Tuesday, October 19, 2010

တရုတ်စကား



Second Semester မှာတော့ ဆရာမရော Classmate တွေပါ အားလုံးနီးပါးပြောင်းကုန်သည်။ ကျားမီးလည်း ကိုးရီးယားကို ပြန်ပြီ။ ကျားဖင်လည်း နောက်ထပ် ရောက်လာသည့် Beginner ကျောင်းသားတွကို ဆက်သင်ရစ်သည်။ ကျားကျားကတော့ ရုံးခန်းမှာပဲ ရှိနေဆဲ။

2nd Semester မှာ သင်တဲ့ ဆရာမကို ကျွန်တော်ကတော့ မကျင်ဝင်း ဟု ခေါ်သည်။ တကယ်ကတော့ သူမနာမည်က သည်လို မဟုတ်ပါ။ မြန်မာလို အတိအကျ စာလုံးပေါင်းရသော် ချဲယ်န် တြင့်ဝင်န်- ဟူသတတ်။ ဗမာနားထဲမှာတော့ ချင်-ကျင့်ဝင် ဟုသာ ကြားသည်။ ချင် က First Name ဆိုတော့ ကျင့်ဝင်သည်သာ သူ့နာမည်။ သို့ပေမင့် ကျွန်တော်ကတော့ မှတ်လို့လွယ်အောင် မကျင်ဝင်းဟုသာ ခေါ်လိုက်သည်။

ဘာသာစကားတခုကို သင်လျင် လေးလကြာပါက ပြောကို ပြောရမည် ဆိုသည်မှာ မှန်လေသည်လား မဆိုနိုင်။ ပထမ သုံးလသင်တန်းတက်ပြီးနောက်တော့ ပါးစပ်က ကွစိ ကွစတွေ ထွက်တတ်လာသည်။ ကိုယ်တိုင် ယုံကြည်မှု ရှိလာတာလဲ ပါသည်။ ဆရာမ မြှောက်ပေးတာလဲပါသည်။ ဆရာမက သင်တာလဲကောင်းသည်။ စနစ်ကိုက အတော်ကောင်းည် ဆိုရမည်ထင်၏။ သည်လောက်ခက်သည့် တရုတ်စာကို စိတ်ဝင်တစားလဲဖြစ်အောင် တတ်လည်း တတ်အောင် သင်နိုင်သည်လေ။ တခုကောင်းသည်က ဆရာမ အများစုက ဘိုလို မပေါက်။ သည်တော့ ကွစိ ကွစတွေနှင့် လက်ဟန် ခြေဟန်တွေ ရောချရသည်။

ဆရာမက လှသည်ဟုတော့ မဆိုနိုင်ပါ။ မျက်ပေါက်ကျဉ်းကျဉ်း၊ တရုတ်ထဲမှာ ရှားရှားပါးပါး နှုတ်ခမ်းထူလေးနှင့်။ သူ့ကို မေးလိုက်၍ စဉ်းစားစရာရှိလျင် သူမ၏ မျက်ပေါက်ကျဉ်းကျဉ်းလေးကို မှေးကာ နှုတ်ခမ်းထူထူလေးကို စူလို့ စဉ်းစားသည်။ သူစဉ်းစားပြီဆိုလျင် သည်ပုံစံ။ သည်တော့ သူစဉ်းစားလေတိုင်း ကျွန်တော်တို့မှာ သူ့ပုံလေးကို ငေးကြည့်မိကြသည်။

ပြီးတော့ ဆရာမက အသက်ငယ်ငယ်လေးနှင့် ဆံပင်ကို ကောက်ထားတော့ အသက်ကြီသည့်ပုံစံ ပေါက်လို့နေသည်။တနေ့မှာတော့ သင်ခန်းစာ အဖြစ် ကိုယ်ပြောလိုရာ တခုခုအကြောင်းကို အများရှေးမှာ ထွက်ပြီး တယောက်ချင်း ပြောပြရမည် ဆို၏ ။ပြောသည့်အခါ ကိုယ်ပြောသည့် အကြောင်းအရာနှင့် ဆက်စပ်သည့် ဓာတ်ပုံများကို Power Point ဖြင့် စီစဉ်ခဲ့ရန်မှာလိုက်သည်။ စာသင်ခန်းထဲမှာ Projector-နှင့် သုံးကာ ပြရင်း စကားပြောရမည် ဖြစ်သည်။ သူမက နမူနာ ပြမည် ဆိုကာ သူ့အကြောင်းကို အတိုချုပ်ပြောပြသည်။ သူမ မွေးရပ်မြေက ဓာတ်ပုံလေးတွေပါသည်။ သူမငယ်ငယ်က ဓာတ်ပုံလေးတွေလဲ ပါသည်။ အဲသည်တုံးကတော့ ဆံပင်က မကောက်ရသေး။ ဆံပင် အဖြောင့်တုန်းက ပုံက ပိုလို့ ကြည့်ကောင်းသည်။ 
“ ဆရာမရယ် ဆံပင်ဖြောင့်ဖြောင့်လေးနဲ့ ကြည့်ကောင်းသားပဲ။” ဆိုတော့ လက်နှစ်ဖက်ကို ယှက်ခါ ရှေ့သို့ စန့်စန့်လေး စုံချလျက် တဖက်သော ခြေထောက်ကို နောက်သို့ မြှောက် ခေါင်းကလေးငဲ့ကာ “ တကယ်လားဟင် ! ” ဟု မေးသည်။ “ တကယ်ပေါ့။ ဘာလို့ ကောက်ပစ်ရတာလဲ”လို့မေးတော့ “ တမင်ကို လူကြီးပုံပေါက်အောင် ကောက်ထားတာလေ” တဲ့။ ဘာဖြစ်လို့လဲ ဆက်မေးတော့“ ငါ့ကို လူတော်တော်များများက ဆရာမ လို့ မထင်ကြဘူး။ ကလေးပဲ အောက်မေ့နေကြလို့-”တဲ့။ ကောင်းကြရော။

သည်လိုနဲ့ တနေ့တော့ စာကြည့်တိုက်မှ အပြန်လမ်းမှာ ဆရာမနဲ့ အမှတ်မထင် ဆုံဖြစ်သည်။ သူမနှင့် စကားပြောယင်း စာသင်ခန်းဖက်သို့ လမ်းလျောက်ဖြစ်ကြသည်။ ဘေးက ကျောင်းသားတယောက် ကျွန်တော့်ကို နိုင်ငံခြားသားမှန်း သိလေတော့ ဓာတ်ပုံ ရိုက်ချင်သည်။ အဲသည်တော့ ဆရာမကို တရုတ်လို မေးသည်လေ။ “ နင် တရုတ်စကား ပြောတတ်သလား-တဲ့။” ဆရာမကလည်း အောက်သက်သက်ပုံနဲ့ နဲနဲပါးပါးတော့ ရပါတယ်-တဲ့။ အနှီ ကျောင်းသားက ကျွန်တော့်ကို လက်ညှိုးထိုးပြီး “သူနဲ့ အတူ ဓာတ်ပုံရိုက်ချင်တယ်။ နင်ဘာသာပြန်ပေးပါ” တဲ့။ မှတ်ကရော။ ဘယ့်နှယ် တရုတ်စာသင်ပေးနေတဲ့ ဆရာမကို တရုတ်စကား ပြောတတ်သလား-တဲ့။ ဓာတ်ပုံ ရိုက်ပြီး မောင်ကျောင်းသား ထွက်သွားတော့ ဆရာမက လက်ဖမိုး နှစ်ဖက်ဖြင့် သူမခါးစောင်းသို့ စုံ ထောက်ကာ စိတ်ကောက်သည့် ပုံစံဖြင့် “ ဟင်းမ်းး တွေ့လား အဲဒါကြောင့် ငါ ဆံပင်ကို တမင် ကောက်ထားတာ။ ဒါတောင် ငါ့ကို ကလေးအောက်မေ့နေတုံးပဲ-”တဲ့။
(မောင်ကျောင်းသား အမြှောက်ကောင်းလို့လားမသိ။ 3rd Semester စတော့ ဆရာမက ဆံပင်ကို တကယ် ဖြောင့် ပစ်လိုက်သည်။)

No comments:

Post a Comment