“ကိုင်း … ၁၃ နှစ်သမီးလေးကို ထိတွေ့စို့ …လူစုံပြီ”
ကိုမြတ်ဝင်လာတာနဲ့ သက်တမ်းရင့် ၀ီစကီပုလင်းကိုလှမ်းရင်း
ကိုလေးက ပြောတော့ ၀ီစကီဖန်ခွက် ရေခဲ ဆော်ဒါဘူးတွေ အဆင့်သင့်ပြင်ပေးဖို့
မောင်ဌေးကို တိုးတိုး မှာရတယ်။ လူစုံအောင် စောင့်နေရင်း တချို့က ၀ိုင်၊ တချို့က
ဘီယာသောက်နေကြတဲ့အတွက် ဘီယာခွက်တွေကိုပါ သိမ်းလိုက်ဖို့ ပြောရတယ်။ အင်း ကလေးတွေတော့
ခွက်သိမ်းရ ဆေးကြရနဲ့ အလုပ်များကြဦးမှာပဲ။ တခါတခါ စဉ်းစားမိတယ်။ တခါသုံးခွက်တွေနဲ့ဆို
ကလေးတွေသက်သာမှာလို့။ ကိုလေး အော်ဟစ်သံကြီး အရင်ဆုံး ထွက်လာမှာ မြင်ယောင်မိပြီး ကျောတွန့်သွားတယ်။
သူက ဘယ်အရည်ကို ဘယ်ခွက်နဲ့၊ ဘယ်ဟင်းကို ဘယ် ဇွန်း၊ ခက်ရင်း ဆိုတာမျိုးတွေ အတော် အရေးထားတဲ့သူကိုး။
ကျွန်မကိုလည်း ထမင်းဝိုင်း ယဉ်ကျေးမှု ဆိုတာ တကူးတက သင်ပေးခဲ့တဲ့ လူပဲ။
ဝိုင်ခွက်ကိုင်ထားရင်း ယောက်မကပြုံးပြီး လှည့်ကြည့်လိုက်တာနဲ့
ကျွန်မ မီးဖိုဘက် ထွက်ခဲ့တယ်။ ကြက်ကြော်နဲ့ ဟင်းပွဲတွေကို တဖြည်းဖြည်း ချပေးရမှာ။ ပြန်မလာတာ
၁၀ နှစ်ကျော်နေပြီဖြစ်တဲ့ ကိုမြတ်ကို အကြောင်းပြုပြီး ငယ်သူငယ်ချင်းတွေ စုကြတာဆိုတော့
အချိန် ကန့်သတ်ချက်မရှိ ကြာတော့မယ်။ မီးဖိုထဲက ကလေးတွေကို အရင် ဗိုက်ဖြည့်ခိုင်းဦးမှ
ဖြစ်တော့မယ်။
“မိသက် ဘယ်ရောက်နေလဲ… ဒီ လာထိုင်လေ။ ငါ့တို့ကို
ကြက်ကြော် ထပ်ချပေးဦး”
“သက်သက် ကိုယ်တို့နဲ့အတူ လာထိုင်စားပါ။ ပြီးတော့ ကိုမြတ်ကို
ထမင်းနည်းနည်း ထည့်ပေးပါလား”
ခင်းကျင်းထားတဲ့ စားပွဲမှာ ဟင်းတွေက အမျိုးစုံ။ ငါးရံ့ခေါင်းဟင်းရော
ငါးခြောက်ထောင်းကြော် ငါးပိကြော်ရော တရုတ်ဟင်းလျာတွေရော ဂျပန်စာလည်း ပါသေးတယ်။ ငါးရံ့ဟင်းက
ကိုမြတ် အကြိုက်ဖြစ်ပြီး အညာက တကူးတက ဆင်းလာတဲ့ ကိုဝက်ကြီးကတော့ တရုတ်တန်းက
ဝက်ခေါက်ကင်နဲ့ ဘဲကင်ကို အသည်းစွဲကိုး။ ကိုလေးက သူ့ သူငယ်ချင်းတွေ ကြိုက်တတ်တဲ့အရာကို
ခင်းကျင်းတည်ခင်းပေးခြင်းဖြင့် သူ ဘယ်လောက် သူငယ်ချင်းတွေကို အရေးထားလည်းဆိုတာ ပြချင်သူပါ။
အရင်ကတည်းကလည်း သူ ဒီလိုတာဝန်ကျေ လှိုက်လှဲလွန်းလို့ ဒီအိမ်မှာပဲ လူစုလေ့ရှိကြပါတယ်။
အန်တီနု၊ မကြီးနဲ့ ကျွန်မတို့ကပဲ အမြဲလိုလို စီမံ ချက်ပြုတ်ရတာပါ။ ယောက်မကတော့ ချိုသာ
စကားပျုငှာ ပြောတတ်သော်လည်း မီးဖိုချောင်ကိုတော့ ကောင်းစွာ စီမံလေ့ရှိသူ မဟုတ်ဘူး။
ခင်ပွန်းသည် အလုပ်ပြောင်းရာလိုက်သွားတဲ့ မကြီးက ယောက်မကို တို့အိမ်ရဲ့ အထာကို နှစ်များစွာကြာလည်း
သိလာမယ့်သူ မဟုတ်ဘူးလို့ မှတ်ချက်ချဖူးတယ်။ တကယ်တော့ ကျွန်မ မလာချင်ဘူး။ ကိုမြတ်ပြန်လာလို့
လုပ်တဲ့ပွဲမို့ ဆက်ဆက်လာပါလို့ တရရ လုပ်နေလို့ပဲ။
အရင်တုန်းကတော့ ဒီလိုပွဲတွေရှိရင် လူစုကြ၊ ရယ်မောပြောဆိုကြ၊
ဂစ်တာတီးကြ၊ သီချင်းဆိုကြနဲ့ မှတ်မိသလောက်တော့ အပြင်းတွေကို သိပ်မသောက်ကြဘူး။ ဘီယာနဲ့ပဲ
ပြီးသွားကြတာဘဲ။ အခု နောက်ပိုင်း ကိုလေးတို့အိမ်မှာ ပွဲလုပ်တိုင်း တော်တော် သောက်နေကြတာ
သတိထားမိတယ်။
ကိုလေး သူငယ်ချင်းတွေအထဲ ကိုမြတ်ကို အရင်းနှီးဆုံးပဲ။
သူ့နောက်ဆုံးနာမည်ကို ပြောလိုက်ရင် လူတိုင်းသိနိုင်တဲ့ မျိုးရိုးက ဆင်းသက်လာသူ၊ ဆွေစဉ်မျိုးဆက်
ပညာဥစ္စာပြည်စုံသူ၊ အမေ့စကားအရ ရိုးစဉ်ကောင်းက ဆင်းသက်သူပါ။ ဆင်းသက်ကြီးပြင်းတဲ့ မျိုးရိုးနဲ့
လျော်ညီစွာ အနေအထိုင် ယဉ်ကျေးသိမ်မွေ့ အပြောအဆို အဆင့်အတန်းရှိသူဖြစ်ပါတယ်။
ဘဘနဲ့ ကိုမြတ့်မာမီက ရန်ကုန်တက္ကသိုလ်မှာ ကျောင်းနေဘက်တွေ
ဖြစ်ခဲ့တယ်။ ဘဘ စစ်သံမှုးဘ၀နဲ့ တိုင်းတပါးမှာ ရောက်နေခိုက် ကိုမြတ်တို့မိသားစုနဲ့ ပြန်တွေ့ကြပြီး
နှစ်အိမ်ထောင် ရင်းနှီးကျွမ်းဝင်ကြတယ်။ အိမ်မှာ ဧည့်ခံပွဲ ထမင်းစားပွဲ လုပ်တိုင်း ဖိတ်ရတဲ့
စာရင်းမှာ ထိပ်ဆုံးက အမြဲပါတယ်။ သူတို့ဖိတ်ရတဲ့လူကလည်း ထပ်နေတာ။ ဒီလူဒီလူတွေပဲ လှည့်ပတ်ကျွေးမွေး
ဧည့်ခံနေကြတာကိုး။ ကိုမြတ်မာမီမို့ အိမ်လာရင် ကျွန်မတို့မှာ ငေးနေရတာ။ အ၀တ်အစား အသုံးအဆောင်
လက်ဝတ်လက်စားက အန်တီနု မပြောနဲ့၊ မကြီးတောင် လုံးလုံးမမီဘူး။ အန်တီနုတို့ စိန်နားကပ်အပါးဝိုင်းတွေကို
ရတီဘယ်လောက်ဆိုပြီး တလုံးထဲတွေ ၀တ်နေချိန်မှာ ကိုမြတ့်မာမီ ပန်ထားတာကတော့ အကျီအရောင်နဲ့
လိုက်အောင် ခရမ်းစွဲ၊ ကြောင်၊ မဟူရာ၊ နီလာပြာ၊ နီလာဖြူ၊ ကနုကမာ၊ ပုလဲ နဲ့ ကျောက်ရောင်စုံတွေ။
လည်ပင်းမှာလည်း အရောင်တူ ဆွဲကြိုးအရှည်နဲ့။ သူ့ကားကို ကိုယ်တိုင်မောင်းကာ ကျောင်းနေဖက်တွေနဲ့
တပြည်လုံး လည်ပတ်နေတတ်တယ်လို့ ဘဘ ပြောတာ ကြားဖူးတယ်။ တခါတလေ ဘဘကို ‘ယူ့ကို အိုင်ပြောစရာရှိလို့ကွာ’
ခပ်တည်တည် ပြောပြီး ‘နုရေ ခဏကွယ် ကိုယ်တို့သူငယ်ချင်းတွေ ပြောစရာရှိလို့’ ဆိုကာ အန်တီနုကို
ယဉ်ယဉ်ကျေးကျေးနဲ့ ခွင့်တောင်းတယ်။ နောက် နာရီနဲ့ချီကာ ဘဘနဲ့ စကားပြောနေတတ်သေးတယ်။
အန်တီနုတောင် အနားမလာအောင် ခွင့်တောင်းပုံက သဘောကျချင်စရာ။ ဖတ်ဖူးစွဲလမ်းဖူးတဲ့ ၀တ္တုတခုက
အခြေမြင့်တဲ့ ဇာတ်ရုပ်တခုကို သူ့ မြင်တော့မှ အပြည့်အ၀ နားလည်တော့တယ်။
စနေ၊ တနင်္ဂနွေနေ့ မနက်ပိုင်းဆို အိမ်ကို ၀င်ဝင်လာတတ်တဲ့
ကိုမြတ်က ဈေးပို့ပေးဖို့ ကိုလေးကို နှိုးနေတဲ့ ကျွန်မကို သူ့သူငယ်ချင်းအိပ်ပါစေလို့
ပြောပြီး ဈေးလိုက်ပို့တယ်။ ခြင်းအလေးကြီးနဲ့ ကျွန်မ ပြန်ထွက်လာတာ မြင်တိုင်း ပြေးလာ
ကူဆွဲပေးတယ်။ လမ်းမှာ ဗွက်အိုင် ရေအိုင်တွေ့ရင် ဆိုက်ကား သို့မဟုတ် လူ ရှိနေရင် ဖြည်းဖြည်းသာသာနဲ့
ဘီးလှိမ့်ရုံသာ အိုင်ထဲ ချမောင်းတတ်တယ်။ ရေအိုင်ကို အရှိန်နဲ့ဖြတ်တဲ့ ကားတွေကြောင့်
ခဏခဏ ရွှံရေစင်ဖူးလို့ ဒေါသထွက်ခဲ့ဖူးတဲ့ ကျွန်မဟာ သူ့အပြုအမူတွေကို သိပ်ကို နှစ်သက်
သဘောကျမိပါတယ်။
လမ်းထိပ်က ကွမ်းယာသည်ကိုရော လမ်းဘေး ဓာတ်ဆီဆိုင်ကလူကိုရော
ငှက်ပျောသီးအထမ်းသည်ကိုရော ဟုတ်ကဲ့ပါခင်ဗျာချင်းထပ်အောင် စကားပြောဆိုတတ်သူပါ။ သူတို့အသိုင်းအ၀ိုင်းမှာ
ယဉ်ကျေးဖွယ်ရာစကား ပြောဆိုတာကိုက အရည်အချင်း တခုကိုး။ သူ သိမ်မွေ့ယဉ်ကျေးလွန်းတော့
ကိုယ်ဘာသာတောင် ရှက်စနိုး ဖြစ်ရတယ်။ စကား ဆတ်ဆတ် ပြောလို့ ကျွန်မကို ကိုလေး ခဏခဏ ဆူတယ်။
တရက် ကျောင်းစားသောက်ဆိုင်တန်းမှာ ထိုင်နေတဲ့
ကျွန်မကိုမြင်ပြီး ကိုမြတ် ပိုက်ဆံလာရှင်းပေးသွားတယ်။ သူ့ကားပေါ်ပါလာတဲ့ ကိုဝက်ကြီးက
ကျွန်မကို ကျောင်းမှာမြင်တော့ အံ့သြနေတယ်။ ကားနဲ့လာတဲ့ အရပ်မြင့်မြင့် ချောချော အကိုကြီးတယောက်က
ပိုက်ဆံလာရှင်းပေးသွားလို့ ကျွန်မ သူငယ်ချင်းတွေကလည်း အံ့သြကုန်ပါတယ်။ ကိုမြတ်နာမည်ကြားတာနဲ့
လူရေလည်တဲ့ မိသူက “ဟာ” လို့ ထအော်တယ်။
ကိုလေး သူငယ်ချင်း အတော်များများဟာ ကျွန်မကို
ဘဘနဲ့ အန်တီနုတို့ရဲ့ အခြွေအရံတယောက်လို့ပဲ အထင်ရှိကြတယ်။ သူတို့ လာစားသောက်တိုင်း
ဒီအိမ်မှာ ကျွန်မက ကူဖော်လောင်ဖက်လုပ်နေတာ မြင် မြင် နေရတာကိုး။ ဘဘနှမက မွေးတဲ့ တူမအရင်းဖြစ်တာ
ကိုမြတ်ပဲ အ၀င်အထွက်များလို့ သိတယ်။ တနင်္ဂနွေညနေ အဆောင်ကို ပြန်ဝင်ရချိန်တွေမှာဆိုရင်
ကိုမြတ် အိမ်အပြန်နဲ့ ကြုံရင်တော့ ၆ မိုင်ခွဲထိပ်အထိ လမ်းကြုံလိုက်လို့ ရပါတယ်။
ကိုလေးကတော့ ကျောင်းမှာ မျက်နှာချင်းဆိုင်တွေ့တာတောင်
မခေါ်တတ်တဲ့လူပါ။ သူကိုယ်တိုင်ကလဲ ကျွန်မကို သူ့အခြွေအရံလို့သာ သဘောထားရှိသူပါ။ အမေပို့လိုက်တဲ့
ကျွန်မ ပိုက်ဆံထုပ်ကို လုံးဝရှာမတွေ့အောင် ရေခဲစက်ထဲ ထည့်ထားပြီး ကျွန်မ ဒေါသထွက်အောင်
စမယ်။ ပိုက်ဆံထုပ်ကို ရေခြောက်အောင် လုပ်နေရင်းနဲ့ မီးပူတိုက်ရင်းနဲ့ အဆောင်ကို ပြန်အ၀င်နောက်ကျအောင်
အနှောင့်အယှက်ပေးတယ်။ ပိတ်ရက်လေး ခဏလာတဲ့ နှမ၀မ်းကွဲကို ငါးရံ့ခေါင်း ဟင်းချက်ပေး၊
ငါးပိကြော်ပေး၊ ငါးခြောက်ထောင်းကြော်၊ ကြက်ကြော်ကြော်ပေးဆိုပြီး မျိုးစုံအောင် ခိုင်းစားတတ်သူပါ။
‘ဒေါ်လေးလက်ရာကို နင် မမီသေးဘူး’ လို့ ချက်တဲ့သူ အောင့်သက်သက်ဖြစ်အောင် စားအပြီး မှတ်ချက်ချသေးတယ်။
ကျွန်မ ပထမနှစ်တက်ဖို့ ရွာက ထွက်လာခါစမှာပေါ့။
သူတို့အုပ်စုတွေ အောက်ထပ်မှာ ရုပ်ရှင်ကြည့်နေတုန်း ကျွန်မ အပေါ်ထပ်ကို တက်သွားတာမြင်တော့
လှေခါးမီး ပိတ်ပေးဖို့ ကိုလေးက အင်္ဂလိပ်လို လှမ်းပြောပါတယ်။ ကျွန်မ ချက်ချင်းပိတ်ပေးလိုက်တော့
ကိုလေး အံ့သြသလိုနဲ့ “ ငါ မီးပိတ်ခိုင်းမှန်း နင် ဘယ်လိုသိလဲ” သူ့သူငယ်ချင်းတွေရှေ့မှာ
ထုတ်မေးပါတယ်။ ကျွန်မက ‘အစအဆုံး နားမလည်ပေမယ့် Off ကိုသိတယ်။ လှေခါးမီးပွင့်နေတာကို
သတိထားမိတယ်’ လို့ ရိုးစင်းစွာ ဖြေမိရက်သား ဖြစ်သွားတယ်။ “မဆိုးဘူး နင် ဥာဏ်ကောင်းတယ်”
လို့ ကိုလေး ရယ်ရင်းပြောတယ်။ ဒီလိုလုပ်နေမှတော့ ကျွန်မကို ကျောင်းမှာတွေ့တော့ ကိုဝက်ကြီး
အံ့သြတာပေါ့။
***
ဘဘကလည်း သူ့နှမလက်ရာ ငါးပိကြော် ငါးခြောက်ထောင်းကြော်ကို
အတော်စွဲလန်းသူဆိုတော့ အမေလာတိုင်း ယူလာပေးနေရတာ ထုံးစံဖြစ်နေပြီ။ အမေက သူ့အကိုကြီးကို
တမိပေါက် တယောက်ထွန်းမို့ အမျိုးကို ဂုဏ်ဆောင်သူ ရွာကို ဂုဏ်ဆောင်သူအဖြစ် အတော်ကိုးကွယ်ပါတယ်။
ရွာက အိမ်မှာ ဘဘ ယူနီဖောင်းနဲ့ရိုက်ထားတဲ့ ဓာတ်ပုံအောက်မှာ ရာထူး အပြည့်အစုံကို ရေးကပ်ထားတာပါ။
အိမ်နဲ့ ဓာတ်ပုံက တော်တော် မလိုက်ဖက်ဘူးလို့ အဖေ ဟားလည်း ခပ်တည်တည်ပဲ။ သိသလောက်တော့
အန်တီနု၊ မကြီးနဲ့ ကိုလေးတို့ ရွာကို တခါမှ မလာဖူးဘူး။ ဘဘ ကိုယ်တိုင်တောင်မှ ပြန်မလာတာ၊
သူတို့ စိတ်ကူးရှိပုံမရတာ အပြစ်ပြောစရာမဟုတ်ပါဘူး။ အင်း လာရင်လဲ ပြသနာများမှာပဲ။ ရွာလမ်းက
ဖုန်တွေကြောင့် မကြီး မဲ့သွားနိုင်သလို အိမ်က အိမ်သာကြောင့် ကိုလေး အော်မှာပဲ။
အန်တီနုကတော့ သူ တပြားတချပ်မှ မထောက်ပံ့ရတဲ့အပြင် လယ်ကရတဲ့
အကျိုးအမြတ်ဆိုပြီး မှန်မှန်ကြီး ပိုက်ဆံလာပို့နေတဲ့ ယောက်မကို ကြည်ဖြူပေမယ့် လူနေမှုစရိုက်၊
အနေအထိုင်၊ အဆင့်အတန်း မတူလှတဲ့အတွက် တန်းတူရည်တူစိတ် မထားနိုင်တာ ကျွန်မ ခံစားသိ သိပါတယ်။
အမေက ကျွန်မကို ဒီအိမ်ကနေ ကျောင်းတက်စေချင်တာ။ အဖေနဲ့ကျွန်မတို့ သဘောထားကြောင့်သာ
အဆောင်မှာ ပေးနေတာ။ အဖေက ရှင်းတယ်။ နင့်အကို ရာထူးကြီးကြီးမာစတာဖြစ်လည်း ငါတို့ စပါးတတင်း
ပဲတတင်း ပိုရတာမှ မဟုတ်ဘဲတဲ့။ အကိုအတွက် စားစရာ လုပ်ပြီး မော်တော်တတန်၊ ကားတတန်၊ သဘောင်္တတန်နဲ့
သွား သွား ပို့နေတာကို မကြိုက်လှဘူး။ မပြောသာလို့ပဲ။
မကြီးက ဖာသိဖာသာ နေတဲ့စရိုက်ရှိပြီး ကျွန်မကို
စိတ်မှန်နဲ့ ဆက်ဆံတယ်။ ညီမရင်းချာလို့ နွေးထွေးလှိုက်လှဲတဲ့စိတ် မရှိပေမယ့် နှိမ့်ချ
ဆက်ဆံတတ်သူလည်း မဟုတ်ပါဘူး။ စာအုပ်ထဲမှာသာ ဖတ်ဖူးတဲ့ နိုင်ငံခြားက နာမည်ကြီးတံဆိပ်
အကုန်လုံး သူ့ မှန်တင်ခုံပေါ်မှာ၊ ဘီဒိုထဲမှာရှိတယ်။ သူ ကျွန်မကို ပေးလိုက်တဲ့
အသုံးအဆောင်တွေ၊ တကိုယ်ရေသုံး ပစ္စည်းတွေကို မိသူက ‘ဒါ စကော့ဈေးထဲ ရှာလို့မရနိုင်တာတွေ’
လို့ပြောပြီး လိုချင်စိတ် ပြလွန်းလို့ သူ့ကိုပဲ ပေးလိုက်တာ များပါတယ်။ မကြီးကို အမြဲ
ကျေးဇူးတင်ရတဲ့အချက်က အတွင်းခံ အ၀တ်အစားကို ဂရုတစိုက် ၀တ်တတ်အောင် ကြပ်ကြပ် သတိပေးခဲ့လို့ပါ။
‘နင့် အတွင်းခံက နင်ဝတ်ထားတဲ့ အပြင်အကျီထက် ၃ ဆလောက် ဈေးကြီးနေပါလား’ လို့ မိသူက
ထုတ်ပြောရတဲ့အထိဘဲ။
ကျွန်မ ကျောင်းပြီးချိန်မှာ ကုမ္ပဏီတွေထောင်ခွင့်ပြုလိုက်တော့
ကိုမြတ်တို့မာမီနဲ့ အန်တီနုတို့ စုပေါင်းပြီး ကုမ္ပဏီ ထောင်ကြပါတယ်။ နိုင်ငံခြားသား
ဧည့်သည်တွေကို ထမင်းကျွေးရတာ ဆက်တိုက်လိုလိုပဲ။ မကြီး တော်တော် ပင်ပန်းတဲ့ကာလတွေပဲ။
သူ့ မဟာဘွဲ့အတွက် စာတမ်းနဲ့ ဧည့်သည်ထမင်းကျွေးပွဲတွေနဲ့ လုံးထွေးရလွန်းလို့ ကျွန်မကို
လက်တိုလက်တောင်း ခိုင်းဖို့ အမြဲ လာလာ ခေါ်ရတဲ့ကာလလို့လည်း ပြောနိုင်ပါတယ်။ တရက်တော့
ဂျပန် ဧည်သည်တွေကို နေ့လယ်စာကျွေးဖို့ရက်မှာ မကြီးက သူ့ဆရာကြီးနဲ့ တွေ့ရမှာဆိုတော့ လုံးလုံး
မအားတာနဲ့ ဟင်းပွဲ အစအဆုံးကို ကျွန်မ ချက်ရတော့တာပဲ။ ကိုမြတ့်မာမီက ခါတိုင်းဆိုရင်
“နု ယူ့သမီးက ဟင်းချက်သိပ်တော်တာပဲကွယ်” ဆိုပြီး ချီးမွမ်းနေတတ်သူပါ။ အန်တီနုက “ဒီနေ့
သမီး မအားလို့ကွယ်။ တူမကလေးကို ချက်ခိုင်းထားရတာ တခုခု အဆင်မပြေရင် ပြောနော်” ဆိုတော့
စကားဆိုတဲ့နေရာမှာ ယဉ်ကျေးသိမ်မွေ့တဲ့ ကိုမြတ်မာမီက “အေးကွယ် ဟင်းချက်ထားတာ ယဉ်လိုက်တာ”တဲ့။
ကျွန်မဖြင့် အခုအချိန်ထိ ဟင်းချက်တာကို ယဉ်တယ်ဆိုတာ ဘာကိုပြောမှန်း စဉ်းစားလို့ မရဘူး။
ညံ့တယ်ပြောချင်တာလား မဆိုးပါဘူးပြောချင်တာလား တွေးမရဘူး။
ကျောင်းဆက်မတက်ခင် သူ့တို့ကုမ္ပဏီမှာ ခဏ
ဝင်လုပ်လိုက်သေးတော့ ကိုမြတ့်မာမီနဲ့ နည်းနည်း ရင်းနှီးလာတယ်။ သူ အင်္ဂလိပ်လိုပြောတာ
နားယဉ်လာရတယ်။ သူ့လေယဉ်လက်မှတ် စီစဉ်ပေးလို့ လွယ်လွယ်လေး ပြောတာကိုပဲ အစပိုင်းမှာ သုံးခါလောက်
ပြန်မေးရပြီး နောက်တော့ လေသံ ဖမ်းမိသွားတော့တယ်။ တစီးပွားတည်းဖြစ်ဖို့ မကြီးနဲ့ကိုမြတ်ကို
ရည်ရွယ်ကြပေမယ့် မကြီးနဲ့ တွဲနေတဲ့တယောက်ရဲ့ အဖေက အရေးပါတဲ့ နေရာတခု ဗြုန်းဆို ရောက်လိုက်တာနဲ့
အန်တီနု စိတ်လည် ထွက်သွားတော့တယ်။
***
“ယူ သိတယ်မဟုတ်လားကွယ်… အိုင့် ယောက်မတွေက အနေစုတ်ပေမယ့်
ရွှေထုပ်ကြီးတယ်ဆိုတာလေ။ အိုင်ကတော့ ယူကို တကယ်ပိပိပြားပြား ချွေးမလေး ရစေချင်လို့ပါ
”
အဲဒီစကားကို အန်တီနုပါးစပ်က ထွက်လာချိန်မှာ ကိုလေး
အိမ်ထောင်ကျပြီးပြီ။ သူတွဲလာတဲ့ အများကြီးတွေထဲက တယောက်မှမရွေးဘဲ အန်တီနု ရွေးချယ်တဲ့
‘ဘယ်သူ့မြေးလေ’လို့ ပြောရင် အသိအမှတ်ပြုရတဲ့ အလေးထားရတဲ့ တယောက်ကို တချက်မှ မတုံ့ဆိုင်းဘဲ
လက်ခံခဲ့ပါတယ်။ စပ်တူလုပ်တဲ့ ကုမ္ပဏီကို ကိုလေး ဦးဆောင်လည်ပတ်နေပြီး တန်ဘိုးက တော်တော်မြင့်လာတော့
ကိုမြတ်တို့ရှယ်ယာကို ပြန်အမ်းရင် ငွေသား အတော်ပြန်ထုတ်ပေးရမယ့် အချိန်ဖြစ်နေပြီ။ ကိုလေးလည်း
သူ့မိန်းမနောက်ကွယ်မှာ နည်းနည်းမူးလာတာနဲ့ “မချစ်တဲ့လူကို ယူလိုက်တာ ငါ မှားသွားတယ်မိသက်ရ”
လို့ ဗလုံးဗထွေး ပြောတတ်နေပြီ။ ကျွန်မက ကျောင်းမှာ ဆရာမ ပြန်လုပ်နေချိန်ဖြစ်ပြီး ကိုမြတ်က
သူ့ နောက်ဆုံးတယောက်နဲ့ ပြတ်နေချိန်ပါ။
‘အကိုကြီးနဲ့ မမက သမီးအတွက် စီစဉ်နေတာ သူတို့စေတနာကို
သိပြီး စကားနားထောင်ပါ’ လို့ အမေ လေသံပစ်တယ်။ အမှတ်မဲ့ သရော်ပြုံး ပြုံးမိပါတယ်။ ကျွန်မ
နားမထောင်နိုင်ပါဘူး။ အပြောင်အနောက်လိုလိုနဲ့ အတည်ဖြစ်လာတော့ ကျွန်မ ငြင်းပါတယ်။ သေသေချာချာကြီးကို
ငြင်းတာပါ။ အန်တီနုက ‘မိသက် တော်တော်အမြင်မရှိတာပဲ’ လို့ အပြစ်တင်ပါတယ်။ ဘဘက ခေါင်းခါရုံပါပဲ။
ဘာမှထပ်မပြောပါဘူး။ မကြီးက ‘မိသက် ကိုယ်ပိုင်ဆုံးဖြတ်ချက်ပဲ။ မကြီး နားလည်တယ်’ လို့သာ
မှတ်ချက်ပြုတယ်။ အားလုံးအထဲမှာ အပေါက်ကွဲဆုံးက ကိုလေးဘဲ။ နှစ်ချက်တောင် အတီးခံလိုက်ရပါသေးတယ်။
သူက ကိုမြတ်ကို တော်တော်ခင်မင်သူဖြစ်ပြီး အနိုင်ကျင့်တတ်၊ အဖက်မတန် နှိမ်တတ်ပေမယ့်
တခြားသူနဲ့စာရင် သူ့နှမ ဖြစ်ပေတာကိုး။
“နင်က ဘာကိစ္စနဲ့ ငြင်းရတာလဲ။ လူကြီးတွေက ကောင်းဖို့
စီစဉ်တာကို။ ဘာလဲ တွဲနေတာရှိလို့လား။ ငါ သိသလောက် မရှိဘူး မဟုတ်လား။ ရှိလဲ ဖြတ် …”
ကိုလေး အော်ဟစ်နေတာကို မြင်တော့ အသံထွက်တောင်
ရယ်ချင်တာ။ ထပ်တီးခံရမှာစိုးလို့သာ မျက်နှာသေနဲ့ ငြိမ်နေလိုက်ရတယ်။ ပုံစံချ သတ်မှတ်ထားတဲ့
ဘ၀မှာ သူ နေနိုင်သော်လည်း ကျွန်မ မနေနိုင်ဘူးလို့ ရှင်းပြရင် ‘ကြီးကျယ် လှချည်လား။
နင်က ဘာကောင်မမို့လို့လဲ’ ပြောမှာ အသေအချာပဲ။
ကိုမြတ်နဲ့တွေ့တော့ “သက်သက် ဘာဖြစ်လို့လဲ” မေးပါတယ်။
အထက်တန်းကျတဲ့ မျိုးရိုးကောင်းတဲ့ ချိုသာတဲ့ စကားဆိုတတ်သူက သူ့မာမီ စကား နားထောင်မယ့်လူ
ဖြစ်ပါသတဲ့။ အပေါ်ယံ အမူအကျင့်သာ ကွဲလွဲလိမ့်မယ်။ သတ်မှတ်ပုံစံမှာ အသားကျနေတဲ့ ပုံက
သူတို့ သူငယ်ချင်းတွေ တပုံစံထဲပါပဲ။
“ထူးထွေမရှိဘူး ကိုမြတ်။ ကိုမြတ်ကို မိသက်ရဲ့
ဘ၀အဖော်အဖြစ် စဉ်းစားလို့မရလို့ပါ”
ကိုမြတ်ကို နှစ်လိုစိတ်၊ ခင်မင်စိတ် ရှိပါတယ်။
ငယ်ကတည်းက ပါပဲ။ နှစ်လိုစိတ်သည် နှစ်လိုစိတ်အဖြစ်သာရှိပြီး၊ နှစ်လိုသူဖြစ်တာနဲ့ လူကြီး
စီမံရာ ခေါင်းညိတ်တတ်သူမှ ကျွန်မက မဟုတ်တာ။ တနေ့ ကိုလေးလို မူးမူးနဲ့ မိသက်ကို မချစ်ဘဲ
ယူလိုက်ရတာလို့ ကျွန်မကွယ်ရာ ပြောချင်ပြောနေဦးမှာလို့ တွေးမိသေးတယ်။
အဓိက အချက်တခု ရှိပါသေးတယ်။ သူ့မာမီကို ကျွန်မ
ရိုကျိုးရသလို ကျွန်မရဲ့ အဖေနဲ့အမေကို ကိုမြတ်မို့လို့ ရိုသေစေဦးတော့ တန်းတူ မရှိပါဘူး။
လယ်ယာဧကများစွာနဲ့ ငွေကြေးဖူလုံပြည့်စုံပေမယ့် ကျွန်မအဖေကို ဘဘနဲ့တန်းတူ ကိုမြတ်မာမီက
အလေးမထားနိုင်ပါဘူး။ သူ့ကိုလည်း အပြစ် မဆိုသာဘူး။ သက်သက်ကို ချွေးမအဖြစ် လျာထားကြည့်တာတောင်
လွန်လှပြီဆိုတဲ့ အနေအထားကိုး။ ကျွန်မအမေ ချက်လာမယ့် ငါးပိကြော်ကို ယဉ်လိုက်တာလို့ အပြောခံရရင်
အမေ ဘယ်လိုနေမလဲတွေးပြီး ပြုံးမိပါတယ်။
***
“ကိုလေး… အိမ်က လာကြိုနေပြီ၊ မိသက်ပြန်ပြီ။ ကိုမြတ်ရေ…
ပြန်တွေ့ရတာ ၀မ်းသာတယ်။ နောက်တခါဆို အမျိုးသမီးကိုပါ ခေါ်ခဲ့ပါဦး။ မြန်မာပြည် ရောက်ဖူးတာပေါ့
”
ကိုမြတ်က ထ လာပြီး ကျွန်မ့လက်ကို အကြာကြီး ကိုင်ထားကာ
ပြုံးတယ်။
‘သက်သက် လူကြီးလေးဖြစ်နေပြီ။ ကြည့်ရတာ စိတ်ချမ်းမြေ့ပုံရတယ်။
ငယ်ငယ်ကရုပ်အတိုင်းပဲ’ လို့ ဆိုပါတယ်။ ကားပေါ်က ဆင်းလာတဲ့ ခင်ပွန်းသည်ကို ကိုမြတ်တို့
ကိုဝက်ကြီးတို့နဲ့ မိတ်ဆက်ပေးရတယ်။ အစကတည်းက ခေါ်လာခဲ့ရမှာလို့ ကိုမြတ်က အပြစ်တင်နေလို့
‘သူ့ ပွဲရုံကိစ္စတွေ၊ ပဲတင်တဲ့ကိစ္စတွေနဲ့ မအားလို့ပါ ကိုမြတ်… မဟုတ်ရင် လိုက်လာပါတယ်’
လို့ ၀င်ဖြေရတယ်။ ခင်ပွန်းဖြစ်သူက “မင်းအမျိုးတွေ ဟန်များလွန်းတယ်။ အနေကြပ်တယ်” ဆိုကာ
ဒီအိမ်မှာ လုပ်တဲ့ပွဲဆိုရင် တော်ရုံနဲ့ လိုက်မလာတတ်ဘူး။ ကားပေါ်ရောက်မှ …
“မင်းတို့ပွဲကလည်း နောက်ကျလိုက်တာ။ ကို နက်ဖြန်
ရွာရောက်မှာ။ အိမ်ကို ဘာတွေ ထည့်ပေးမလဲ မေးဖို့ စောင့်နေတာ၊ ပြန်မလာနိုင်တာနဲ့ လိုက်လာရတယ်”
“မြို့ပေါ်က ဒိုင်မှာ စာရင်းရှင်းရုံပဲဆို။ နေ့ချင်းပြန်လာလို့
ရသားပဲဟာ။ ဘာလို့လဲ။ ရွာမှာ ညအိပ်စရာ ကိစ္စရှိလို့လား။”
“ရှိပါဘူးကွာ။ ယောက္ခမကြီးနဲ့ လေပစ်ပြီး အမေ့
လက်ရာလေး စားချင်လို့ပါ။ ညအိပ်မယ်လေ။ လိုက်ခဲ့ပါလား။ သားကတော့ အထုပ်တောင်ပြင်ပြီးပြီကွ။
သူ့အဘွားဆီကိုလည်း ဖုန်းဆက်ထားပြီးပြီ”
ကျွန်မ ဟက်ဟက်ပက်ပက် ရယ်မိတယ်။ အဖေနဲ့ သူ့သားမက်
စက်ဆင်ပြီး ရွာက မိုက်ခဲတွေကို တညလုံး သီချင်းခေါ်ဆိုခိုင်းမှာ မြင်ယောင်မိလို့ပါ။ မင်္ဂလာဆောင်တုန်းက
နှစ်ရက်ဆက်တိုက် လုပ်ခဲ့ကြပြီးပြီလေ။ အဖေဆိုရင် သားမက်နဲ့ မိုက်လု ဆိုရတာကို အခုထိ
ပြောလို့ မဆုံးနိုင်သေးဘူး။ ရွာမှာ ညအိပ်တိုင်း သူတို့ စီစဉ်ကြစမြဲ။ ကျွန်မက ကျောင်းတဖက်နဲ့မို့
ခဏခဏ မရောက်ဖြစ်ပေမယ့် ခင်ပွန်းသည်က စီးပွားရေးအရပါ ရွာနဲ့ အဆက်အစပ် ရှိလေတော့ ကိုယ်ထက်တောင်
ရင်းချာသေးတယ်။
“ လိုက်ခဲ့မယ်လေ နေ့လယ်မှ သွားရင်ရမလား။ မနက်ပိုင်း
စာသင်ချိန် တချိန် အတန်းရှိသေးတယ်”
ခုလောက်ဆို အမေကတော့ အိမ်တိုင် ရွာရောက် လာစားတဲ့
သူ့သားမက်အတွက် ငါးခြောက်ထောင်းကြော် ကြော်နေတော့မယ်။
မြယာ