Tuesday, January 11, 2011

我 的 同學們 ကျောင်းနေ သူငယ်ချင်း

 ကျောင်းနေဖက်များ

ခုတလော ကျောင်းမှာ တောင်အမေရိကား ကျောင်းသားတွေက တနေ့တခြား များလာသည် ထင်၏။ စုံစမ်းကြည့်တော့ သူတို့က ဒီမှာ စကော်လာရသည်-တဲ့။ အကြောင်းကတော့ ထိုင်ဝမ်ကို အဲဒီနိုင်ငံတွေက သီးခြား နိုင်ငံအဖြစ် အသိအမှတ်ပြုလို့-ဟု ဆိုသည်။

ထိုကျောင်းသားအုပ်စုထဲ ရောက်သွားလျှင်ဖြင့် မျက်စိရော နားရော အကုန် လည်ထွက်သွားနိုင်သည်။ သူတို့ကား ဘာသာစကားကို အစုံသုံး၍ ပြောနေကြသည်လေ။ ပထမ အင်္ဂလိပ်လို ပြောလိုက်၊ တော်ကြာ တယောက် စပိန်လို ကောက်မေးလိုက်၊ တခါ ပေါ်တိုလို ပြန်ဖြေလိုက်၊ တခါတခါ တရုတ်လို ညှပ်ပြောလိုက်နှင့်။ တကယ် ရှုပ်ရှက်ကို ခပ်လို့။

ဆရာမက ထိုင်ဝမ်ကို ဘယ်လို မြင်ပါသလဲ-လို့ မေးတော့ အာဂျင်တိုင်းသူတယောက်က ဒီမှာ တယောက်နဲ့ တယောက် သိပ် စိမ်းတာပဲ။ လှိုက်လှဲလှဲ နှုတ်ဆက်တာလဲ မတွေ့ရဘူး။ အချင်းချင်း တွေ့ကြရင် ပြုံးရုံ ပြုံးပြ ၊ နိဟောင် ဆိုပြီး နှုတ်ဆက်တာပဲ ရှိတယ်-ဟု ဆိုပါသည်။

ဟုတ်လဲ ဟုတ်ပေသည်။ တရုတ်တို့က ပြုံးပြကာ တယောက်ယောက်က “နိဟောင်”ဆိုပါက ကိုယ်က ပြန်ပြီး ဟောင်လိုက်ရုံသာ။ ရွှေတွေကတော့ သိဖူး မြင်ဖူးပြီးသားဖြစ်လျှင် “ အဟဲ” ဆိုရုံဖြင့် ရသည်။ ဘိုတွေကတော့ How do you do? ဟု ဆိုကာ ဘာကို ကိုင်ခဲ့မှန်းမသိသည့် လက်ကြီးကို ကမ်းပေးသည်။ နောက်တယောက်ကလည်း ကမ်းပေးသော လက်ကို ကိုင်ကာ How do you do? ရုံနှင့် ကိစ္စပြီးလေသည်ကိုး။ အိမ်သာက အဆင်း ဗမာလို ဒုတ်ခညောင်းနှင့် ကုန်းခဲ့လျှင်တော့ အကြောင်းမဟုတ်။ တရုတ်လို စက္ကူသုံးလျှင်လဲ နဲနဲ တော်ပေဦးမည်။ ဟိုလူတွေလို ရေလောက်နှင့်သာ ကိစ္စဖြတ်ခဲ့လျှင်တော့ နှုတ်ဆက်ပြီးချိန်တွင် မိမိလက်ကို နဲနဲတော့ စနည်းနာ ကြည့်ဖို့ လိုမည် ထင်၏။

စပိန်ယဉ်ကျေးမှုထွန်းကာရာ သူတို့ဆီမှာတော့ ယောက်ျားလေးနှင့် မိန်းကလေး တွေ့ဆုံကြလျှင် တယောက်က လက်နှစ်ဖက်ကိုကားလို့ ရင်ခွင်ကို ဖွင့်ပေးလိုက်၏။ တယောက်က ရင်ခွင်ထဲ ၀င်လာသည်။ ပယ်ပယ်နယ်နယ်ဖက် ရင်ချင်းအပ် ပါးချင်း ဘယ်ပြန်ညာပြန်ကပ်ပြီး နှုတ်ဆက်ကြသည်လေ။

သူတို့ဆီက အေးသည့်အချိန်က များတော့ ထိုယဉ်ကျေးမှုက ဆင်ပြေပေလိမ့်မည်။ ထိုင်ဝမ်လို နေရာမျိုးတွင် နွေရာသီဖြစ်ပါက ချွေးတလုံးလုံးဖြင့် နှုတ်ဆက်ကြရရှာသည်။ သည်ပုံကို မြင်ရတော့ သူတို့ အစား ပိုစပ်ပူလောင် ခံစားရ၏။ ရွှေမြန်မာတွေလို အင်္ကျီ အိပ်ကပ်ထဲ တိုလီမုတ်စတွေသာ ထည့်လာခဲ့မိရင် ဟိုတယောက် ရင်နာတော့မှာပဲ ဟု မဆီ မဆိုင်တွေးမိပြန်သည်။

အတန်းထဲမှာ သူတို့နှင့် Classmate ဖြစ်ခဲ့သည်။ သို့သော် သူတို့ ယဉ်ကျေးမှုထဲမှာတော့ စီးမျောခွင့် မရခဲ့ပါ။ ဖြစ်ခဲ့သော Classmateများမှာ တချို့လဲ အမှတ်ထင်ထင်။ တချို့လဲ ဖာသိဖာသာ။ တချို့ကျပြန်တော့ တရင်းတနှီးရှိလှသည်။

ကျောင်းသူတယောက်ကိုတော့ အတော်ကို အမှတ်ထင်ထင် ရှိနေဆဲ။ မျက်လုံးက ညိုလဲ့လဲ့ မျက်နှာပုံနဲ့ အရပ်အမောင်းကစလို့ မြန်မာနဲ့ ချွပ်စွပ်။ ပထမ စတွေ့တော့ မြန်မာမလေးများ ဖြစ်နေမလားလို့ အထင်ရောက်မိသေးသည်။ တကယ်တော့ မဟုတ်ပါ။ အဖေက ထိုင်ဝမ်သား။ အမေက ဂျာမန်။ အင်း ဘယ့်နှယ် မွေးလာတဲ့ ကလေးကျပါမှ ဗမာရုပ်ပေါက်နေပါလိမ့်။ နာမည်လေးကို မေးကြည့်တော့ အိရို-တဲ့။

ရင်းနှီးတော့မှ သူမအကြောင်း သူမ မိသားစုအကြောင်း တော်တော်လေး သိလိုက်ရသည်။ ဂျာမနီသူတယောက် ထိုင်ဝမ်မှာ တရုတ်စကားသင်ရင်း ထိုင်ဝမ်သားတယောက်နဲ့ ညား။ သမီးတယောက် မွေး။ ပြီးတော့ နယ်လုကြသည်။ ထိုင်ဝမ်သားကလဲ ရာသီဥတုကစလို့ ထိုင်ဝမ်က ကောင်းသည်၊ ဂျာမန်သူကလဲ နိုင်ငံတကာဆက်ဆံရေးမှာ ဂျာမနီကပိုပြီး အိနြေ္ဒရသည်- စသဖြင့်။ သည်လိုနှင့် နယ်လုကြရင်း သူတို့ နှစ်ယောက် လမ်းခွဲခဲ့ကြသည်-တဲ့။

အဲဒီအချိန်မှာ အိရိုကတော့ မအေနဲ့ အတူ ဂျာမနီကို ပါသွားခဲ့သည်။ နှစ်တွေ ကြာလာတော့ ထိုင်ဝမ်သားက ထိုင်ဝမ်သူတယောက်နဲ့ အိမ်ထောင်သစ် ထူ။ ဂျာမန်သူကတော့ နောက်တယောက် မယူတော့ပါဘူး-တဲ့။

ခု နင်ဘယ်မှာ တည်းသလဲ ဆိုတော့ ဖေဖေတို့ အိမ်မှာပေါ့-တဲ့။ ပြီးတော့ သူ့ဖေဖေ မိသားစု အကြောင်း သူ့ဖေဖေအကြောင်းတွေကို ရွှန်းရွှန်းဝေနေအောင် ပြောပြသည်။ အိရိုကို ကြည့်ရသည်မှာ သူမ ဖေဖေကိုလဲ အပြစ်မမြင်။ ချစ်ခင်လေးစားသည့်ပုံသာ တွေ့ရ၏။

သူ့သမီးကို ဒီလို ပုံစံနှင့် ကြီးပြင်းလာအောင် ထိမ်းသိမ်း စောင့်ရှောက်၍ သူ့ဖခင်အပေါ် သည်လို သဘောထားတွေ ဖြစ်လာအောင် သင်ပေးခဲ့သည် အိရိုမေမေကို လေးစားမိသည်။

သည်အကြိမ် ထိုင်ဝမ်ကို ပထမဆုံးအကြိမ် လာတာလား ဆိုတော့ မဟုတ်ပါ-တဲ့။ ကြားထဲမှာ အချိန်ရရင် ရသလို သူ့မေမေက ထိုင်ဝမ်ကို ပို့ပေးခဲ့သည်။ ရည်ရွယ်ချက်ကတော့ ဖခင် မေတ္တာကို ရစေချင်လို့ လို့ ဆိုပါသည်။

ခုတခါ ထိုင်ဝမ်ကို သူမလာခြင်းသည် တကယ်တော့ တရုတ်စာသင်ဖို့ မဟုတ်။ သူက တရုတ်လို အတော်လေး ပြောတတ်ဆိုတတ် ရှိနေပါပြီ။ ဂျာမဏီမှာ အထက်တန်း အောင်ပြီးပြီ။ မကြာခင်မှာ တက္ကသိုလ် တက်ရပေတော့မည်။ တက္ကသိုလ်မတက်ခင်မှာ အဖေနဲ့ အတူတူ ကြာကြာ နေဖူးအောင် သူမမေမေက စီစဉ်ပေးတာပါ-တဲ့။ တကယ်ပဲ သူမဖေဖေ၏ မိသားစုနှင့် 6 လလောက် အတူနေသွားခဲ့သည်။

သူ့တို့ ယဉ်ကျေးမှုမှာ အရာရာသည် အနတ္တ-ဟု သွန်သင်မှု မရှိပေမင့် သမီးတယောက် လူသားဆန်စွာ မေတ္တာငွေ့ အပြည့်အ၀ ရရေးအတွက် သူတို့၏ အတ္တကို နှိမ့်ချနိုင်သူတွေ အဖြစ် မုဒိတာ ပွားမိတော့သည်။

ရွှေပြည်ကြီးက ပုဂ္ဂိုလ်တွေမှာတော့ အရာရာဟာ အနတ္တပါ-လို့ တဖွဖွ ရွတ်ဆိုနေကြရင်း မိမိတို့၏ အတ္တကို ရှေ့တန်း တင်လွန်းသည် ထင်၏။ အတ္တကို ရှေ့တန်းတင်လျှင် အယောင်ဆောင်တို့၏ လှည့်ပတ်မှုကို ခံရမြဲ ဖြစ်သည်။

အတ္တသည် ရှေ့တန်းသို့ ရောက်လာသောအခါ သံယောဇဉ်က မေတ္တာအယောင်ဆောင်လာသည်။ မေတ္တာအယောင်ဆောင်တတ်သော သံယောဇဉ်၏ ဒဏ်ကို သားသမီးများက ဘ၀နှင့် ရင်းပြီး ခံကြရရှာသည်။


အိရိုလေး ကံကောင်းပါသည်။ မိဘနှစ်ဦးစလုံးက အရာရာသည် အနတ္တ-ဟု သိကောင်းမှ သိပေမည်။ သို့ပေမင့် အတ္တကို ရှေ့တန်းမတင်ခဲ့ကြတာ သေချာပါသည်။ ထိုအခါ  သံယောဇဉ်သည် မေတ္တာ အယောင်မဆောင်နိုင်တော့။ စစ်မှန်သော မေတ္တာသည်သာ သူတို့အတွက် ဖြစ်လာခဲ့သည်။


စစ်မှန်သော မေတ္တာတွေနှင့်သာ ဘ၀ခရီး ဆက်နိုင်ကြပါစေ။

Monday, January 3, 2011

ချန်ဂီ အကျဉ်းသား


မလေးမှာ နေရင်း ပြန်မဲ့ ရက်ကို တွက်ကြည့်တော့ ဒီဇင်ဘာ 28 နေ့လည် 11 နာရီ ချန်ဂီရောက် 1 နာရီ ထိုင်ဝမ်လေယာဉ် ထွက်ဆိုတော့ အကိုက်ပဲပေါ့လေ။ ကြားထဲမှာ နှစ်နာရီတောင် ခြားထားတာဆိုတော့ အဆင်ပြေမှာပါပေါ့။ စီစဉ်သူ မိတ်ဆွေများကတော့ စိတ်ပူကြတယ်။ သူတို့ ဒေသ သူတို့ လေယာဉ်အခြေအနေကို သူတို့ ပိုပြီး သိတယ် မဟုတ်လား။ ခုချိန်က မလေးမှာ မိုးရာသီဖြစ်ပြီလေ။ လေယာဉ်ချိန်က နောက်ကျတာ များသတဲ့။

အဲဒါနဲ့ မိတ်ဆွေများက 27 ရက်နေ့မှာ မလေးကနေ စင်္ကာပူပြန်ဖို့ လေယာဉ်လက်မှတ် တခု စီစဉ်ပေးကြတယ်။ သူတို့ စိတ်ကူး 27-ရက်နေ့ စင်္ကာပူသွား။ ဟိုမှာ တစ်ည အိပ်။ 28-ရက်နေ့ နေ့လည်မှ အေးအေးဆေးဆေး ထိုင်ဝမ် ပြန်ပေါ့။ အင်းးး သူတို့ စိတ်ကူးနဲ့ သူတို့တော့ ဟုတ်လို့။ ဒီက မောင်မှာသာ စင်္ကာပူဗီဇာ မရှိလို့ ငေါင်နေရတာ။

သူတို့က စေတနာနဲ့ စီစဉ်ပေးကြတာဆိုတော့လဲ မပြောသာဘူးပ။ မပြောသာပေမယ့်လဲ ပြောတော့ ပြောလိုက်ရတယ်။ ငါ့မှာ စင်္ကာပူ ဗီဇာမရှိတော့ လေဆိပ်မှာ ညအိပ်ရုံပေါ့-လို့။ ဟယ် Arrival Visa ယူပြီးဝင်ပေါ့-တဲ့။ ဟှင်း ဟှင်း ဟှင်း။

မနှစ်က ဗီယက်နမ်ရောက် ရွှေမြန်မာတစ်ယောက်က ဗီယက်နမ် စတေးရှောင်ချင်တယ်။ ထိုင်ဝမ်ကို လာရှောင်လို့ ရမလား-တဲ့။ ကိုယ်က နောက်လိုက်မိသေးတယ်။ ရတာပေါ့-လို့။ သူက အားတက်သရောနဲ့။ ဆိုပါအုံး-တဲ့။

အဲ မောင်ရင့်မှာ အမေရိကန် Green Card- တော့ ရှိဖို့လိုတယ်။ အနှီဟာသာရှိရင် အေးဆေးပဲ၊ ဘယ်နေရာသွားသွား ၆ လ ဗီဇာရတယ်- လို့။ ခုလဲ ၀ဋ်လည်ပြီလား မဆိုနိုင်။ ကိုယ့် ပတ်စပို့အကြောင်း ကိုယ်ပဲ ကောင်းကောင်းသိတာဆိုတော့လဲ ဒီအတိုင်းပဲ ခံရုံပ။

ဆိုတော့ကာ သူတို့ပဲ စင်္ကာပူကို ဆက်သွယ်ပြီး ဘယ်လို လုပ်လိုက်သည် မသိပေါ့လေ။ အဲသည်နည်းနဲ့ အီးဗီဇာ ရလိုက်ပါတယ်။ ရတဲ့ အနှီ E Visa ဆိုသဟာလေးကို ပရင့်ထုတ်ပြီး လက်ထဲ လာထည့်ပေးတော့ ကောင်းလှောင်းတေး ကောင်းလှောင့်တေးပေါ့။

အဲသလိုနဲ့ 27 ရက်နေ့မှာ စင်္ကာပူ ချန်ဂီကို တခေါက် ပြန်ရောက်ရပြန်ပါတယ်။ ဒီတခါတော့ ခပ်တည်တည်ပါပဲ။ ဗီဇာ ဆိုသဟာက အပီပါသကိုးဗျ။ အီးဗီဇာကို ကြည့်ပြီး အင်မီဂရေးရှင်း မမလေး (တရုတ်လို 少姐ကို ထိုက်ရိုက်ဘာသာပြန်တာ) မျက်လုံးကို ထောင်ပြီး နှစ်ခါတောင် ကြည့်ပါတယ်။ ငါ့မျက်နှာ ဘာများ မှားနေပါလိမ့်-ပေါ့။ လူအားလုံး နှာခေါင်းက ဇောက်ထိုးပဲဟာ။ ငါ့ကျမှ ဘာများအထူး အဆန်းလုပ်ကြည့်ပါလိမ့် လို့ အောက်မေ့မိတယ်။

ဗီဇာစာရွက်ပေးပါ-တဲ့။ အမ် ! မမလေး လက်ထဲကဟာ ဗီဇာစာရွက် မဟုတ်လားဆိုတော့။ ဟုတ်သေးဘူးတဲ့။ နောက်တရွက် ရှိရအုံးမယ်-တဲ့။ ခု နင်ပြတာက တရွက်ပဲ။ နောက်တစ်ရွက် ရှိရအုံးမယ် ဆိုပဲ။ လာ၊ ခဏ လိုက်ခဲ့ ဆိုပြီး သူ့ အထက်အရာရှိဆီ ပို့ပေးပါတယ်။

အထက်အရာရှိကလည်း ကြည့်ရှု စစ်ဆေးပြီးသကာလ ဒီမှာ ကြည့် click here ဆိုတာ မြင်တယ်မို့လား။ ဗီဇာပေးတဲ့ Website-မှာ  ဒီနေရာမှာ click လို့ ရောက်သွားတဲ့ နေရာက စာမျက်နှာကို Print ထုတ်ခဲ့ရမှာ။ နင်က အဲဒီစာရွက်မှ မယူခဲ့ပဲ။ အညွှန်းစာရွက်ကိုပဲ Print-ထုတ်ခဲ့တာ တဲ့။ ခဏ လိုက်ခဲ့ပါ ဆိုပြီး အခန်းတခုထဲကို ထည့်လိုက်ပါတယ်။ အသေအချာ ကြည့်မိတော့မှ။ အင်း ပေသားပဲ။ ပထမဆုံးအကြိမ် မြင်ဖူး သုံးဖူးတဲ့E-visa ဆိုတော့လဲ ဘယ် သိနိုင်ပါ့မလဲ။ ကိုယ်တိုင် Print -ထုတ်ရတာဆိုလဲ တမျိုးပ။ အဲဒါဆိုရင်တော့ ကိုယ့်အမှားနဲ့ ကိုယ်။ [ အခုလဲ ကိုယ့်အမှားပါ။ ဗမာပီပီ သက်သာလို သက်သာငြား ကိုယ့်ဖာသာ ဆင်ခြေပေးကြည့်တာ။ ကိုယ့်ဆင်ခြေကို သူတို့က လက်မခံတော့လဲ သူတို့ ပို့တဲ့ အခန်းထဲမှာ သွား နေရသတည်းပေါ့။ ]


(လေဆိပ်အချုပ်ခန်းသို့ ပို့ဆောင်ပေးလိုက်သော မလေးမိတ်ဆွေများ၏ အမှတ်တရ လက်ဆောင်)
 
သူ အပြင်ဖက်ရောက်မှ အပေါ့သွားချင်လို့ အိမ်သာ မေးဖို့ တံခါးကို တွန်းကြည့်ပါမှ အော်- ဒါက အချုပ်ခန်းပေကိုးလို့ သဘောပေါက်တော့တယ်။ အင်းးး အချုပ်ကျမဲ့ ကျတော့လဲ အဆင်မြင့်မြင့် စင်္ကာပူမှာ အချုပ်ကျတာ မဆိုးပါဘူးလေ-လို့ ဖြေတွေ တွေးရမလိုလို။  ယတြာကျေသွားတာပေါ့လို့ တွေးရင်း ပြုံးမိလိုက်သေးတယ်။ အောင့်ရင်း ပြုံးရတာဆိုတော့ အောင့် ပြုံး ခေါ်ရမယ် ထင်ပါရဲ့။

အခန်းထဲ ထည့်တဲ့ အရာရှိ နောက်တခေါက်ဝင်လာတော့ ပြောမိလိုက်တယ်။ နင်တို့ ဗီဇာမပေးချင်လဲနေ၊ ငါ့ကိုတော့ ဒီလို အချုပ်ထဲ မထည့်နဲ့။ ဟောဒီမှာ ထိုင်ဝမ် ဗီဇာ၊ ဟော့ဒီမှာ လေယာဉ်လက်မှတ်၊ မနက်ဖြန် နေ့လည် တနာရီ လေယာဉ်နဲ့ ပြန်မှာ-လို့ ခပ်တည်တည် ဖိန့်လိုက်ရတယ်။ (ရုပ်တည်ကြီးနဲ့သာ ဖိန့်လိုက်ရတယ်။ ကိုယ့်အမှားနဲ့ ကိုယ်ဆိုတော့ မာမာ မဖိန့်ရဲဘူးပ။)

လူကြီးမင်း စိတ်မရှိပါနဲ့-တဲ့။ သူတို့ လိုအပ်တာတွေကို စုံစမ်းနေလို့ အချိန်ကြာသွားတာ ၀မ်းနည်းပါတယ်။ Invitation Letter -ပို့သူဆီ ဆက်သွယ်ပြီး E-visa စာမျက်နှာကို Print ထုတ်ပြီး Fax ပို့ခိုင်းထားပါတယ်။ ခု ရောက်ပါပြီ။ အဲဒါကြောင့်  ဗီဇာ ပေးလိုက်ပါ့မယ်-တဲ့။

ဒီလိုနဲ့ အချုပ်ခန်းထဲကို နာရီဝက်လောက် နေခဲ့ရသတည်း။ အင်းပေါ့လေ။ အချို့ဆိုရင် အိမ်ထောင် ဆိုသဟာတောင် ကျသွားပြီပဲ။ သူတို့မှာ လွတ်ရက်မရှိ။ သံယောဇဉ်နှောင်ကြိုးနဲ့ တည်းနှောင်။  နေပူပူ မိုးရွာရွာ ဘယ်အရာမဆို ရတယ်-တဲ့။ ကိုယ့်မှာတော့ ကိစ္စမရှိ။  လွတ်ရက်က အတိ ရှိနေပြီပဲ။ ပြီးတော့ အဲယားကွန်းနဲ့ ဘာနဲ့။ နေပူပူ မိုးရွာရွာ ဘယ်အရာမဆို လွတ်တယ်။

Saturday, January 1, 2011

စင်္ကာပူမှ မလေးသို့




ချန်ဂီမှာ အင်တာနက်သုံးရတာ အတော်တော့ မြန်ပေသားပဲ။ သုံးတာ နာရီဝက်လောက်ကြာတော့ ကွန်ပြူတာ ပါဝါက နဲလာပါတယ်။ သည်တော့မှာ သြော် ငါ့ကွန်ပြူတာတောင် အတော် ဇရာညောင်းလာပြီပဲ-လို့ သတိထားမိပါတော့တယ်။ အင်းလေ ခင်မျာလဲ ကွန်ပြူတာလား မြောက်ကတည်းက တာဝန်ထမ်းလာတာ ၃နှစ်တောင် အတော်စွန်းပြီ ဆိုတော့ ဒီလောက်တော့ ဇရာလက္ခဏာ ပြရှာပေမပေါ့။

ပါဝါနဲလာလို့ အားသွင်းဖို့ ပလပ်ပေါက်လိုက်ရှာတော့ ဘယ်မှာမှ ရှာလို့မရ။ ထိုင်ဝမ်လေဆိပ်နဲ့ နဲနဲ ကွာပါတယ်။ ထိုင်ဝမ်မှာက Wi-Fi Free မရပေမယ့် ပလပ်ပေါက်တွေတော့ ထားပေးတယ်။ ဖုန်းတွေ အားသွင်းဖို့ ဆိုရင် Charger တွေပါ ထားပေးပါသေးတယ်။ ပိုက်ဆံပေးစရာမလိုပါဘူး။ ဖုံးအမျိုးအစားအလိုက် မော်ဒယ်လ်နံပါတ်အလိုက် စီစဉ်ထားပေးလေတော့ အတော်ကို အဆင်ပြေတာ။

စင်္ကာပူမှာတော့ အဲသလို မဟုတ်။ Transit ခရီးသည်တွေ နားနေခန်းမှာ ပလပ်ပေါက် မရှိ။  မနည်း ပြူးပြဲ ရှာတော့မှ Transit-ခန်းမထဲက ကောင်တာဟောင်းအောက်မှာ ပလပ်ပေါက်တွေကို တွေ့ပါတော့တယ်။ ၀မ်းသာအားရနဲ့ ကောင်တာအောက်ကို လေးဖက်တွားပြီးဝင်။ Charger ကို ထုတ်ပြီး အားသွင်းမယ် လုပ်ပါမှ ပလပ်ပေါက် မတူတာ သတိထားမိတော့တယ်။ သြော် သူ့အပေါက်နဲ့ သူ့ခေါင်းမှ တော်ပေမယ်ကိုး။ စင်္ကာပူ လေဆိပ်မှာ ပါဝါသုံးချင်ရင် ပလပ်ခေါင်းကိစ္စပါ ထည့်စဉ်းစားရတော့မယ်။

ပါဝါမရှိတဲ့ ကွန်ပြူတာကို ပိတ်။ ဖုံးပိစိလေးနဲ့ အင်တာနက်ကို ၀င်ကြည့်ပေမယ့် ကြည့်နေကျမဟုတ်တော့ အဆင်က မပြေချင်။ အဲဒါနဲ့ ဟိုဟို သည်သည် သွားကြည့်ရင်း ကိုသစ်ထွန်းကို သတိရမိသေးတယ်။

ကိုသစ်ထွန်းကို 2007-မှာ ဆုံဖူးတာပါ။ သူ့ ပတ်စပို့ကို ကြည့်မိတော့ နာမည်က ကိုသစ်ထွန်းမဟုတ်တာကို တွေ့မိတယ်။ အကျိုးအကြောင်း မေးကြည့်တော့ ကိုသစ်ထွန်းဆိုတာ သူငယ်ချင်းတွေ ပေးထားတာ-တဲ့။ သူငယ်ငယ်တုံးက အူတူတူ အတတ လို့ ဆိုပါတယ်။ (အမှန်ကတော့ ခု ကြီးသည် အထိ အူတူတူ အတတ) သူငယ်ချင်းတွေက သူ့ကို ရွှေသွေးဂျာနယ်ထဲက ကာတွန်းဇာတ်ကောင် မောင်န လို့ခေါ်ချင်တာပါ။ ခေါ်လို့ မကောင်းတာနဲ့ မောင်နကို ဆွဲတဲ့ ကာတွန်းဆရာ သစ်ထွဏ်းရဲ့ နာမည်ကို သူ့ကို ပေးခဲ့ကြသတဲ့။

ကိုသစ်ထွန်းက ဘိုလို ကောင်းကောင်းမရပေမယ့် နိုင်ငံခြားခရီးသွားဖို့ အခွင့်ကြုံလာပါတယ်။ ရှိစု မဲ့စု ဒေါ်လာလေး ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ဗမာပြည်က ထွက်ခဲ့တာပေါ့။ ပထမဆုံးအကြိမ် နိုင်ငံခြားခရီးစဉ်မှာ တယောက်တည်း ဖြစ်နေခဲ့တယ်။ ထရန်စစ် ဆိုတော့ ဘဏ်ကောက်လေဆိပ်မှာ ၇ နာရီလောက် စောင့်ရသတဲ့။

စောင့်ရင်း စောင့်ရင်း အဲယားကွန်းဒဏ်မခံနိုင်လို့-တဲ့ဗျာ။ Yes သုံးလုံး No သုံးလုံး OKတွေ လှိုင်လှိုင်ကြီး သုံးပြီးသကာလ လေဆိပ်ထဲ နားနေခန်းလေးထဲ ၀င်ပြီး တုံးလုံးလှဲမိပါတယ်။ ပြန်ထွက်တော့ အစိမ်း20 ဆိုလား 25 ဆိုလား ရှင်းခဲ့ရတယ်-ဆိုပဲ။ သူက ပြောသေးတယ်။ "ကိုယ့်လူရယ် ကျုပ်ဖြင့် မချိသွားဖြဲ ဆိုတာ အဲသည်ကျမှ နဖူးတွေ့ ဒူးတွေ့ ကြုံဖူးတော့တာ။"-တဲ့။

ကိုယ်လဲ ကိုသစ်ထွန်းအပေါက်တော့ မရောက်လောက်ပေဘူးလို့ အောက်မေ့ရတာပ။ တောင်သွား မြောက်သွားရင်းနဲ့ သန့်စင်ခန်း ထဲမှာ ကိုယ့်ခေါင်းနဲ့ သင့်တော်တဲ့ ပလပ်ပေါက်တပေါက်ကို တွေ့ပါတယ်။ ရေးထားတာကတော့ မုတ်ဆိတ်ရိတ်စက်များအတွက်သာ-တဲ့။ ဘာရမလဲ။ ဗမာပဲဟာ။ မသိသလို သိသလို ယောင်လည်လည်နဲ့ ကွန်ပြူတာကို အားသွင်းရင်း လက်ကို နှစ်ထပ်သုံးထပ်လောက် ဆေး၊ မျက်နှာမှာ ရှိစု မဲ့စု ၀က်ခြံလေးတွေ ရှာကြံညှစ် ပြီး အချိန်ဆွဲရတာပေါ့။

အတော်ကြာတော့ သန့်ရှင်းရေးအလုပ်သမားတယောက် ရောက်လာပါတယ်။ တောမေးတောင်မေး မေးရင်း သူ့အင်္ဂလိပ်က ထော့နဲ့ ထော့နဲ့ ဖြစ်နေတာ သတိထားမိလို့ တရုတ်လို ရလားဟင်-လို့ မေးမိပါတယ်။ ရတာပေါ့၊ ငါက ပြည်မကြီးက လာတာပဲ-တဲ့။ မင်းရော ဘယ်ကလဲ ဘာညာ မေးရင်း စကားနဲနဲပါးပါး ပြောဖြစ်ပါတယ်။ သူ့လို သန့်စင်ခန်း အလုပ်သမားတယောက်ကို အဖက်လုပ်ပြီး စကားပြောမဲ့ သူမရှိတာလဲ အကြောင်းတခု၊ တရုတ်လို ပြောရတာ ခံတွင်းတွေ့တာလဲ အကြောင်းတခု ဖြစ်ပါလိမ့်မယ် ထင်ပါရဲ့။ သူပြောချင်တာတွေ ပြောရင်း မုတ်ဆိတ်ရိတ်တဲ့ ပလပ်ပေါက်မှာ ကွန်ပြူတာ အားမသွင်းဖို့ မပြောဖြစ်ပါဘူး။ ကိုယ်လဲ မိနစ် ၂၀လောက် အာရိုက်ရင်း အားသွင်းတော့ ကွန်ပြူတာ ဘက်ထရီ အားရှိလေသတည်းပေါ့ကွယ်။

ဘက်ထရီအားရှိပြီ ဆိုမှ အင်တာနက်မှာ လျောက်ကြည့် အီးမေး ပြန်စရာရှိတာလေးတွေ ပြန်။ စင်္ကာပူထဲကို Gtalk-နဲ့ ဆက်သွယ်။ နည်းနည်း ညောင်းတော့ တောင်လျောက် မြောက်လျောက်။ ရေမွှေးအရောင်းဆိုင်လည်း ရောက် 3C-ဆိုင်တွေလဲ ရောက်ပေါ့။ ဘာမှတော့ မ၀ယ်ဖြစ်ပါဘူး။ ညနေစောင်းတော့ မလေးဖက်ကို ညောင်းဖို့ Check in ၀င်။ ကိုယ်စီးရမယ့် ဂိတ်ကိုသွားတော့ လေယာဉ် 1နာရီ နောက်ကျမယ်-တဲ့။ အင်းးး  လေဆိပ်ထဲမှာ 5နာရီလောက် စောင့်ပြီးသား ဆိုတော့ ထူးပါဘူးလေ။ တနာရီ ပိုပြီး စောင့် ဆိုလဲ စောင့်လိုက်ရုံပ။ စောင့်ပြီးတဲ့နောက် လေယာဉ် စီးပြီး မလေးကို ညနေ 7:00 ကျော်ကျော်လောက်မှာ ရောက်ရှိပါတယ်။