Wednesday, June 13, 2012

နိုင်ငံဖွံ့ဖြိုးရေးနှင့် သမိုင်းသင်ကြားရေး


 သမိုင်းပညာရှင် နီးလ်ဖာဂူဆန် (Niall Ferguson) ရဲ့ စာအုပ်အသစ် Civilization အလိုအရ ကမ္ဘာ့သမိုင်းမှာ အနောက်ကမ္ဘာက အရှေ့ကမ္ဘာထက် သာသွားရတဲ့ အဓိက အကြောင်းအရင်းက အင်စတီကျူးရှင်းတွေကြောင့်လို့ အတိအလင်းဖော်ပြရင်း အကြောင်းရင်း (၆) ချက်ကို ဆွဲထုတ်ပြပါတယ်။

၁။       အပြိုင်အဆိုင်ဓလေ့ - ဥရောပရဲ့ ထီးပြိုင်နန်းပြိုင်အခြေအနေကြောင့် ဥရောပသားတွေကြားမှာ တနယ်တကျေးမှာ အခွင့်အလမ်းတွေကို အပြိုင်အဆိုင်ရှာဖွေဖို့ ဖြစ်လာခဲ့တယ်။ ပင်လယ်ရပ်ခြား ကုန်သွယ်ရေးကို အကြောင်းပြုလို့ ဖွံ့ဖြိုးလာခဲ့တယ်။ (အဲဒီအချိန်မှာ နဂိုက တိုးတက်နေတဲ့ အရှေ့တရုတ်ပြည်ဟာ တခါးပိတ်စီးပွားရေးစနစ် ကျင့်သုံးရင်းနဲ့ ဖွံ့ဖြိုးမှု ရပ်တန့်နေခဲ့တယ်)။

၂။   သိပ္ပံပညာတိုးတက်လာမှု - ၁၆ နဲ့ ၁၇ ရာစုတွေမှာ ဥရောပမှာ သိပ္ပံပညာတိုးတက် ကျယ်ပြန့်လာသလောက် သတင်းအချက်တွေလည်း လွတ်လပ်စွာ ခွင့်ပြုထားခဲ့တယ်။ သိပ္ပံပညာရဲ့ ကျေးဇူးကြောင့် တခြားကဏ္ဍတွေမှာ တိုးတက်လာသလိုပဲ လက်နက်တွေမှာလည်း ခေတ်မှီလာခဲ့ပါတယ်။ (အဲဒီအချိန်မှာ အရှေ့က ဖွံ့ဖြိုးပြီးသား မွတ်စလင်နိုင်ငံတွေမှာ လွတ်လပ်စွာ သတင်းအချက်အလက် စီးဆင်းခွင့်ကို ပိတ်ပင်ထားခဲ့ရင်း ခေတ်နောက်ကျခဲ့တယ်)။

၃။    ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်ကို ဥပဒေအရ အကာအကွယ်ပေးထားမှု - တရားဥပဒေစိုးမိုးမှုနဲ့ ဒီမိုကရေစီက အကာအကွယ်ပေးထားတဲ့စနစ် ဖြစ်ပါတယ်။ မြောက်အမေရိကမှာ ရှိခဲ့တဲ့ ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးမှုနဲ့ ပစ္စည်းပိုင်ဆိုင်ခွင့်ကို ကျင့်သုံးခဲ့တဲ့ အင်္ဂလိပ် အင်ပါယာဟာ တောင်အမေရိကမှာရှိတဲ့ အာဏာပိုင်စနစ်နဲ့ ပစ္စည်းပိုင်ဆိုင်ခွင့်ကို အားပေးတဲ့ စပိန်အင်ပါယာထက် အောင်မြင်ခဲ့တယ်။

၎။   ဆေးသိပ္ပံပညာတိုးတက်မှု - ၁၉ နဲ့ ၂၀ ရာစုမှာ ဆေးပညာ အလွန်အမင်း တိုးတက်လာတဲ့ အခြေအနေက အင်ပါယာ ထူထောင်ရေးအတွက် အဓိက အားကိုးအားထားစရာ ဖြစ်ခဲ့တယ်။

၅။  ဈေးကွက်ဝါဒနှင့် စားသုံးသူဝါဒ ထွန်းကားလာမှု - ၁၈နဲ့ ၁၉ ရာစု အင်္ဂလန်မှာ စက်မှုတော်လှန်ရေးက ဈေးကွက်ဝါဒနဲ့ စားသုံးသူဝါဒဟာ တားဆီးမရတော့ဘဲ ကမ္ဘာတလွှား ပြန့်နှံ့သွားခဲ့တယ်။

၆။   အလုပ်ကြိုးစားမှု - ခရစ်ယာန်ဘာသာတရားမှာ ဂိုဏ်းကွဲတခုဖြစ်တဲ့ ပိုရိုတက်စတင့်ဝါဒ ဟာ အလုပ်ကြိုးစားမှုကို အားပေးပါတယ်။ ပိုပြီး စိတ်ဝင်စားစရာကောင်းတာက တရုတ်ပြည် တိုးတက်ရတဲ့ အကြောင်းရင်းထဲမှာ ပရိုတက်စတင့် အယူဝါဒ ပျံ့နှံ့မှုကလည်း အကြောင်းတရားတခုအဖြစ် ဆိုထားတာပါ။

တကယ်တမ်း ၁၅ ရာစုမှာ ကမ္ဘာ့အရှေ့ခြမ်းဟာ ဥရောပထက် ယဉ်ကျေးမှုအရ ရှေ့တန်းရောက်ခဲ့ပါတယ်။ ကမ္ဘာ့အကြီးဆုံး မြို့ပြဟာ အာရှက တရုတ်ပြည်မှာရှိခဲ့ပြီး၊ အဲဒီအချိန်တုန်းက အကြီးဆုံး မြို့ ၁၀ မြို့ကို လက်ချိုးရေကြည့်လိုက်ရင် ဥရောပမှာ ပြင်သစ်ရဲ့ ပါရီမြို့က လွဲလို့ ကျန်မြို့တွေ အားလုံးဟာ အာရှကချည်း ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ၁၉၀၀ ပြည့်လွန်နှစ်တွေမှာတော့ ကမ္ဘာ့အကြီးဆုံး မြို့ပြ ၁၀ ခုကို ပြန်ရေတွက်ကြည့်တဲ့ အခါမှာ အာရှက (ဂျပန်က) တိုကျို မြို့တမြို့ပဲ စာရင်းမှာပါပြီး ကျန်အားလုံးဟာ အနောက်က မြို့ပြတွေ ဖြစ်ကုန်ပါတယ်။ 

ဒီလိုဖြစ်သွားအောင် အထက်က ၆ ချက်က အခြေအနေတွေ ကို ပြောင်းပြန်လှန်ပစ်လိုက်တာ ဖြစ်ပါတယ်။ နောက် စိတ်ဝင်စားစရာကောင်းတဲ့ အချက်က အဲဒီအချိန်က အာရှက တခုတည်းသော အင်အားကြီးနိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံ တိုးတက်နေရတဲ့ အကြောင်းက အနောက်ရဲ့ အင်စတီကျူးရှင်းမော်ဒယ်တွေကို အဲဒီကတည်းက ပုံတူကူးချခဲ့တာကြောင့်လို ဆိုတာပါ။ သူ့စကားအတိုင်းဆိုရရင် ဂျပန်ဟာ အနောက်တိုင်းရဲ့ Application တွေကို Download ဆွဲချခဲ့တယ်။
အခုလက်ရှိ အာရှမှာ ဖွံ့ဖြိုးတိုးတက်နေပါတယ်ဆိုတဲ့ နိုင်ငံတိုင်းဟာလည်း အနောက်ရဲ့ ဖွံ့ဖြိုးရေး မော်ဒယ်တွေ (အင်စတီကျူးရှင်းတွေကို) အနည်းနဲ့ အများ ပုံတူကူးရင်း ရလာတဲ့ အကျိုးကျေးဇူးတွေလို့ ဆိုပါတယ်။

ဒီနေရာမှာ တချက်ထောက်ပြတာက ဘယ်လို ယဉ်ကျေးမှုမှာမဆို အင်စတီကျူးရှင်း ကောင်းကောင်းနဲ့ ဆိုရင် ဖွံ့ဖြိုးနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။ ၂၀ ရာစုမှာပဲ ဆန့်ကျင်ဘက် အင်စတီကျူးရှင်းတွေနဲ့ လက်တွေ့စခန်းသွားခဲ့တဲ့ တောင်နဲ့ မြောက်ကိုရီးယား၊ အရှေ့နဲ့အနောက် ဂျာမနီ၊ တရုတ်ပြည်မှာ ပြည်မနဲ့ အပြင်ဘက်မှာ အခြေအနေတွေကို ဥပမာ ပေးထားပါတယ်။
ယဉ်ကျေးမှုအရ အနည်းနဲ့ အများတူတဲ့ လူ့အဖွဲ့အစည်းတခုမှာ တခြမ်းကို ကွန်မြူနစ်စနစ် ချပေးပြီး၊ နောက်တခြမ်းကို အရင်းရှင် စနစ်ချပေးလိုက်ရင် မတူတဲ့ ရလဒ်တွေ ဖြစ်ပေါ်လာနိုင်တာကို ထောက်ပြထားပါတယ်။

Civilizationဟာ အနောက်တိုင်းသားသမိုင်းဆရာ တယောက်က အနောက်က ရွှေထီးဆောင်းခဲ့တဲ့ အတိတ် သမိုင်းကို ပြန်တူးဆွပြီး အနောက်ကမ္ဘာရဲ့ ကျဆုံးခန်းအပေါ် စိုးရိမ်သောကနဲ့ လူငယ်မျိုးဆက်သစ်တွေကို လှုပ်နှိုးဖို့ ကြိုးစားတဲ့ စာအုပ်လို့ ယူဆရပါတယ်။ မျိုးဆက်သစ်တွေ သမိုင်းကို လေးလေးနက်နက် သင်ဖို့ အရေးတကြီး တိုက်တွန်းထားပါတယ်။
လွန်ခဲ့တဲ့ နှစ် ၅၀၀ လုံးလုံး အနောက်ဟာ အထက်က အားကောင်းချက်တွေနဲ့ ကမ္ဘာကြီးကို စိုးမိုးခဲ့သလို၊ အခုအချိန်မှာ အဲဒီ အားကောင်းချက်တချို့က အရှေ့ခြမ်းက ပုံတူ ကူးချပြီး ထပ်ကျပ်မခွာ နောက်က လိုက်လာကြတဲ့အချိန်မျိုးမှာ အနောက်ကတော့ ဒါတွေကို တန်ဖိုးထားရ ကောင်းမှန်း မသိဖြစ်နေတယ်လို့ဆိုထားပါတယ်။

အဲဒီကနေ အမြဲတမ်း ခေတ်နောက်ကျတတ်တဲ့ အရှေ့တိုင်းက မြန်မာပြည်အတွက် တွေးစရာတချို့ ရလာပါတယ်။ နီးလ်ဖာဂူဆန်ရဲ့ အောင်မြင်ခြင်းအကြောင်း (၆) ချက်ကို မြန်မာ့နိုင်ငံရေးဓလေ့၊ ယဉ်ကျေးမှုဓလေ့အပေါ် တင်ကြည့်ပါတယ်။
ဥရောပမှာ ၁၆ ရာစုကနေ ၁၉ ရာစုအထိ အချိန်ဟာ မြန်မာပြည်မှာ ဘုရင့်နောင်ရဲ့ ဒုတိယမြန်မာနိုင်ငံတော်နဲ့ အလောင်းမင်းတရားရဲ့ တတိယ မြန်မာနိုင်ငံတော် ခေတ်တို့နဲ့ ခေတ်ပြိုင်ဖြစ်ဖို့ များပါတယ်။ ဒီနိုင်ငံတော်တွေဟာ သူ့ခေတ်နဲ့ သူအလျှောက် ကျယ်ဝန်းတဲ့ အင်ပါယာတွေ (ထိုင်းနဲ့ မလေးရှားအထိလို့ အဆိုရှိပါတယ်) လက်နက်လက်နိုင်ငံတော်တွေ ဖြစ်ပါလိမ့်မယ်။ (နံပါတ် ၂)

ဒါပေမယ့် ဖာဂူဆန် ထောက်ပြတဲ့ နိုင်ငံတည်ဆောက်ရေး တခြား Application တွေဖြစ်တဲ့ အပြိုင်အဆိုင်စိတ်ဓာတ်၊ သို့မဟုတ် အန်တြာပရာနော် စိတ်ဓာတ် (သို့) စွန့်ဦးတီထွင်စိတ်ဓာတ်၊ ဈေးကွက်စီးပွားရေး၊ သိပ္ပံပညာ၊ တရားဥပဒေ စိုးမိုးရေး၊ ဒီမိုကရေစီ အင်စတီကျူးရှင်းတွေတော့ ထွန်းကားခဲ့ပုံ မရပါဘူး။ ဒါကြောင့် နောက်ဆုံးမှာ အင်္ဂလိပ်ကိုလိုနီဘ၀ကို ရောက်ခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။ နံပါတ် (၆) နဲ့ပတ်သက်လို့တော့ မြန်မာပြည်မှာ အများစု ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာက အလုပ်ကြိုးစားတာကို အားပေးတာထက် ရသမျှနဲ့ တင်းတိမ်ရောင့်ရဲဖို့ ဆုံးမတဲ့ ဘာသာတရားဖြစ်ဖို့ များပါတယ်လို့ ယူဆပါတယ်။

ဒါကြောင့် မြန်မာ့သမိုင်းကနေ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် ဘယ်လို Application မျိုးကို Download ယူလို့ ရမလဲလို့ စဉ်းစားကြည့်တဲ့အခါမှာ အတော်လေး အားငယ်စရာကောင်းလှပါတယ်။ ဆိုလိုတာက မြန်မာဘုရင်တွေရဲ့ နိုင်ငံတော်တွေ Civilization ထဲကနေ အားကိုး အားထားပြုလောက်တဲ့ ဖွံ့ဖြိုးရေးမော်ဒယ်ဆိုတာ မရှိပါဘူး။
ရှိတယ်ဆိုရင် အကိုးအကားနဲ့ ထောက်ပြရင် အနာဂတ် နိုင်ငံတည်ဆောက်ရေးအတွက် အကျိုးရှိမှာပါပဲ။ ဒီလိုမဟုတ်ဘဲ မရှိကို အရှိလုပ်ပြီး၊ (နေပြည်တော်က ရုပ်ထုလိုမျိုးတွေထုပြီး) ကြံဖန်ဂုဏ်ယူ၊ ကိုလိုနီစနစ်နယ်ချဲ့ကို လက်ငြိုးထိုး အပြစ်ဖို့ရုံလောက်နဲ့တော့ တိုင်းပြည် တည်ဆောက်ရေးအတွက် အကျိုးမများ လှပါဘူး။ ဒီလိုပဲ ဗုဒ္ဓဘာသာမှာလည်း ဖွံ့ဖြိုးရေးအတွက် အထောက်အပံ့တွေ ရှိမယ်ဆိုရင် ဆရာတော်သံဃာတော်တွေ က ဖော်ထုတ် ဟောကြားပေးဖို့ ကောင်းတယ်လို့ တွေးမိပါတယ်။

ဒီနေရာမှာ အားတက်စရာလိုပဲ ဆိုဆို၊ စိတ်မကောင်းစရာပဲဖြစ်ဖြစ် ပြောစရာ တချက်တော့ ရှိပါတယ်။ မကြာခင်တုန်းပဲ တရုတ်နိုင်ငံ ဆင်ဝှါတက္ကသိုလ်က သမိုင်း ပါမောက္ခ Qin Huiက မြန်မာပြည်ဟာ စစ်အာဏာရှင်တွေ ဘယ်လောက်ပဲ သက်ဆိုးရှည်ခဲ့တယ် ဆိုပေမယ့် အရှေ့တိုင်းထက် အနောက်တိုင်း အတွေးအခေါ်တွေလွှမ်းမိုးနေတဲ့ လူ့အဖွဲ့အစည်း လို့ ထောက်ပြထားပါတယ်။
လွတ်လပ်ရေးရပြီးစကနေ ၁၉၆၂ ခုနှစ်အထိ ပါလီမန် ဒီမိုကရေစီစနစ် ကျင့်သုံးခဲ့တာ၊ ၁၉၈၈ ဒီမိုကရေစီတောင်းဆိုတဲ့ အရေးတော်ပုံကြီးနဲ့ ၁၉၉၀ အတိတ်ကို လွမ်းစိတ်နဲ့ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်မယ့် ပါတီကို တခဲနက် မဲပေးလိုက်တာတွေကို သူက ထောက်ပြပါတယ်။

ဒီအချက်အရဆိုရင် မြန်မာပြည်အတွက် ဖွံ့ဖြိုးရေးမော်ဒယ်ဟာ ကိုလိုနီခေတ်ကတည်းက အင်္ဂလိပ်ဆီကနေ အကန့်အသတ်နဲ့ ရထားပြီး ဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေးကြောင့် အဆက်ပြတ်ခဲ့တယ်ပဲ ဆိုဆို ခေတ်သစ် ဖွံ့ဖြိုးရေး Application တွေဟာ ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေး ယဉ်ကျေးမှု (Civilization) နဲ့ အစိမ်းသက်သက်တော့လည်း မဟုတ်ပါဘူး။

Civilization စာအုပ်ဟာ အနောက်တိုင်းသား သမိုင်းဆရာ နီးလ်ဖာဂူဆန် က အနောက်က လက်ရည်နိမ့်နေတဲ့ အချိန်ကိုက်ပြီး တချိန်က ဘယ်လိုနည်းတွေသုံးပြီး ကမ္ဘာကြီးကို လွှမ်းမိုးခဲ့သလဲဆိုတာကို မီးမောင်းထိုးပြရင်း သမိုင်းကို လေးလေးနက်နက် သင်ဖို့ မျိုးဆက်သစ်တွေကို တိုက်တွန်းထားတဲ့ စာအုပ်ပါပဲ။  

ဒီကနေ စဉ်းစားမိတာက ကျနော်တို့ ဆီမှာလည်း သမိုင်းလိမ်တွေမဟုတ်ဘဲ၊ သမိုင်းအမှန်အတိုင်း၊ အတိတ်ကနေ ဒီနေ့အထိ မြန်မာတွေ ဘာလို့ ကျဆုံး နေရသလဲဆိုတာကို သင်ခန်းစာယူနိုင်မယ့် သမိုင်းသင်ကြားရေးမျိုး လိုအပ်နေပါတယ်။ ဒါမှ အနာဂတ် တိုင်းပြည်တည်ဆောက်ရေးအတွက် အကျိုးများမယ့် သမိုင်းသင်ကြားရေး ဖြစ်မယ်လို့ တွေးမိပါတယ်။
နေသွင်
ဒီနေရာ က ကူးယူဖော်ပြပါတယ်။

Monday, June 11, 2012

အင်္ဂလိပ်စကားပြောပိုကောင်းစေရန်နည်းလမ်းများ (အပိုင်း-၂)


အရင်တစ်ပတ်က နည်းလမ်းတစ်ချို့ရေးခဲ့ပါတယ်။ post တစ်ခုတည်းအပြတ်ရေးဖို့ မအားတာက တစ်ကြောင်း၊ မိမိအပျင်းနည်းနည်းထူတာက တစ်ကြောင်း၊ အင်တာနက်ဆိုင် မရောက်ဖြစ်တာက တစ်ကြောင်း ၊ ရောက်ပြန်တော့ connection မကောင်းတာက တစ်ကြောင်း၊... အကြောင်းတွေ များလွန်းလို့ ကျွန်တော်လည်း typical Myanmar တစ်ယောက်ဖြစ်သွားခဲ့ပါတယ်။ ဒီ post မှာတော့ အရင်တစ်ခေါက်က ကျန်ခဲ့တဲ့အကြောင်းအရာလေးတွေကိုတင်ပြပါ့မယ်။

ဝေါဟာရအရေးအကြီးဆုံး
Linguistic လို့ခေါ်တဲ့ သိပ္ပံပညာကို ကိုးကားပြီးပြောရမယ်ဆိုရင်တော့ ဘာသာစကား တစ်ခုဟာ အသံတွေနဲ့ဖွဲ့စည်းထားပါတယ်။ ၄င်းအသံတွေကို မှ အက္ခရာ (character) များနဲ့ ကိုယ်စားပြုဖော်ပြပြီး အဓိပ္ပါယ်ရှိတဲ့ အသံအစုအဖွဲ့တစ်ခုကို ဝေါဟာရ ဟု ရည်ညွှန်းကြ ပါတယ်။ ဒီတော့ ဘာသာစကားကို လေ့လာခြင်းဟာ အခြေခံအားဖြင့် အသံတွေကို မှတ်မိခြင်းနှင့် ပြန်လည် အသံထွက်ခြင်း၊ တစ်နည်းမဟုတ် ဝေါဟာရတွေကိုမှတ်မိခြင်းနှင့် ပြန်လည် သီကုံး ဖွဲ့နွဲ့ခြင်း ဟုဆိုချင်ပါတယ်။

အပိုင်း-၁ တွင် ဘာသာစကား ပြောရခြင်း၏အဓိကရည်ရွယ်ချက်မှာ ဆက်သွယ်မှု ပြုရန် ဟု တင်ပြခဲ့ပါသည်။ ၄င်းသည် အခြေခံအချက်သာဖြစ်သည်ကို မမေ့သင့်ပါ။ ဘာသာစကား သုံးရခြင်းတွင် တခြားရည်ရွယ်ချက်များစွာလည်း ရှိပါသေးသည်။
ဥပမာ - မကြာသေးခင်ကမှ ရင်းနှီးသွားကြသော ကောင်မလေးက ကောင်လေးကို “သူ့မှာ စိတ်ပူရမယ့်သူရှိလို့လား” ဟု မေးလိုက်ခြင်းသည် ဘာကို ဆိုလိုကြောင်း မြန်မာစကား ပြောတတ်သူတိုင်း သိကြမှာမလွဲပါ။ စကားပရိယာယ် ဆိုသည့်အတိုင်း မိမိပြောချင်တာကို ထိထိမိမိရှိဖို့ စကားလုံးရွေးချယ်မှု မှန်ကန်ရပါမည်။ ကိုယ်လိုရင်းကိုပြောနိုင်ဖို့ ဝေါဟာရကြွယ်ဝမှုရှိရပါမည်။ အောက်ပါဝါကျများမှာ အခြေခံဆိုလိုရင်း တူညီသော်လည်း ပြောသူ၏ခံစားချက် ကို ဖော်ပြနိုင်မှု ကွာခြားကြပါသည်။

ဘာသာစကားလေ့လာခြင်းကို ကြိုက်သည်။
I like learning languages.

ဘာသာစကားလေ့လာဖို့ စိတ်ဝင်စားသည်။
I am interested in learning languages.

ဘာသာစကားလေ့လာခြင်းကို စိတ်အားထက်သန်သည်။
I am keen on learning languages.

ဘာသာစကားလေ့လာခြင်းကို ရူးသွပ်သည်။
I am crazy about learning languages.

ကိုယ့်မှာ ဝေါဟာရမကြွယ်ဝပါက ကိုယ်ပြောချင်သည့်အဓိပ္ပါယ်ရောက်ဖို့ မလွယ်ကူပါ။ ထို့ကြောင့် ဝေါဟာရကြွယ်ဝနေစေရန် နည်းလမ်းမျိုးစုံဖြင့် စုဆောင်းလေ့လာသင့်ပါသည်။ ဒါပေမယ့် ကိုယ့်မှာပြောချင်တဲ့ စကားလုံးရှာမရလျှင်ကော ဘယ်လိုနည်းလမ်းတွေရှိပါသလဲ။

ကိုယ်ပြောချင်တဲ့စကားလုံးကို အဓိပ္ပါယ်ဖွင့်ဆိုနည်းသုံးပါ။ (Paraphrasing)

ဆိုကြပါဆို့။ ကျွန်တော်တို့ ဗမာစကားပြောရာမှာ “ဆင်” ဆိုတဲ့စကားလုံးကို သင်မသိလျှင်ကော၊ “အကောင်အကြီးကြီးဗျာ၊ နားရွက်ကြီးကြီး၊ နှာမောင်းရှည်ရှည်နဲ့၊ အစွယ်လည်းရှိတယ်၊ သစ်ဆွဲရာမှသုံးတယ်“ လို့ပြောလိုက်ရင် တစ်ဖက်သား နားမလည်နိုင်ဘူးလား။ ဒီတော့ သူက “ဆင်” လို့ခေါ်ကြောင်း ကိုယ့်ကို မပြောနိုင်ဘူးလား။ ဒီဥပမာက လွယ်လွန်းလို့ သတိမထားမိ ကြတာပါ။ ထို့အတူ အင်္ဂလိပ်စကားပြောတဲ့အခါမှာ “elephant” ဆိုတဲ့စကားလုံးကို မသိရင် ကောဒီနည်း လမ်းကိုအသုံးပြုနိုင်ပါတယ်။ “Er... what do you call that animal? ... It’s big and grey. It has big ears, long nose and long teeth, used for pulling trees.” သဒ္ဒါနည်းအရ မှန်ချင်မှ မှန်ပေမယ့် တစ်ဖက်နားထောင်သူက ကိုယ်ဘာကို ဆိုလိုလဲဆိုတာ တန်းကနဲ သိသွား မှာမလွဲပါဘူး။ လက်ဟန်ခြေဟန်ကလေးပါပါရင်တော့ ပိုအဆင်ပြေပါလိမ့် မယ်။

နောက်တစ်မျိုးပြောင်းပြောပါ (start the sentence again)
စကားပြောနေရင်းနဲ့ ကိုယ်က စကားလုံးတစ်လုံးကိုမသိလို့ ရပ်လိုက်ရင် နားထောင်နေတဲ့သူက လည်းရပ်လိုက်ပါလိမ့်မယ်။ စဉ်းစားချိန်ရအောင် ဒီလိုလည်းလုပ်လို့ရပါသည်။ “ကျွန်တော် ဘာ ပြောနေပါလိမ့်” ‘What was I saying?”. နားထောင်နေသူက ကိုယ့်ထက် အင်္ဂလိပ်စာပိုတတ် သူဖြစ်နေပါက သူ့ရဲ့အကူအညီတောင်းနိုင်ပါတယ်။
“How can I say this?” တစ်ဖက်လူက မြန်မာလိုရော အင်္ဂလိပ်လိုပါ တတ်ကျွမ်းသူဖြစ်ပါက ဒီလို မေးနိုင်ပါတယ်။ “How do you say x x x in English?” တစ်ခါတစ်ရံ အင်္ဂလိပ်လို ရေးရာ၊ ပြောရာမှာ ကိုယ်ပြောချင်တဲ့ဝါကျက မှန်မမှန် မသေချာဘူးဆို လျှင် နောက်တစ်မျိုး ပြောင်းပြောတာ အကောင်းဆုံးပါ။

အင်္ဂလိပ်၊ အမေရိကန် လေသံနဲ့ပြောမှာလား၊ ငါးပိသံနဲ့ပြောမှာလား၊

သင် ကိုဖီအာနန် အင်္ဂလိပ်စကားပြောတာ၊ ဘန်ကီမွန်းအင်္ဂလိပ်စကားပြောတာ ကြားဖူး ပါသလား။ ကြားဖူးလျှင်တော့ ညံ့လိုက်တဲ့လူတွေကွာ။ အင်္ဂလိပ်စကားပြောတာ မပီကလာ ပီကလာနဲ့ လို့ ကဲ့ရဲ့မိမှာအမှန်ပါပဲ။ တကယ်တော့ သူတို့တွေဟာ လူညံ့တွေမဟုတ်ရုံမက ကမ္ဘာ့အတော်ဆုံး ပုဂ္ဂိုလ်များထဲအပါအ၀င်ပင်ဖြစ်ပါတယ်။ ဒါဆိုလျှင် ဘာတွေလွဲနေလဲ။ လွဲနေတာက ကျွန်တော်တို့ ခံယူထားသည့် ဘာသာစကားဆိုင်ရာ သဘောထားတစ်ချို့ပင် ဖြစ်ပါသည်။
များသောအားဖြင့် ကျွန်တော်တို့ အင်္ဂလိပ်စကားပြောလေ့ကျင့်ရာတွင် တကယ့် အင်္ဂလိပ်၊ အမေရိကန်လူမျိုးတို့ပြောသောလေသံအတိုင်း လိုက်၍ပြောတတ်ချင်ကြပါသည်။ ထိုအတိုင်း လည်း လေ့ကျင့်ကြပါသည်။ သူတို့အတိုင်းပြောနိုင်လျှင်တော့အကောင်းဆုံးပါ။ ဗမာစကား ပြောသူများအတွက် အင်္ဂလိပ်စာရှိ အသံထွက်အများစုသည် တုပပြောဆိုရန်မခက်လှပါ။ ဒါပေမယ့် တူချင်သူများအတွက် တမင်တကာ မတူတူအောင် လုပ်ကြံပြောဆိုပါက နားထောင် သူများအဖို့ နားခါးလှသည်ကို ကြုံဖူးကြပါလိမ့်မည်။ accent ဆိုတာကိုအလွယ်ဆုံး ဥပမာပြရရင် ကျွန်တော်တို့ ဗမာစကားကို ရခိုင်လူမျိုးကပြောတဲ့အခါ ရခိုင်သံဝဲ၀ဲနဲ့ပြောတယ်၊ ရှမ်းကလည်း ရှမ်းသံဝဲ၀ဲနဲ့ပြောတယ်၊ ကရင်ကလည်း ကရင်သံဝဲ၀ဲနဲ့ပြောတယ်။ သူတို့ရဲ့ စွဲမြဲ နေတဲ့ လေယူလေသိမ်း ကို accent လို့ခေါ်လို့ရနိုင်မယ်ထင်ပါတယ်။ pronunciation ကတော့ စာလုံး တစ်လုံးချင်းရဲ့ အသံထွက်မှန်ကန်မှု ကို ရည်ညွှန်းပါတယ်။ accent ကလူမျိုး၊ ဇာတိ ဂုဏ်ကို ပြဆိုပါတယ်။ ဒါကြောင့်မလို့လဲ ကိုဖီအာနန်တို့ ဘန်ကီမွန်းတို့ အာဖရိကန်လေသံ၊ ကိုရီးယားလေသံကို မစွန့်လွှတ်ပဲ မိမိလေယူလေသိမ်းအတိုင်းပြောကြတာပေါ့။ ကျွန်တော်တို့ ရဲ့ငါးပိသံက အာဖရိက ပြောင်းဖူးသံ၊ ကိုရီးယား ကင်မ်ချီ သံ ထက်တော့ အများကြီးသာပါတယ်။ ဒီတော့ ခင်ဗျားက အင်္ဂလိပ်၊ အမေရိကန် လေသံနဲ့ တူအောင် မပြောနိုင်ရင်လည်း ကိစ္စမရှိပါ။ အချိန်ဖြုန်းမနေပါနဲ့ တော့။ ငါးပိသံနဲ့ပဲ ဂုဏ်ယူစွာ အင်္ဂလိပ်စကားကို ရေရေ လည်လည် ပြောကြပါစို့။

အသံထွက်ကအရေးကြီး

အထက်မှာ လေယူလေသိမ်းအကြောင်းတင်ပြပြီးပါပြီ။ အသံထွက်ကတော့ ဘာသာစကား တစ်ခုရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းပါ။ ဘာကြောင့်လဲဆိုတော့ အသံထွက်မှားလျှင် အဓိပ္ပါယ်ကောက်ယူမှု လွဲသွားတတ်လို့ပါ။ သာမာန်စကား ပြောကြရာမှာတော့ အသံထွက်မှားသွားလျှင် သိပ်ပြဿနာ မရှိနိုင်ပေမယ့် အမှားမခံတဲ့ ကိစ္စတွေမှာ အင်မတန်အရေးကြီးပါတယ်။ ဥပမာအားဖြင့် အောက်ပါ ၀ါကျလေးနှစ်ခုကိုလေ့လာကြည့်ပါ။

”ဒါကျွန်တော့်အတွက်ဒီနေ့အဖို့နောက်ဆုံးအကြိမ်ပဲ။ ”
စာသင်သားအများစုကတော့ last time ကို “လတ်စ်တိုင်းမ်” လို့ ထွက်ကြတော့တာပဲ။ ဒီမှာတင် မျက်နှာပူစရာတွေဖြစ်တော့မှာပဲ။ အသံထွက်အမှန်က “လားစ်တိုင်းမ်” ဖြစ်ရမှာ။ အပြောခံရတဲ အင်္ဂလိပ်ကြီး ပြုံးစိစိနဲ့ အကြည့်ခံရတော့မယ်။ ပြောတဲ့သူက မိန်းကလေး၊ နားထောင်တဲ့ သူက ယောက်ျားလေးဆိုရင်. . .တွေးကြည့်ပေတော့။
“This is my last time for today.” ကနေ “This is my lust time for today.” ဖြစ်သွား ရောခင်ဗျာ။

အသံထွက်ဘာကြောင့်မှားသလဲဆိုတာကိုလေ့လာကြည့်တော့ အမှားကို လက်ဆင့်ကမ်းခဲ့ကြတာက တစ်ချက်ဖြစ်ပါတယ်။ ငယ်စဉ်ကျောင်းနေကတည်းက အလွယ်တကူ ထွက်ခဲ့ကြတဲ့ အသံက ကြီးလာတဲ့အထိစွဲသွားပါတယ်။ အဘိဓာန်မှာ အသံထွက် သင်္ကေတတွေကို ဖတ်တတ်တဲ့အချိန်အထိ မိမိကိုယ်ကိုယ်မှန်နေတုန်းပါပဲ။ သူများအသံထွက်အမှန်ကိုကြားရ ရင်လည်း သူ့အသံထွက်က မှားနေတယ်လို့ စိတ်ကထင်တယ်။
တစ်ယောက်နှင့်တစ်ယောက် ငြင်းကြ၊ ခုန်ကြ၊ မခံချင်လို့ အဘိဓါန်လှန်ကြည့်မှ ကိုယ်မှားမှန်းသိတာ မနည်းပါဘူး။ အောက်ပါစကားလုံးများကို ကျွန်တော်ပေးထားတဲ့ အတိုင်း အသံထွက်နေရင်တော့ အဘိဓါန် လှန်ကြည့်ပါတော့လို့တိုက်တွန်းပါရစေ။ မြန်မာအများစုထွက်တတ်တဲ့အသံတွေပါပဲ။အင်္ဂလိပ် တွေနားလည်မှာတော့မဟုတ်ပါဘူး။

Vinyl (ဗင်နိုင်းလ်)
quay (ကွေး) 
elite (အီလိုက်) 
war (၀ါး)
လေးစားစွာဖြင့်
ဇာနည်(MyWay!)

ဒီနေရာက ကူးယူ ဖော်ပြပါတယ်။

Saturday, June 9, 2012

အင်္ဂလိပ်စကားပြောပိုကောင်းစေရန်နည်းလမ်းများ (အပိုင်း-၁)


ယနေ့ခေတ်မှာ လူတိုင်းကိုမေးလိုက်။ ဘာလုပ်နေလဲ “အင်္ဂလိပ် စပီကင် တက်နေတယ်” ဟူသည့်အဖြေကို ညံညံစီစီ ကြားနေရသည်။ အင်္ဂလိပ်စာ၏အရေးကြီးပုံကို လူတိုင်း သဘောပေါက်နေကြပြီဖြစ်သည်။ တစ်ချိန်ကလို ကျွန်လုပ်ချင်သည့်သူများအတွက် စာနှင့် စကားဟု ယိုးစွပ်သည့်ခေတ်မဟုတ်တော့ပြီ။

သူသူငှာငှာ အင်္ဂလိပ်စကားပြောတတ်ချင် ကြသည်။ အင်္ဂလိပ်လို ဒွတ်ဒက်ရွှတ်ရှက် နှင့်ပြောနေ သူတစ်ယောက်ကို မြင်ရကြားရတိုင်း သူတို့လို ပြောတတ်ချင်စိတ်တွေ တဖွားဖွားပေါ်လာ တတ်ပါသည်။ ဒါကြောင့်လည်း ဟိုသင်တန်း ဒီသင် တန်းတွေကို ဈေးကြီးပေးပြီး တက်ကြ ပြန်သည်။ သင်တန်းတွေကလည်း သင်ပေးကြပါသည်။
ဒါပေမယ့် တကယ့်တစ်ကယ် မြို့ထဲမှာ တိုးရစ်တစ်ယောက်က ကိုယ့်ကို အိမ်သာ ဘယ်နေရာ မှာရှိသလဲလို့ လာလည်းမေးရော ရင်တွေတဒိန်းဒိန်းခုန်၊ ပါးစပ်က အာစေးထည့်ထားသလို ပြောမထွက်၊ တိုးရစ်က တစ်လုံးချင်း အသံအကျယ်ကြီး ထွက်ပြောတာကိုလည်း နားမလည်၊ အင်း- အဲ လုပ်ရင်း ကိုယ်ပြောချင်တာက တစ်မျိုး၊ တစ်ကယ် ညွှန်ပြလိုက်တာက တစ်ခြားနဲ့ ဧည့်သည် လည်း ရောက်ချင်ရာရောက်။ နောက်ပိုင်း သွေးအေးသွားသည့်အချိန်ပြန် စဉ်းစားလိုက်မှ ငါ ဒီလို ပြောလိုက်ရင်ရတာပဲ။ ဘာဖြစ်လို့ အဲဒီလိုပြောဖို့ သတိမရခဲ့ရတာလဲ ဟု မကြေမချမ်းနှင့် ကိုယ့်ကိုယ်ကို ပြစ်တင်ရသည့်အဖြစ်မျိုး ကြုံဖူးကြမည် ထင်ပါသည်။
မိမိတစ်ယောက်တည်း မဟုတ်ပါ။ စာသင်သားအများစုဖြစ်ပါသည်။ အင်္ဂလိပ်စကားကို သွက်သွက်လက်လက်နှင့် ကိုယ်ပြောတာကို သူများနားလည်၊ သူများပြောတာကိုလည်း ကိုယ်ကနားလည် ဖြစ်ချင်ပါက အောက်ပါနည်းလမ်းများက မိမိဆန္ဒများကို ဖြည့်ဆည်း ပေးနိုင်ပါလိမ့်မည်။

အင်္ဂလိပ်ဘာသာစကားကို ဘာကြောင့်တတ်ချင်ရတာလဲ

အင်္ဂလိပ်စာသင်ကြားပေးနေတဲ့ ဆရာတစ်ဦးအနေနဲ့ ဒီမေးခွန်းကို သင်တန်းသား များစွာကို အကြိမ်ပေါင်းများစွာ မေးခဲ့ဖူးပါတယ်။ အများစုကတော့ အင်မတန်ယျေဘုယျ ကျတဲ့ အဖြေ ကိုပဲပေးတတ်ကြပါတယ်။
”အင်္ဂလိပ်လိုပြောတတ်ချင်လို့” ”I want to speak English.”

”အင်္ဂလိပ်စာတိုးတက်ချင်လို့” ”I want to improve my English.”

”အင်္ဂလိပ်စာက နိုင်ငံတကာသုံးဘာသာဖြစ်လို့” ”... because English is an international language.”

နည်းနည်းလေးတိုးတက်တဲ့ တပည့်တွေကတော့ . . .

”အလုပ်အတွက်လိုအပ်လို့” ”I need it for my job.”

”ပညာရေးအတွက် လိုအပ်လို့” ”I need it for my study.”

ဒီအဖြေတွေမှားသလားဆိုတော့ မမှားပါဘူး။ ဒါပေမယ့် မပြည့်စုံပါဘူး။ အင်္ဂလိပ်စကားကို ပြော တတ်ချင်လို့ ဆိုတဲ့သူကို ဘာလို့ပြောတတ်ချင်ရတာလဲ။ ဘယ်လိုပြောချင်တာလဲ၊ ဘာအတွက် ပြောမှာလဲ၊ ဘယ်နေရာမှာပြောမှာလဲ၊ ဘယ်လောက်ပြောတတ်ချင်တာလဲ စတဲ့မေးခွန်းတွေ ဆက်မေးလျှင်တော့ ရေရေရာရာမရှိဘဲ ဟိုလိုလိုဒီလိုလိုအဖြေတွေသာ ရတတ်ပါတယ်။

ဒါကြောင့် ဘာဖြစ်လို့ အင်္ဂလိပ်စကားပြောချင်ရတာလဲဆိုတာကို မိမိကိုယ်မိမိသိအောင် ဦးစွာ လုပ်သင့်ပါတယ်။ ရည်ရွယ်ချက်အပေါ်မူတည်ပြီး လေ့လာရမည့် နည်းစနစ် ကွဲပြားသွား နိုင်ကြောင်းသဘောပေါက်ထားရမှာဖြစ်ပါတယ်။

နိုင်ငံခြားကိုဈေးသွားဝယ်မယ့်သူတစ်ယောက်အတွက်သင်ခန်းစာနဲ့ ကျောင်းသွားတက်မယ့် ကျောင်းသားတစ်ယောက်ရဲ့ အင်္ဂလိပ်ဘာသာစကားစွမ်းရည် လိုအပ်ချက် ဘယ်လိုမှ မတူနိုင်ပါဘူး။ ဒီလိုပဲ ၄င်းစွမ်းရည်တွေ တတ်ကျွမ်းအောင် လေ့ကျင့်သင်ကြားရမည့်နည်းနာ တွေလည်း ကွဲပြားမည်ဆိုတာ သိသာလှပါတယ်။

မိမိကိုယ်မိမိ ယုံကြည်ရဲဝံ့ပါ။

စကားပြောရခြင်း၏ အခြေခံအကျဆုံးနှင့်အဓိကအကျဆုံး ရည်ရွယ်ချက်သည် “ဆက်သွယ်ခြင်း” သတင်းပေးဖို့ /ယူဖို့ အတွက်ဖြစ်သည်။ (communication purpose) မိမိအင်္ဂလိပ်လို ပြောတတ်ကြောင်း ကြွားဝါဖို့မဟုတ်၊ ဂုဏ်ယူဖို့ မဟုတ်။ (စာဖတ်သူအနေဖြင့် ခေတ္တရပ်၍ စဉ်းစားကြည့်ပါ။ မှန်သည်ဟုယူဆပါက ဆက်ဖတ်ပါ။)
ကိုယ်ပြောတာ၊ ရေးတာမှန်သမျှ အကောင်းဆုံးဖြစ်ချင်လျှင် ရှိတ်စပီးယားထံမှာ သင်ယူပါ။
            သင်ဟာ ရှိတ်စပီးယားမဟုတ်ပါ။ မတ်တွိန်းမဟုတ်ပါ။ ဂျက်လန်ဒန်မဟုတ်ပါ။ ဂျိန်းအော်စတင် မဟုတ်ပါ။

သင်သည် သာမန် အင်္ဂလိပ်စာလေ့လာသူတစ်ဦးသာဖြစ်သည်။ သူတို့ကဲ့သို့ အပြောင်မြောက် ဆုံးစကားပြေ သို့မဟုတ် အပြောစကားမျိုး ဖန်တီးရန်သင့်မှာ တာဝန်မရှိပါ။ သင့်မှာ မှားနှိုင်ခွင့် ရှိပါသည်။ မှားမှာကို မကြောက်ပါနှင့်။ အမှားတွေ့ဖူးမှ အမှန်ကိုသိပါမည်။ အမှားကို ကြောက်နေပါက သင်ဘာမျှ ဖန်တီးဖို့ သတ္တိရှိမည် မဟုတ်ပါ။ Guiora (1973) ဆိုတဲ့ပညာရှင် ကတော့ ၄င်းဖြစ်စဉ်မျိုးကို ego permeability မရှိခြင်းလို့ခေါ်ပါတယ်။ဒါကြောင့် အင်္ဂလိပ် စကားသွက်သွက် လက်လက် ပြောချင်ရင် လူရှေ့ သူရှေ့မှာ ပြောရဲဖို့အားမွေးထားပါ။

(ချွင်းချက်။ ပင်ကိုယ်က နှုတ်နည်းသူ၊ အရှက်အကြောက်ကြီးသူတွေအဖို့ ကိုယ့်မိခင်ဘာသာ စကားနဲ့တောင် ပြောရဆိုရမှာခက်နေကြတော့ အင်္ဂလိပ်လို ဆိုလျှင်တော့ အင်မတန်ဝန်လေးစ ရာပင်။ ထိုသူများအတွက်တော့ သီးခြားရေးပါမည်။)

မှန်ဖို့အဓိကလား သွက်ဖို့အဓိကလား (Accuracy vs Fluency)
တက္ကသိုလ်က အင်္ဂလိပ်စာ ကထိကတစ်ယောက်။ စာရေးလျှင်တစ်လုံးမှမှား၊ စကားပြောလျှင် တော စာတစ်ကြောင်းပြောဖို့ မနည်းစဉ်းစားပြီးထစ်ငေါ့ထစ်ငေါ့ပြောရသည်။ (မယုံမရှိပါနှင့်။ ကျွန်တော့် ကိုယ်တွေ့ပါ)

သံရုံးမှာလုပ်သည့် ထမင်းချက်တစ်ယောက်။ စာတစ်လုံးမှ မတတ်။ အင်္ဂလိပ်လို ပြောလျှင်တော့ လျှောကနဲ။ တက္ကသိုလ်ဆရာက ထမင်းချက် ပြောသမျှ သဒ္ဒါနည်းလမ်း မကျဟုထင်သည်။ တကယ်လည်း မှားနေသည်။ ဒါပေမယ့် သူက မှားပေမယ့် သွက်သည်။ သူ့စကားကို တစ်ဖက် လူနားလည်သည်။ ဟိုဆရာကတော့ မမှား။ ဒါပေမယ့် မသွက်။ ထစ်ငေါ့နေတော့ သူပြောသမျှ စကားကို ဆက်စပ်စဉ်းစားပြီးနားလည်ဖို့ တစ်ဖက်လူမှာ စိတ်မရှည်၊ နားမလည်။ နောက်ဆုံးတော့ ဆက်သွယ်ရေးမအောင်မြင် (communication breakdown) ဖြစ်ရတော့တာပေါ့။


သွက်ဖို့ အဓိကလား၊ မှန်ဖို့ အဓိကလားဆိုတာ သင်ကိုယ်တိုင်ရဲ့ အင်္ဂလိပ်ဘာသာကို အသုံးချ ရမည့် အခြေအနေအပေါ် မူတည်ပြီးသာ ဆုံးဖြတ်ရပေမည်။

ကျွန်တော်၏အယူအဆအရဆိုလျှင် စကားပြောရာမှာ သွက် ဖို့ကအရင်ဖြစ်သင့်ပါသည် (fluency first)။ မှန်ဖို့ကနောက်မှ လိုက်သင့်ပါသည်(Accuracy later)။ စာရေးလျှင်တော့ မှန်ဖို့နှင့်တိကျဖို့က အရေးအကြီးဆုံးဟု ၀န်ခံပါသည်။ ဒီနေရာမှာ ပြောချင်တာ တစ်ခုက သွက်သွက်လက်လက်ပြောတတ်ခြင်းဆိုတာ ကိုယ့်နောက်က ကျားလိုက်သလို စကားကို အသက်မရှူဘဲပြောချင်းမဟုတ်ပါ။ ကိုယ်ပြောချင်တာကို သဒ္ဒါနည်းအရ မှားနေသော်လည်း နားထောင်သူ နားလည်အောင် အထစ်အငေါ့မရှိ ပြောတတ်ခြင်းကိုဆိုလိုပါတယ်။

အင်္ဂလိပ်စကားပဲပြောပြော၊ မြန်မာစကားပဲပြောပြော၊ မိခင်ဘာသာစကားကို ပြောသူများ သဒ္ဒါ နည်းမကျသည့်ဝါကျများကိုပြောနေကြသည်မှာအဆန်းမဟုတ်ပါ။ ”I don’t want no money” ကဲ့သို့ double negative များကို ဟောလီးဝုဒ်၏နာမည်ကြီးသရုပ်ဆောင်များ ပြောနေကြပါ သည်။ ကျွန်တော်တို့လည်း ”ဥက္ကဌကြီးအား မိန့်ခွန်းပြောကြားပေးပါရန်......” ဆိုသည့် စကားအမှားကို ပြောလွန်း၍ ကြည့်မရသည့် မြန်မာစာဌာနက နေ့တိုင်း မြန်မာစာ မြန်မာစကား ဆိုသည့်အစီအစဉ်ကို ရုပ်မြင်သံကြားတွင် ထုတ်လွှင့်နေရသည်မဟုတ်ပါလော။
ထို့ကြောင့် မိခင်ဘာသာစကားကို ပြောသူများပင် သဒ္ဒါ အမှား ပြောမိသည်ဆိုပါက ကျွန်တော် တို့လို နိုင်ငံခြားဘာသာအဖြစ် သင်ယူသူများအတွက် အမှားဆိုတာ ကြောက်စရာတစ်ခု မဖြစ်သင့်ပါ။
ဒီလိုပြောလို့လည်း မှားချင်မှားပါစေ။ ကိုယ်ပြောချင်တာအရမ်းကာရော လျှောက်ပြောရလျှင် ပြီးရောလို့ မတိုက်တွန်းပါဘူး။

ကျွန်တော်တိုက်တွန်းချင်တာက ပြောရဲဖို့ကပထမ၊ ပြောရင်းနဲ့ မှားသွားတာကို သိပြီး နောက်တစ်ခါထပ် မမှားတော့အောင် အမှန်ကို ပြောတတ်ဖို့ အဓိက (Broken English to Spoken English) ဆောင်ပုဒ်ကို ကျင့်သုံးစေချင်ပါတယ်။ ပြောပါ။ မှားလျှင်ပြင်ပါ။

စကားထောက် (fillers) များသုံးပါ။
စကားလုံးတိုင်းကို ပီပီသသနဲ့ ရေပက်မ၀င်ပြောသည့်စကားကို သင် ကွက်စိပ်ဟောဆရာနှင့် ဇာတ်သဘင်တွေမှာပဲကြားနိုင်ပါလိမ့်မယ်။ တကယ့် အပြောစကားစစ်စစ်မှာတော့ ရပ်တဲ့နေ ရာရပ်၊ စကားထပ်သည့်နေရာထပ်၊ အမှားပြန်ပြင်သည့်နေရာပြင် စသည်ဖြင့် ပြောကြရတာပါ။ BBC World Service ကထုတ်တဲ့ Better Speaking ဆိုတဲ့စာအုပ်ကလေးထဲက ဥပမာတစ်ခု ကိုလေ့လာကြည့်ပါ။

“This was my dream, all my life and ... er... you know.... to serve for the match, suddenly I have a match point out of nowhere, you know.... I came here, nobody even talked about me and now I’m holding this trophy. And it’s, it’s just.... this support today is like ... er.... I mean....I was..... er... three times in the final but this, this is just unbelievable, this is too good... . ”

ဒါဟာ တကယ့်အပြင်မှာပြောတဲ့အင်္ဂလိပ်စကားပါ။ သဒ္ဒါမမှန်တဲ့ဝါကျ၊ မပြည့်စုံတဲ့ဝါကျ၊ ပါပေမယ့် ဒီလိုပဲပြောကြတာပါ။ ချရေးထားတဲ့စာကြောင်းတွေကိုရွတ်ပြနေတာမဟုတ်ပါဘူး။ နောက်ပြီး er တို့ you know,  I mean တို့ စတဲ့ fillers လို့ခေါ်တဲ့စကားလုံးလေးတွေနဲ့ ထောက် ပြီးနောက်ပြောမယ့် စကားအတွက် စဉ်းစားချိန်ယူသွားတာတွေ့ရပါလိမ့်မယ်။

ဒါကြောင့် စကားသွက်ဖို့အတွက် fillers တွေကို သူ့နေရာနှင့်သူ နည်းလမ်းတကျ သုံးတတ်ရန် လေ့ကျင့်ရပါမယ်။

စကားလုံးအသုံးအနှုန်းကို သူ့အတွဲနှင့်သူလေ့လာပါ။
Learn a language in chunks ဆိုတဲ့ ဘာသာစကားလေ့လာမှုဆိုင်ရာ အဆိုအမိန့်လေးကို သဘောကျလို့ ထည့်ရေးလိုက်ပါတယ်။ နိုင်ငံခြားသတင်းတွေ နားထောင်တော့ “coming up next...”, “thank you for watching...” စတဲ့စကားတွဲလေးတွေကို ကြားဖူးကြပါလိမ့်မယ်။ နားထောင်တာ များလာတော့ နားလည်လာတတ်ပါတယ်။ ဒီလိုစကားလုံးတွဲတွေကို chunks ကိုခေါ်ပါတယ်။ ၄င်းကဲ့သို့ စကားလုံး အတွဲလေးတွေကို လေ့လာမှတ်သားထားပါက မိမိပြောဆိုဖို့လိုအပ်တဲ့အခါမှာ စာလုံးတစ်လုံးချင်း စဉ်းစားစရာမလိုဘဲနဲ့ အလွယ်တကူ အသုံးပြုနိုင်ပါလိမ့်မယ်။ အမှားအယွင်းလည်းနည်းသွားတာပေါ့။
နောက်တစ်ခုက collocation လို့ခေါ်တဲ့ အတူတကွ တွဲဖက်သုံးစွဲရတဲ့ စကားလုံးတွေကိုလည်း မှတ်သားထားရပါမယ်။ do your homework လို့ပဲသုံးလေ့ရှိပြီး make your homework လို့မသုံးပါဘူး။ do နဲ့ make က ပြုလုပ်သည်။ အတူတူပဲလို့ မြန်မာလိုစဉ်းစားပြီး အင်္ဂလိပ်လိုဘာသာပြန်လိုက်ရင် မှားပေလိမ့် မည်။      
(ဆက်ဆွေးနွေးပါမည်)
အားလုံးကိုလေးစားလျက်
ဇာနည်(My Way)
ဒီနေရာက ကူးယူ ဖော်ပြပါတယ်။