ်းပြသွားခဲ့တာ အထင်အရှားပါပဲ။ သင်ရိုးမြန်မာစာမှာ ဝေဿန္တရာဇာတ်တော်ကြီးကို ပြဌာန်းပေးခဲ့တဲ့အခါ ခရစ်ယာန် သာသနာပြုကျောင်းများက မြတ်စွာဘုရားရှင်ရဲ့ ပါရမီတော်ခန်းတွေမို့ ဗုဒ္ဓဘာသာတွေကို မသင်နိုင်ပါဘူးလို့ အပြင်းအထန် ကန့်ကွက်ကြပါတယ်။ ထူးခြားတာက ပြဌာန်းတဲ့သူကိုယ်တိုင်က ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်နေပြီး “ဗုဒ္ဓဘာသာနိုင်ငံမှာ ခရစ်ယာန်တွေက ဗုဒ္ဓဘာသာကိုသင်ခွင့်ရတာ ဘာဖြစ်သေးတုန်း။ ကျေးဇူးတောင်တင်ရဦးမှာ မဟုတ်လား။” တဲ့။ အဲဒီစကားဟာ ဗုဒ္ဓဘာသာဝင်အဖြစ် မပြောင်းပဲပြောနိုင်တာဖြစ်တဲ့အတွက် ပညာရပ်နဲ့ ပတ်သက်လာရင် ဘာသာတရားနဲ့တောင် ရောထွေးမသွားဘူးလို့ သိသာစေပါတယ်။ ကလေးဘ၀ကတည်းကစပြီး အထက်တန်း၊ တက္ကသိုလ်ပညာအထိ သင်ကြားလာခဲ့ရတဲ့ မြန်မာစာသင်ရိုး စကားပြေ ကဗျာများဟာ ဆရာကြီးရဲ့ ပြဌာန်းချက်တွေဖြစ်တဲ့အတွက် အခုကျွန်တော်တို့ ရေး ဖတ် ပြော သင်နေတဲ့ မြန်မာစာတွေအားလုံးဟာ ဆရာကြီးပုံသွင်းပေးလိုက်တဲ့ လက်ရာမွန် စစ်စစ်ဖြစ်ပါတယ်။ မြန်မာစာပေသမိုင်းကို ပြုစုခဲ့ရုံတင်မကဘူး။ မှန်နန်းရာဇ၀င်တော်ကြီးကို အင်္ဂလိပ်လိုပြန်ပြီး မြန်မာနိုင်ငံသမိုင်းကော်မရှင်ဥက္ကဋ္ဌတောင် လုပ်သွားသေးတာဆိုတော့ ကိုယ့်ကိုယ်ကိုယ် မြန်မာလူမျိုးပါလို့ ပြောရင် ဆရာကြီးဦးဖေမောင်တင်ဆိုတာ ဘယ်သူလဲလို့တော့ ကြားဖူးသင့်တယ် ထင်ပါတယ်။ (ခုခေတ် လှယဉ်ကျေးမယ်ကလေးတွေက ဒေါ်ခင်ကြည်နံမယ် မကြားဖူးသလို စာရေးဆရာ တော်တော်များများကလည်း ဆရာကြီးနံမယ်ပြောပြရင် ဘူကြီးတုန်း လို့ ပြန်မေးမယ့်သူ များပါတယ်။)
ဆရာကြီးရဲ့ အံ့ချီးမကုန်နိုင်တဲ့ အမူအကျင့်တွေထဲမှာ မှန်မှန်ကန်ကန် ရပ်တည်ခြင်းဆိုတာလည်း ပါပါတယ်။ မင်းပေါက်စိုးပေါက်ဇာတိကနေ နိုင်ငံရပ်ခြားမှာအထိ ထွန်းထွန်းပေါက်ပေါက် ပညာရဲရင့် ပွဲလည်တင့်ခဲ့သော်ငြားမြန်မာမူမြန်မာစိတ်ကတော့တစ်ရွေးသားမျှ လျော့မသွားပါဘူး။ အောက်စဖို့တက္ကသိုလ်က ဘီလစ် လို့ခေါ်တဲ့ ကျမ်းပြုပညာပါရဂူဘွဲ့ ရလာခဲ့ပေမယ့် ကျောင်းမှာ စာသင်ရတဲ့အခါ သူများတွေလို အနောက်တိုင်းဝတ်စုံမ၀တ်ပဲ ရင်ဖုံးတိုက်ပုံ၊ တောင်ရှည်ပုဆိုး၊ မောင့်ကျက်သရေခေါင်းပေါင်းကြီးနဲ့ သင်ပါသတဲ့။ သူနေတဲ့ အင်းစိန်ပေါက်တောကနေ ရန်ကုန်ကောလိပ်ကို လာတဲ့အခါ မော်တော်ဆိုင်ကယ်ကြီးနဲ့ တောင်ရှည်ကို ခါးတောင်းကျိုက်ပြီးလာတာတဲ့။ ရွဲ့များရွဲ့နေသလား အောင့်မေ့ရတယ်။ အင်္ဂလိပ်ကခန့်လို့ ရန်ကုန်တက္ကသိုလ်မှာ ပါမောက္ခဖြစ်နေပေမယ့် အရေးကြုံရင် အမြဲတမ်း မြန်မာကျောင်းသားတွေဘက်ကသာ ရပ်တည်လေ့ရှိတယ်လို့ ဆိုကြပါတယ်။ သူ့မှမခန့်ရင် မိုးကြိုးပစ်မှာကြောက်လို့ မဖြစ်မနေ ခန့်လိုက်ရတဲ့အဖြစ်ဟာ ပါမောက္ခရာထူးမှာတင် မဟုတ်ပါဘူး။
ရန်ကုန်တက္ကသိုလ်ကျောင်းသားသပိတ်ကြီး ဖြစ်လာတဲ့အခါမှာ ကျောင်းသားထုတစ်ရပ်လုံးကို ကျေနပ်စေဖို့ ဆရာကြီးကို ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်ကြီး ရာထူးကိုလည်း မဖြစ်မနေ ခန့်အပ်လိုက်ရပါတယ်။ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုနုတို့ အိုးဝေမဂ္ဂဇင်းအယ်ဒီတာ ကိုအောင်ဆန်းတို့လို လူငယ်ကျောင်းသားများကတဘက်၊ အာဏာလက်ရှိ နယ်ချဲ့ အင်္ဂလိပ်အစိုးရကတဘက်အကြားမှာ ပညာရှင်ပီသစွာ  ဘယ်ဘက်ကိုမှ မယိမ်းပဲ သမာသမတ်ကျကျ ကိုယ့်တာဝန် ကိုယ်ကျေအောင် ထမ်းသွားခဲ့တာ သမိုင်းမှတ်တမ်းတစ်ခုပါပဲ။ “သည်သူငယ်တွေကို အခါပေးလိုက်ရင်ဖြင့် နောင်အခါ မင်းဆရာဖြစ်ရချေသေးရဲ့” ဆိုတဲ့အစားထဲကမဟုတ်တာ အင်မတန် အံ့သြချီးကျူးစရာပါ။ ၀န်ထမ်းတစ်ယောက်အနေနဲ့ ရပ်တည်ချက်မှန်သလို မြန်မာလူမျိုးတစ်ယောက် အနေနဲ့လည်း မှန်မှန်ကန်ကန် ရပ်တည်ပြန်တာပါပဲ။ တို့ဗမာအစည်းအရုံးတို့ တို့ဗမာသတင်းစဉ်တွေကို ထောက်ပံ့လေ့ရှိပါသတဲ့။ လှေနံနှစ်ဘက်နင်းတာမျိုး မဟုတ်ပဲ အလုပ်တာဝန်နဲ့ နိုင်ငံရေးရပ်တည်ချက်ကိုလည်း ရောထွေးမပစ်ဘူးဆိုတာ သတိပြုမိစေချင်ပါတယ်။ အလုပ်ထဲက လုပ်ပိုင်ခွင့်တွေသုံးပြီး မဲဆွယ်သူတွေကို မြင်ဖူးရင် ဘယ်လောက်ကြည်ညိုစရာကောင်းသလဲ သဘောပေါက်နိုင်ပါလိမ့်မယ်။
အစောကပြောခဲ့တဲ့အတိုင်း လူဆိုတာ ကိုယ်နဲ့တူရာတူရာကိုသာ ကြည်ညိုလေးစား အထင်ကြီးလေ့ ရှိကြတယ်ဆိုတော့ သည်ကနေ့ခေတ်အခါမှာတော့ ဆရာကြီးလို ပညာရှိစစ်စစ်ကြီးတွေကို လူမိုက်မှ လူမိုက် လို့်ပဲ ထောပနာပြုကြပါလိမ့်မယ်။ ပညာကို ငွေကြေးနဲ့ အလဲအလှယ်မပြုတတ်သေးပါဘူး။ ဆရာကြီးရဲ့ပညာကိုလေးစားလို့ ယိုးဒယားဘုရင်က ရွှေဒင်္ဂါးပေါင်တစ်ထောင် ချီးမြှင့်တဲ့အခါ ကိုယ်ကျိုးအတွက်မသုံးပဲ ပါဠိကျမ်းစာအသင်းကို လှူဒါန်းလိုက်ပါသတဲ့။ ဘီအေအောင်လို့ မြို့အုပ်လုပ်ရအောင် အိမ်တိုင်ရာရောက် ရာထူးခန့်တာကိုတောင် မလုပ်နိုင်ပါဘူးငြင်းပြီး အထက်တန်းပြဆရာအလုပ်ကိုပဲ ၀င်ပါသတဲ့။ ပညာရပ်ဆိုင်ရာ ပါရဂူဖြစ်အောင် ကျားကုတ်ကျားခဲ ကြိုးစားလာခဲ့တာဟာ “သည်လိုဘွဲ့မျိုးနဲ့ ဆရာဝန်တွေ နိုင်ငံခြားမှာသွားလုပ်ရင် တစ်နာရီ ဘယ်လောက်ရသလဲ သိရဲ့လား” လို့ ပြောနိုင်ဖို့ မဟုတ်ပါဘူး။ ရာထူးမမက်သော်ငြား သူတပါးအစားထိုးလို့မရတဲ့ ပညာရှင်နေရာကို ထိုက်ထိုက်တန်တန် ရရှိလာတဲ့အခါ တိုင်းတပါးသားတို့က မတရားသဖြင့် တင်စီးအနိုင်ယူလာတဲ့အခါမှာလည်း ခေါင်းငုံ့ခံလေ့မရှိပါဘူး။ လန်ဒန်မြို့ မြန်မာကျောင်းသားအသင်းဥက္ကဋ္ဌနေရာအတွက် ဆာဟာဗေးအင်ဒါဆင်နဲ့ ယှဉ်ပြိုင်အရွေးခံခဲ့တဲ့အခါ ဆာဘွဲ့ရ အင်္ဂလိပ်သူကောင်းမျိုးကြီးက မရှက်မကြောက် မဲလိမ်ပြီး အနိုင်ယူလိုက်ပါသတဲ့။ (ဖြစ်မှဖြစ်ရလေကွယ်။ အဟတ် အဟတ်) သူ့နိုင်ငံမှာလည်းဖြစ်ပြန်၊ လက်အောက်ခံ နိုင်ငံသားတစ်ယောက်နဲ့ နန်းတော်က သူကောင်းပြုထားသူတစ်ဦး အကြားမှာ ဖြစ်လာတဲ့ကိစ္စဖြစ်သော်ငြား ဆရာကြီးက အလျှော့မပေးပဲ လန်ဒန်တရားရုံးတော်ထိ တက်ရောက်တိုင်ကြားပြီး အဆုံးအဖြတ်ခံယူကာ အနိုင်ရခဲ့ပါသတဲ့။ (သည်တခါမှာတော့ အံ့သြမိတာ ဆရာကြီးတင်မကတော့ဘူး။ လန်ဒန်တရားရုံးတော်လည်း ပါသွားပြီ။ နှစ်ဘက်စလုံး ရူးများနေကြသလား မသိနော်။ ဟိ ဟိ)
နောင်လာနောက်သား မြန်မာများအတွက် ပညာမျိုးစေ့တွေချခဲ့တဲ့တာဝန်ကိုလည်း ဆရာကြီးက မလစ်ဟင်းခဲ့ပြန်ဘူးဗျား။ ဆရာကြီးသိပ္ပံမောင်ဝ၊ ဆရာမင်းသုဝဏ်၊ ဆရာဇော်ဂျီတို့ဟာ သူ့တပည့်တွေပါတဲ့။ “မီးသွေးခဲမို့ မဲသကို မြန်မာသွေးမို့ ရဲသကို” လို့ ဆိုရမလောက် ဆရာကောင်းတပည့် ပန်းကောင်းပန်ခဲ့ကြတဲ့သူတွေမှာ ပညာအမွေတင်မကပါဘူး။ ဆရာကြီးဆီက ပညာရှင်စိတ်ဓါတ်နဲ့ ရပ်တည်ချက်တွေကိုလည်း ဆက်ခံခဲ့ကြပါတယ်။ နယ်ပိုင်ဝန်ထောက်မောင်လူအေးဟာ အင်္ဂလိပ်လက်ပါးစေသက်သက်မဟုတ်ပဲ ခေတ်စမ်းစာပေအရေးအသားနဲ့ မြန်မာတွေကို နားမျက်စိဖွင့်ပေးခဲ့ရင်း တာဝန်ကျေပွန်သူဝန်ထမ်းတစ်ဦးပီပီ တရားဥပဒေစိုးမိုးရေးကိုလည်း မှန်မှန်ကန်ကန်ဆောင်ရွက်ခဲ့တဲ့အတွက် ခေတ်ပျက်ချိန်မှာ ဓါးပြသတ်လို့ဆုံးရှာပါတယ်။ (အငြိုးနဲ့သတ်တယ်လို့ ပြောကြတာကိုး။ စာမတတ်တဲ့သူတွေက ပညာရှိမှန်းလည်း ဘယ်သိမလဲ။ အလိုလိုကို မုန်းနေဦးမလားမသိ)
 တော်လှန်ရေးကောင်စီအစိုးရတက်လာတဲ့အခါမှာ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဦးသာလှအပါအ၀င် မြန်မာဘာသာ၊ မြန်မာစာပေပါမောက္ခတွေဖြစ်ကြတဲ့ ဆရာကြီးမင်းသုဝဏ်တို့ ဆရာကြီးဦးအေးမောင်တို့ အားလုံး အလုပ်ထွက်စာတင်သွားကြတာဟာ သူတို့က ကွန်မြူနစ်တွေမို့လို့၊ ဦးနေ၀င်းအစိုးရကို မယုံကြည်လို့ဆိုတာမျိုး နိုင်ငံရေးသဘောမပါပဲ ပညာရှင်ဆိုတာ မလုပ်သင့်မလုပ်ထိုက်တာကို အတင်းအကြပ်စေခိုင်းလာလို့ရှိရင် ရာထူးစည်းစိမ်ကို စွန့်လွှတ်ဖို့ ၀န်မလေးဘူးဆိုတာ သဘောပေါက်အောင် တွေးတတ်ပါ့မလား မသိပါဘူး။ ဆရာကြီးကတော့ ဆရာကြီးပါပဲခင်ဗျ။ ပြည်ထဲအရေး ပေါက်နဲ့ကျေးမှာ ပဲ့ပြားရွှေကြူ လေယူရာမယိမ်းပဲ ကိုယ့်ပညာနဲ့ကိုယ် ပညာရေး အမျိုးသားရေးကိုသာ တစိုက်မတ်မတ် ဆောင်ရွက်ခဲ့တဲ့အတွက် အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ ဖဆပလခေတ်၊ မဆလခေတ် ဘယ်ခေတ်မှာမဆို သူ့ကိုမှမဆည်းကပ်ရင် မိုးကြိုးပစ်တော့မလောက် အစိုးရတိုင်းက တလေးတစားမေတ္တာရပ်ခံပြီး တာဝန်တွေပေးယူရတဲ့အထိ ပညာအရာမှာ ပြိုင်ဘက်ကင်းခဲ့ပါတယ်။ စာပေစာတမ်း၊ ကျမ်းကြီးကျမ်းခိုင်၊ သမိုင်းအထောက်အထား သုတေသနလုပ်ငန်းတို့ကိုလည်း ညွှန်းလို့ဖွဲ့လို့မကုန်အောင် ပြုစုသင်ကြားပို့ချပေးသွားပါတယ်။ မြန်မာတို့ရဲ့ သမားစဉ် သမားဆက် ဆရာကာပြန် အာခေါင်လှံစူးပုံပြင်နဲ့ ဆရာစားတစ်ကွက်ချန်တဲ့ဓလေ့ဟာ ဆရာကြီးလက်ထက်မှာ စကားတစ်ခွန်းတည်းနဲ့ အမြစ်ပြတ်သွားပါတယ်။ “တပည့်ဆိုတာ ဆရာထက် တော်ရမယ်။ တပည့်က ဆရာ့ထက်ညံ့နေရင် လောကကြီးက တဆင့်ပြီးတဆင့် ကျဆင်းသွားမှာပေါ့။ တပည့်က ဆရာ့ထက် မတော်ရင် ဆရာညံ့လို့ပဲ။” တဲ့။ ပညာရေးလောကဆိုတာ ဆရာတွေ တပည့်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ “ပညာသမာ အာဘာနတ္ထိ ပညာနှင့်တူသောအလင်းရောင်သည်မရှိ” လို့ ကြွေးကြော်ထားတဲ့ ပညာ့ရပ်ဝန်းထဲမှာ ဆရာကြီးရဲ့ အဆုံးအမတွေကို ဆရာမွေးတပည့်မွေး မွေးကြတဲ့ ခေတ်ဆရာ ခေတ်တပည့်တွေ သဘောပေါက်နိုင်ပါ့မလား။ ဆရာကြီးရဲ့တန်ဖိုးကို အသိအမှတ်ပြုနိုင်ပါ့မလား။ သည်တခါ ဆရာစိုးရေးတဲ့စာက ရယ်လည်းမရယ်ရဘူး။ ဘယ်သူမှမကြားဖူးတဲ့ လူကြီးတစ်ယောက်အကြောင်းကို အမွှန်းတင်ပြီးရေးထားတယ်။ ပျင်းစရာကြီး လို့ အောင့်မေ့ကြမယ်ထင်တယ်နော်။ ပညာရှင်ဆိုတာ အာဏာရှင်၊ ဓနရှင်တွေအကြားမှာ ပြည်တန်ပတ္တမြားကို ရက်တက်ရည်နဲ့ လဲစားကြမယ့်သူတွေလား။ တဆိတ်လောက် ဆက်စဉ်းစားစေချင်ပါတယ်။ ဘ၀ဘ၀က အထုံပါလာတဲ့ စရိုက်စိတ်ထားကိုမှီလို့ သည်ဘ၀မှာ ဓနရှင်ဖြစ်ချင်တာလား။ အာဏာရှင်ဖြစ်ချင်တာလား။ ပညာရှင်ဖြစ်ချင်တာလားဆိုတာ ကိုယ့်ဘာသာသိအောင် အရင်လုပ်ကြပါဦး။ သီလရှင်ပဲ လုပ်တော့မယ်ဆိုရင်တော့ သဘောကွယ်။ အဘိတ်နေ့ကျ အိမ်ကြွခဲ့။ စာမရသေးရင် အောက်ကဟာ ကျက်ထား။
“ဘေးဘယာခပင်း ဝေးကွာရှင်း လွတ်ကင်းကြပါစေ။
ကိုးဆယ့်ခြောက်သွယ် အန္တရာယ် ကာကွယ်နိုင်ပါစေ။
စိန်ရွှေပတ္တမြား ဒီရေအလား တိုးပွားကြပါစေ။
မိမိကောင်းမှု အကြောင်းပြု တောင်းဆုပြည့်ပါစေ။” တဲ့။
(မှတ်ချက်။ ဆွမ်းဆန်မရမချင်း တစ်လုံးချင်း အသံရှည်ရှည်ဆွဲ၍ဆိုကာ ဆွမ်းဆန်ရသည်နှင့် နောက်ကကျားလိုက်သလို ဆောင့်ကြီးအောင့်ကြီး ပြီးအောင်ဆက်ဆိုပါ။)
x x x x x x x