Wednesday, June 13, 2012

နိုင်ငံဖွံ့ဖြိုးရေးနှင့် သမိုင်းသင်ကြားရေး


 သမိုင်းပညာရှင် နီးလ်ဖာဂူဆန် (Niall Ferguson) ရဲ့ စာအုပ်အသစ် Civilization အလိုအရ ကမ္ဘာ့သမိုင်းမှာ အနောက်ကမ္ဘာက အရှေ့ကမ္ဘာထက် သာသွားရတဲ့ အဓိက အကြောင်းအရင်းက အင်စတီကျူးရှင်းတွေကြောင့်လို့ အတိအလင်းဖော်ပြရင်း အကြောင်းရင်း (၆) ချက်ကို ဆွဲထုတ်ပြပါတယ်။

၁။       အပြိုင်အဆိုင်ဓလေ့ - ဥရောပရဲ့ ထီးပြိုင်နန်းပြိုင်အခြေအနေကြောင့် ဥရောပသားတွေကြားမှာ တနယ်တကျေးမှာ အခွင့်အလမ်းတွေကို အပြိုင်အဆိုင်ရှာဖွေဖို့ ဖြစ်လာခဲ့တယ်။ ပင်လယ်ရပ်ခြား ကုန်သွယ်ရေးကို အကြောင်းပြုလို့ ဖွံ့ဖြိုးလာခဲ့တယ်။ (အဲဒီအချိန်မှာ နဂိုက တိုးတက်နေတဲ့ အရှေ့တရုတ်ပြည်ဟာ တခါးပိတ်စီးပွားရေးစနစ် ကျင့်သုံးရင်းနဲ့ ဖွံ့ဖြိုးမှု ရပ်တန့်နေခဲ့တယ်)။

၂။   သိပ္ပံပညာတိုးတက်လာမှု - ၁၆ နဲ့ ၁၇ ရာစုတွေမှာ ဥရောပမှာ သိပ္ပံပညာတိုးတက် ကျယ်ပြန့်လာသလောက် သတင်းအချက်တွေလည်း လွတ်လပ်စွာ ခွင့်ပြုထားခဲ့တယ်။ သိပ္ပံပညာရဲ့ ကျေးဇူးကြောင့် တခြားကဏ္ဍတွေမှာ တိုးတက်လာသလိုပဲ လက်နက်တွေမှာလည်း ခေတ်မှီလာခဲ့ပါတယ်။ (အဲဒီအချိန်မှာ အရှေ့က ဖွံ့ဖြိုးပြီးသား မွတ်စလင်နိုင်ငံတွေမှာ လွတ်လပ်စွာ သတင်းအချက်အလက် စီးဆင်းခွင့်ကို ပိတ်ပင်ထားခဲ့ရင်း ခေတ်နောက်ကျခဲ့တယ်)။

၃။    ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်ကို ဥပဒေအရ အကာအကွယ်ပေးထားမှု - တရားဥပဒေစိုးမိုးမှုနဲ့ ဒီမိုကရေစီက အကာအကွယ်ပေးထားတဲ့စနစ် ဖြစ်ပါတယ်။ မြောက်အမေရိကမှာ ရှိခဲ့တဲ့ ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးမှုနဲ့ ပစ္စည်းပိုင်ဆိုင်ခွင့်ကို ကျင့်သုံးခဲ့တဲ့ အင်္ဂလိပ် အင်ပါယာဟာ တောင်အမေရိကမှာရှိတဲ့ အာဏာပိုင်စနစ်နဲ့ ပစ္စည်းပိုင်ဆိုင်ခွင့်ကို အားပေးတဲ့ စပိန်အင်ပါယာထက် အောင်မြင်ခဲ့တယ်။

၎။   ဆေးသိပ္ပံပညာတိုးတက်မှု - ၁၉ နဲ့ ၂၀ ရာစုမှာ ဆေးပညာ အလွန်အမင်း တိုးတက်လာတဲ့ အခြေအနေက အင်ပါယာ ထူထောင်ရေးအတွက် အဓိက အားကိုးအားထားစရာ ဖြစ်ခဲ့တယ်။

၅။  ဈေးကွက်ဝါဒနှင့် စားသုံးသူဝါဒ ထွန်းကားလာမှု - ၁၈နဲ့ ၁၉ ရာစု အင်္ဂလန်မှာ စက်မှုတော်လှန်ရေးက ဈေးကွက်ဝါဒနဲ့ စားသုံးသူဝါဒဟာ တားဆီးမရတော့ဘဲ ကမ္ဘာတလွှား ပြန့်နှံ့သွားခဲ့တယ်။

၆။   အလုပ်ကြိုးစားမှု - ခရစ်ယာန်ဘာသာတရားမှာ ဂိုဏ်းကွဲတခုဖြစ်တဲ့ ပိုရိုတက်စတင့်ဝါဒ ဟာ အလုပ်ကြိုးစားမှုကို အားပေးပါတယ်။ ပိုပြီး စိတ်ဝင်စားစရာကောင်းတာက တရုတ်ပြည် တိုးတက်ရတဲ့ အကြောင်းရင်းထဲမှာ ပရိုတက်စတင့် အယူဝါဒ ပျံ့နှံ့မှုကလည်း အကြောင်းတရားတခုအဖြစ် ဆိုထားတာပါ။

တကယ်တမ်း ၁၅ ရာစုမှာ ကမ္ဘာ့အရှေ့ခြမ်းဟာ ဥရောပထက် ယဉ်ကျေးမှုအရ ရှေ့တန်းရောက်ခဲ့ပါတယ်။ ကမ္ဘာ့အကြီးဆုံး မြို့ပြဟာ အာရှက တရုတ်ပြည်မှာရှိခဲ့ပြီး၊ အဲဒီအချိန်တုန်းက အကြီးဆုံး မြို့ ၁၀ မြို့ကို လက်ချိုးရေကြည့်လိုက်ရင် ဥရောပမှာ ပြင်သစ်ရဲ့ ပါရီမြို့က လွဲလို့ ကျန်မြို့တွေ အားလုံးဟာ အာရှကချည်း ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ၁၉၀၀ ပြည့်လွန်နှစ်တွေမှာတော့ ကမ္ဘာ့အကြီးဆုံး မြို့ပြ ၁၀ ခုကို ပြန်ရေတွက်ကြည့်တဲ့ အခါမှာ အာရှက (ဂျပန်က) တိုကျို မြို့တမြို့ပဲ စာရင်းမှာပါပြီး ကျန်အားလုံးဟာ အနောက်က မြို့ပြတွေ ဖြစ်ကုန်ပါတယ်။ 

ဒီလိုဖြစ်သွားအောင် အထက်က ၆ ချက်က အခြေအနေတွေ ကို ပြောင်းပြန်လှန်ပစ်လိုက်တာ ဖြစ်ပါတယ်။ နောက် စိတ်ဝင်စားစရာကောင်းတဲ့ အချက်က အဲဒီအချိန်က အာရှက တခုတည်းသော အင်အားကြီးနိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံ တိုးတက်နေရတဲ့ အကြောင်းက အနောက်ရဲ့ အင်စတီကျူးရှင်းမော်ဒယ်တွေကို အဲဒီကတည်းက ပုံတူကူးချခဲ့တာကြောင့်လို ဆိုတာပါ။ သူ့စကားအတိုင်းဆိုရရင် ဂျပန်ဟာ အနောက်တိုင်းရဲ့ Application တွေကို Download ဆွဲချခဲ့တယ်။
အခုလက်ရှိ အာရှမှာ ဖွံ့ဖြိုးတိုးတက်နေပါတယ်ဆိုတဲ့ နိုင်ငံတိုင်းဟာလည်း အနောက်ရဲ့ ဖွံ့ဖြိုးရေး မော်ဒယ်တွေ (အင်စတီကျူးရှင်းတွေကို) အနည်းနဲ့ အများ ပုံတူကူးရင်း ရလာတဲ့ အကျိုးကျေးဇူးတွေလို့ ဆိုပါတယ်။

ဒီနေရာမှာ တချက်ထောက်ပြတာက ဘယ်လို ယဉ်ကျေးမှုမှာမဆို အင်စတီကျူးရှင်း ကောင်းကောင်းနဲ့ ဆိုရင် ဖွံ့ဖြိုးနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။ ၂၀ ရာစုမှာပဲ ဆန့်ကျင်ဘက် အင်စတီကျူးရှင်းတွေနဲ့ လက်တွေ့စခန်းသွားခဲ့တဲ့ တောင်နဲ့ မြောက်ကိုရီးယား၊ အရှေ့နဲ့အနောက် ဂျာမနီ၊ တရုတ်ပြည်မှာ ပြည်မနဲ့ အပြင်ဘက်မှာ အခြေအနေတွေကို ဥပမာ ပေးထားပါတယ်။
ယဉ်ကျေးမှုအရ အနည်းနဲ့ အများတူတဲ့ လူ့အဖွဲ့အစည်းတခုမှာ တခြမ်းကို ကွန်မြူနစ်စနစ် ချပေးပြီး၊ နောက်တခြမ်းကို အရင်းရှင် စနစ်ချပေးလိုက်ရင် မတူတဲ့ ရလဒ်တွေ ဖြစ်ပေါ်လာနိုင်တာကို ထောက်ပြထားပါတယ်။

Civilizationဟာ အနောက်တိုင်းသားသမိုင်းဆရာ တယောက်က အနောက်က ရွှေထီးဆောင်းခဲ့တဲ့ အတိတ် သမိုင်းကို ပြန်တူးဆွပြီး အနောက်ကမ္ဘာရဲ့ ကျဆုံးခန်းအပေါ် စိုးရိမ်သောကနဲ့ လူငယ်မျိုးဆက်သစ်တွေကို လှုပ်နှိုးဖို့ ကြိုးစားတဲ့ စာအုပ်လို့ ယူဆရပါတယ်။ မျိုးဆက်သစ်တွေ သမိုင်းကို လေးလေးနက်နက် သင်ဖို့ အရေးတကြီး တိုက်တွန်းထားပါတယ်။
လွန်ခဲ့တဲ့ နှစ် ၅၀၀ လုံးလုံး အနောက်ဟာ အထက်က အားကောင်းချက်တွေနဲ့ ကမ္ဘာကြီးကို စိုးမိုးခဲ့သလို၊ အခုအချိန်မှာ အဲဒီ အားကောင်းချက်တချို့က အရှေ့ခြမ်းက ပုံတူ ကူးချပြီး ထပ်ကျပ်မခွာ နောက်က လိုက်လာကြတဲ့အချိန်မျိုးမှာ အနောက်ကတော့ ဒါတွေကို တန်ဖိုးထားရ ကောင်းမှန်း မသိဖြစ်နေတယ်လို့ဆိုထားပါတယ်။

အဲဒီကနေ အမြဲတမ်း ခေတ်နောက်ကျတတ်တဲ့ အရှေ့တိုင်းက မြန်မာပြည်အတွက် တွေးစရာတချို့ ရလာပါတယ်။ နီးလ်ဖာဂူဆန်ရဲ့ အောင်မြင်ခြင်းအကြောင်း (၆) ချက်ကို မြန်မာ့နိုင်ငံရေးဓလေ့၊ ယဉ်ကျေးမှုဓလေ့အပေါ် တင်ကြည့်ပါတယ်။
ဥရောပမှာ ၁၆ ရာစုကနေ ၁၉ ရာစုအထိ အချိန်ဟာ မြန်မာပြည်မှာ ဘုရင့်နောင်ရဲ့ ဒုတိယမြန်မာနိုင်ငံတော်နဲ့ အလောင်းမင်းတရားရဲ့ တတိယ မြန်မာနိုင်ငံတော် ခေတ်တို့နဲ့ ခေတ်ပြိုင်ဖြစ်ဖို့ များပါတယ်။ ဒီနိုင်ငံတော်တွေဟာ သူ့ခေတ်နဲ့ သူအလျှောက် ကျယ်ဝန်းတဲ့ အင်ပါယာတွေ (ထိုင်းနဲ့ မလေးရှားအထိလို့ အဆိုရှိပါတယ်) လက်နက်လက်နိုင်ငံတော်တွေ ဖြစ်ပါလိမ့်မယ်။ (နံပါတ် ၂)

ဒါပေမယ့် ဖာဂူဆန် ထောက်ပြတဲ့ နိုင်ငံတည်ဆောက်ရေး တခြား Application တွေဖြစ်တဲ့ အပြိုင်အဆိုင်စိတ်ဓာတ်၊ သို့မဟုတ် အန်တြာပရာနော် စိတ်ဓာတ် (သို့) စွန့်ဦးတီထွင်စိတ်ဓာတ်၊ ဈေးကွက်စီးပွားရေး၊ သိပ္ပံပညာ၊ တရားဥပဒေ စိုးမိုးရေး၊ ဒီမိုကရေစီ အင်စတီကျူးရှင်းတွေတော့ ထွန်းကားခဲ့ပုံ မရပါဘူး။ ဒါကြောင့် နောက်ဆုံးမှာ အင်္ဂလိပ်ကိုလိုနီဘ၀ကို ရောက်ခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။ နံပါတ် (၆) နဲ့ပတ်သက်လို့တော့ မြန်မာပြည်မှာ အများစု ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာက အလုပ်ကြိုးစားတာကို အားပေးတာထက် ရသမျှနဲ့ တင်းတိမ်ရောင့်ရဲဖို့ ဆုံးမတဲ့ ဘာသာတရားဖြစ်ဖို့ များပါတယ်လို့ ယူဆပါတယ်။

ဒါကြောင့် မြန်မာ့သမိုင်းကနေ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် ဘယ်လို Application မျိုးကို Download ယူလို့ ရမလဲလို့ စဉ်းစားကြည့်တဲ့အခါမှာ အတော်လေး အားငယ်စရာကောင်းလှပါတယ်။ ဆိုလိုတာက မြန်မာဘုရင်တွေရဲ့ နိုင်ငံတော်တွေ Civilization ထဲကနေ အားကိုး အားထားပြုလောက်တဲ့ ဖွံ့ဖြိုးရေးမော်ဒယ်ဆိုတာ မရှိပါဘူး။
ရှိတယ်ဆိုရင် အကိုးအကားနဲ့ ထောက်ပြရင် အနာဂတ် နိုင်ငံတည်ဆောက်ရေးအတွက် အကျိုးရှိမှာပါပဲ။ ဒီလိုမဟုတ်ဘဲ မရှိကို အရှိလုပ်ပြီး၊ (နေပြည်တော်က ရုပ်ထုလိုမျိုးတွေထုပြီး) ကြံဖန်ဂုဏ်ယူ၊ ကိုလိုနီစနစ်နယ်ချဲ့ကို လက်ငြိုးထိုး အပြစ်ဖို့ရုံလောက်နဲ့တော့ တိုင်းပြည် တည်ဆောက်ရေးအတွက် အကျိုးမများ လှပါဘူး။ ဒီလိုပဲ ဗုဒ္ဓဘာသာမှာလည်း ဖွံ့ဖြိုးရေးအတွက် အထောက်အပံ့တွေ ရှိမယ်ဆိုရင် ဆရာတော်သံဃာတော်တွေ က ဖော်ထုတ် ဟောကြားပေးဖို့ ကောင်းတယ်လို့ တွေးမိပါတယ်။

ဒီနေရာမှာ အားတက်စရာလိုပဲ ဆိုဆို၊ စိတ်မကောင်းစရာပဲဖြစ်ဖြစ် ပြောစရာ တချက်တော့ ရှိပါတယ်။ မကြာခင်တုန်းပဲ တရုတ်နိုင်ငံ ဆင်ဝှါတက္ကသိုလ်က သမိုင်း ပါမောက္ခ Qin Huiက မြန်မာပြည်ဟာ စစ်အာဏာရှင်တွေ ဘယ်လောက်ပဲ သက်ဆိုးရှည်ခဲ့တယ် ဆိုပေမယ့် အရှေ့တိုင်းထက် အနောက်တိုင်း အတွေးအခေါ်တွေလွှမ်းမိုးနေတဲ့ လူ့အဖွဲ့အစည်း လို့ ထောက်ပြထားပါတယ်။
လွတ်လပ်ရေးရပြီးစကနေ ၁၉၆၂ ခုနှစ်အထိ ပါလီမန် ဒီမိုကရေစီစနစ် ကျင့်သုံးခဲ့တာ၊ ၁၉၈၈ ဒီမိုကရေစီတောင်းဆိုတဲ့ အရေးတော်ပုံကြီးနဲ့ ၁၉၉၀ အတိတ်ကို လွမ်းစိတ်နဲ့ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်မယ့် ပါတီကို တခဲနက် မဲပေးလိုက်တာတွေကို သူက ထောက်ပြပါတယ်။

ဒီအချက်အရဆိုရင် မြန်မာပြည်အတွက် ဖွံ့ဖြိုးရေးမော်ဒယ်ဟာ ကိုလိုနီခေတ်ကတည်းက အင်္ဂလိပ်ဆီကနေ အကန့်အသတ်နဲ့ ရထားပြီး ဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေးကြောင့် အဆက်ပြတ်ခဲ့တယ်ပဲ ဆိုဆို ခေတ်သစ် ဖွံ့ဖြိုးရေး Application တွေဟာ ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေး ယဉ်ကျေးမှု (Civilization) နဲ့ အစိမ်းသက်သက်တော့လည်း မဟုတ်ပါဘူး။

Civilization စာအုပ်ဟာ အနောက်တိုင်းသား သမိုင်းဆရာ နီးလ်ဖာဂူဆန် က အနောက်က လက်ရည်နိမ့်နေတဲ့ အချိန်ကိုက်ပြီး တချိန်က ဘယ်လိုနည်းတွေသုံးပြီး ကမ္ဘာကြီးကို လွှမ်းမိုးခဲ့သလဲဆိုတာကို မီးမောင်းထိုးပြရင်း သမိုင်းကို လေးလေးနက်နက် သင်ဖို့ မျိုးဆက်သစ်တွေကို တိုက်တွန်းထားတဲ့ စာအုပ်ပါပဲ။  

ဒီကနေ စဉ်းစားမိတာက ကျနော်တို့ ဆီမှာလည်း သမိုင်းလိမ်တွေမဟုတ်ဘဲ၊ သမိုင်းအမှန်အတိုင်း၊ အတိတ်ကနေ ဒီနေ့အထိ မြန်မာတွေ ဘာလို့ ကျဆုံး နေရသလဲဆိုတာကို သင်ခန်းစာယူနိုင်မယ့် သမိုင်းသင်ကြားရေးမျိုး လိုအပ်နေပါတယ်။ ဒါမှ အနာဂတ် တိုင်းပြည်တည်ဆောက်ရေးအတွက် အကျိုးများမယ့် သမိုင်းသင်ကြားရေး ဖြစ်မယ်လို့ တွေးမိပါတယ်။
နေသွင်
ဒီနေရာ က ကူးယူဖော်ပြပါတယ်။

No comments:

Post a Comment