Tuesday, September 29, 2009

သူ့ မေမေ



မိတ်ဆွေတယောက်က သူ့မေမေမွေးနေ့ အမှတ်တရ စာတစောင်ပို့လာသည်။ ထုံးစံအတိုင်း အမေကို ချစ်သည့် အဝေးရောက်သားဆိုတော့ အမေ့ကို ဘယ်လောက် သတိရကြောင်း ငယ်စဉ်က စလို့ ခုချိန်အထိ မေမေ သူ့အပေါ် ဘယ်လောက် ကောင်းကြောင်းတွေ ပါသည်ပေါ့။ ကိုယ်ကလည်း သူတို့ သားအမိအကြောင်း တစွန်းတစ ကြားဖူးထားတော့ ငယ်တုံးက ကြက်မွှေးတံမြက်စည်း တချောင်း ကုန်အောင် ရိုက်တာလဲ ထည့်မရေးပါလား-ဟု စ မိသည်။ “အမေ့ကို ချစ်တော့ အားလုံးကို အပြစ်လို့ မမြင်တော့ဘူးလေ”- ဟု ဆိုပါသည်။ ထိုစကားကို ကြားလျင် သူတို့ သားအမိအကြောင်း မသိသူများကတော့ ယုံကောင်းမှ ယုံပေလိမ့်မည်။ ကြားဖူးသူများအတွက်မူ မယုံစရာတော့ မရှိပါ။

ကိုယ်ကလည်း သူ့မေမေအကြောင်းကို ဂဃနဏ သိချင်နေ၏။ ခက်သည်က သူမေမေနှင့် ကိုယ်က မရင်းနှီး။ မိတ်ဆွေတွေ အများကြီးစုပြီး သူ့အိမ်ရောက်သွားတုန်းက တခါဆုံဖူးသည်။ နောက်တော့ ဖြတ်သွား ဖြတ်လာ လှစ်ကနဲ လှစ်ကနဲ ဖြင်ဖူးလိုက်သည်။ တခါမှ စကားပြောခွင့်မကြုံခဲ့။ မွန်လူမျိုးဆိုတော့ မျက်နှာဝိုင်းဝိုင်း အသားဖြူဖြူ ဒါလောက်ပဲ မှတ်မိသည်။ ခုနေအခါ လမ်းမှ တွေ့လျင်သော်မှ မှတ်မိပါမည်လား မဆိုနိုင်။

မိတ်ဆွေကို မေးကြည့်တော့ သူနှင့် သူ့မေမေအသက်က ၁၇နှစ်လောက်သာ ကွာသည်-တဲ့။ သည်လိုဆိုတော့ ဆယ်ကျော်သက်အရွယ်မှာ အိမ်ထောင်ကျခဲ့သည်ပေါ့။ သည့်နောက်တွင် မတော့ ကံအားလျော်စွာ သူ့မေမေက လူလား မမြောက်တမြောက်အချိန်မှာ ဘ၀ခရီးကြမ်းကို တယောက်တည်း ရင်ဆိုင် ဖြတ်သန်းခဲ့ရသည်။ သူကလည်း လူမှန်း မသိခင်ကတည်းကပင် လောကဓံကကို ခပ်ကြမ်းကြမ်း ကြုံခဲ့ရသည်။

သည်တော့ ဘ၀ကို သားအမိနှစ်ယောက် အတူရုန်းကန်ခဲ့ရသည်လေ။ သူတို့ အနေအထားက တယောက်လဲသည့် အချိန်မှာ တယောက်က ထူ၍ တယောက်ပူသည့်အခါ တယောက်က မအေးနိုင်သည့် အနေအထား။ သည်တော့ သူတို့နှစ်ယောက် ဆက်ဆံရေးသည် သားအမိ ဆက်ဆံရေးထက် ရဲဘော်ရဲဘက်လို ဆက်ဆံရေး မိတ်ဆွေလို ဆက်ဆံရေး မောင်နှမလိုဆက်ဆံရေးက ပိုလို့များသည် ထင်၏။ ထို့ကြောင့်ပင် သံယောဇဉ်ပိုပြီး ကြီးကြလေသလား မဆိုနိုင်။ ထိုအကြောင်းကိုလည်း စိတ်ဝင်စားသည်။

တလောက ညကြီးမင်းကြီး သူတို့ သားအမိ G-talk ဖြင့် စကားပြောကြသည်။ ပထမတော့ ဗမာစကားကို မွန်အသံထွက်ဖြင့် စပြော၏။ နောက်တော့ မွန်လိုသက်သက် ပြော၏။ ဘယ်လိုပင်ပြောပြော မွန်စကားသံဆိုသည်က ရင်ထဲမှ ဟိန်းထွက်သည့် အသံမျိုးပေကိုး။ ပြောနေသူများတော့ မသိ ကြားသူအဖို့ အားပါးတရ ရှိလှသည်။ ဆိုတော့ တိုးတိုးပြောသည့်တိုင် တခန်းလုံး ညံသွားတော့သည်။ နံဘေး အခန်းဖော်ကလည်း သူ့အပူနှင့် သူ ဆိုတော့ ခံနိုင်ပုံမရ။ ကိုယ်ကတော့ နားလည် နိုင်သည်လေ။

သည်သားအမိတွေ ပြောစရာ အများကြီး ရှိပေမည်။ သားအမိလို အသိပေးဖို့ ရဲဘော်ရဲဘက်တယောက်လို အားပေးဖို့ မိတ်ဆွေတယောက်လို အကြံဥာဏ်တွေ ပေးကြဖို့ မောင်နှမတွေလို နှစ်သိမ့်ဖို့ သူတို့အဖို့ ပြောစရာ များစွာရှိပေလိမ့်မည်။ ဘာပြောမှန်းတော့ မသိ။ စိတ်ပူစရာ တခုခုကို ပြောနေသည် ဟုတော့ သိနေသည်။ သူတို့ ပြောပြီးမှ မေးကြည့်တော့ သားတော်မောင် ပူမည် ဆိုလည်း ပူစရာ။

အဲသည် အချိန်တုံးက ပတ်စပို့ ရုံးနားမှာ ပွဲစားအတော်များများကို သက်ဆိုင်ရာက ခေါ်ယူ မေးမြန်းမူများ ပြုလုပ်နေသည်-တဲ့။ အရပ်စကားနှင့် ပြောတော့ လိုက်ဖမ်းနေသည်ပေါ့လေ။ ကောလာဟလကတော့ မျိုးစုံ။ ဘယ်သူတွေကို အမြန်ဆုံးနည်းနဲ့ ပတ်စ်ပို့ လုပ်ပေးလိုက်လို့ဆိုလား ဘာဆိုလား။

သူ့မေမေက ထိုလုပ်ငန်းနှင့် ဆက်စပ်သည်လေ။ စင်္ကာပူမလေးရှားသို့ အလုပ်သွားလုပ်လိုသည်များကို ၀န်ဆောင်မှုပေးသည် ဆိုပါတော့။ ထိုသူများအတွက် ပတ်စပို့ရအောင် မလေးရှားတွင် အလုပ်ရအောင် စီစဉ်ပေးသည်။ ပြီးတော့ သူတို့ဆီက ၀န်ဆောင်ခ ယူသည်ပေါ့။ လွယ်လွယ်လေးပဲ- ဟု မအောက်မေ့ပါနှင့်။ ရွှေပြည်ကြီးမှာ ပတ်စ်ပို့ လုပ်ဖူးသူတိုင်း ကြုံဖူးအံ့ထင်၏။ ပတ်စ်ပို့ ရဖို့အရေး စာရွက်စာတမ်းပေါင်း သောင်းခြောက်ထောင် လိုသည်ရော မလိုသည်ရော အကုန်တင်ရသည်။ တခေါက်တည်းနှင့်တော့ ဘယ်လိုမှ မပြီးနိုင်။ နယ်မှ လုပ်သည့် ပုဂ္ဂိုလ်များအတွက်ဆိုလျှင် ရန်ကုန်မှာ သွားလာ နေထိုင် စားသောက်စရိတ်ကပင် အတော်ထောင်းသည်။ သည်တော့ သူ့မေမေက ထိုတာဝန်အားလုံးကို စုဆောင်းပြီး လုပ်ပေးသည်လေ။ ပြီးတော့ မမြင်ဖူးသည့် မလေးရှားက ကုမ္ပဏီမှ အလုပ်ခန့်စာရအောင် မလေးရှားဗီဇာရအောင် ဒလက်လည်နေအောင် အလုပ်များသည်။

“သည်လုပ်ငန်း လုပ်နေမှပဲ လည်လည်ဝယ်ဝယ်ရှိမှာပေါ့။ သူလဲ သိတန်သလောက် သိမှာပါ”ဟု အားပေးရ၏။ သည်တော့မှ သူက ရင်ဖွင့်သည်။ သူ့မေမေက ပညာတတ်တစ်ယောက် မဟုတ်-တဲ့။ မြန်မာစာကို ရေးတတ် ဖတ်တတ်ရုံပဲ ရှိသည်။ အင်္ဂလိပ်စာကို လုံးဝဖတ်တတ်သည်မဟုတ်။ ဘုရားရေ ဒါဖြင့် ဒီလုပ်ငန်းကို ဘယ်လိုများလုပ်နေပါလိမ့်။ ကိုယ်တွေကသာ အံ့သြနေပေမင့် သူ့မေမေကတော့ ထိုအလုပ်ကို လုပ်နေသည်မှာ နှစ်ပေါင်းများစွာ ကြာလေပြီ။ တခါမှ ပြဿနာဖြစ်ဖူးသည်ဟု မကြားမိ။ သူ့ အလုပ်နှင့် သူတော့ ဟုတ်လို့နေသည်။

ဖို့ဒ်ကားကုမ္ပဏီကို စတင် ထူထောင်သော မစ္စတာဖို့ဒ် အကြောင်းကိုပင် သတိရမိသေးတော့။ မစ္စတာဖို့ဒ်က တက္ကသိုလ်ပညာရေး မပြီးတော့ ပညာတတ် တယောက် မဟုတ်ဟု ကြားဖူး၏။ တခါက မစ္စတာဖို့ဒ်ကို ဘွဲ့ရ ပညာတတ် စာနယ်ဇင်းသမား တယောက်က အင်တာဗျူးသည်-တဲ့။ သူက မစ္စတာဖို့ဒ်ကို “ခင်ဗျားဟာ ပညာတတ်တယောက်လဲ မဟုတ်ပါပဲနဲ့ သည်လို လုပ်ငန်းကြီးမျိုးကို လုပ်နိုင်တာ အံ့သြစရာပဲ”လို့ ခနဲ့သည်။ သည်တော့ မစ္စတာဖို့ဒ်က “ကျွန်တော်က ခင်ဗျားလို ပညာတတ်တယောက် မဟုတ်ဖူးလေ။ အဲဒီတော့ ဦးနှောက် သုံးရတာပေါ့ဗျာ-”ဟု ပြန်ပက်ခဲ့သည် ဆို၏။

ခုလဲ သူ့မေမေကို ထိုမေးခွန်းမျိုး မေးမိလျင် ဘယ်လိုများ ဖြေမည် မသိ။ သူ့သားတော်မောင်ကတော့ သူကိုယ်တိုင် နှစ်ပေါင်းများစွာ ယိုးဒယား စင်္ကာပူတရိုး ပတ်ပြီး ရှာဖွေလို့ ပေးထားပြီးပြီလေ။ သည်တော့ သူ့မေမေကို အလုပ်မလုပ်စေချင်တော့။ တရားဘာဝနာအလုပ်ကိုပဲ ဇောက်ချလို့ လုပ်စေချင်သည်။ သို့ပေမယ့် အမေဆိုသည့် အမျိုးကလည်း အခက်သားလား ။ သားစကားကို နားထောင်ဖို့ ဆိုသည်က ဖြစ်ခဲဘိခြင်း။ ဘယ်တော့မဆို သူ့ကိုယ်သူ အမေလို့ပဲ တွေးသည်လေ။ သည်လိုပဲ ဖြေဖို့ မိတ်ဆွေကို အကြံပေးရသည်။

No comments:

Post a Comment